ဗြိတိသျှ ဝန်ကြီးချုပ် Gordon Brownရဲ့ အိန္ဒိယ နိုင်ငံ ခရီးစဉ် ဒီနေ့စတင်နေပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရရဲ့ ဒီမိုကရေစီရေး လုပ်ဆောင်ဖို့ကို နှေးကွေးနေတာနဲ့ ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီခရီးမစခင် သောကြာနေ့က အိန္ဒိယမှာရှိတဲ့ ဗြိတိသျှမဟာမင်းကြီး ဆာရစ်ချတ် စတက်ဂ် က ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဆုပေးဒဏ်မပေး မူဝါဒကို ချမှတ်ဖို့ သူ့အနေနဲ့ လိုလားတယ်လို့ ပြောပါတယ်။ အခု မစ္စတာ Brown အိန္ဒိယနိုင်ငံကို ရောက်နေပြီ ဖြစ်တာမို့ မြန်မာ့အရေး နဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်နိုင်မှုအတိုင်းအတာနဲ့ ရှေ့အလားအလာတွေကို အိန္ဒိယအခြေစိုက် မဇ္ဇိမ သတင်းဌာန အယ်ဒီတာ ဦးစိုးမြင့်နဲ့ ဆက်သွယ်မေးမြန်းရာ ဦးစိုးမြင့်က အခုလိုပြောပါတယ်။
“အိန္ဒိယနဲ့ ဗြိတိန်အစိုးရတို့ ဆက်ဆံရေးဟာ အခုပိုမိုကောင်းမွန်လာတာ။ ကောင်းမွန်လာတော့ ဗြိတိန်ဝန်ကြီးချုပ် အိန္ဒိယကိုလာတော့ မြန်မာပြည်အရေးကို ဆွေးနွေးမယ်လို့ သိရတယ်။ ကျွန်တော့်အမြင်ကတော့ မြန်မာစစ်အစိုးရကို အိန္ဒိယကနေ ဖိအားပေးဖို့အတွက် ဗြိတိန်ကနေ တနည်းတဖုံ သူတို့ ဖိအားပေမယ်။ ဒါပေမဲ့ အိန္ဒိယကတော့ မြန်မာပြည်မှာ ဒီမိုကရေစီ တိုးတက်မှုရှိတာလိုချင်တယ်လို့ ပြောတော့ ပြောထားပေမယ့် မြန်မာအစိုးရကရော အိန္ဒိယအစိုးရကရော ဘယ်လောက်အထိ နားထောင်မလဲဆိုတာကတော့ မေးခွန်းရှိတာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းနေတဲ့ အိန္ဒိယနဲ့ တရုတ်တို့လို နိုင်ငံမျိုးတွေကို မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက ဖိအားပေးတာဟာ ကောင်းတယ်။ အခု ဗြိတိန် ဝန်ကြီးချုပ် ကိုယ်တိုင်ကိုက သူတို့ အိန္ဒိယ-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေးမှာတောင် ဒီကိစ္စကို ဆွေးနွေးတယ်ဆိုတော့ ဒါဟာ ကောင်းတယ်ဆိုတဲ့ ရလာဒ်ပဲပေါ့။”
အခု မြန်မာနိုင်ငံထဲကို အိန္ဒိယ နိုင်ငံကနေ လက်နက်အရောင်းအဝယ် မလုပ်တော့ဘူးလို့ ပြောနေတာတွေ ရှိပါတယ်။ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးလာတဲ့ အခါမှာ။ ဒီလက်နက်တွေ အရောင်းအဝယ်လုပ်တဲ့ ကိစ္စကိုရော ဗြိတိန်အစိုးရအနေနဲ့ တိုက်တွန်းမယ်လို့ ယူဆထားပါသလားရှင့်။
“အထူးသဖြင့် အိန္ဒိယနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သူတို့ကတော့ လုပ်လို့ ပိုရတာပေါ့။ မြန်မာပြည်တွင်းမှာ ဘာတွေဖြစ်မယ်ဆိုတာထက် အိန္ဒိယကနေ မြန်မာအစိုးရကို လက်နက် ရောင်းဖို့ ကိစ္စမျိုးတွေ၊ အိန္ဒိယကနေ မြန်မာအစိုးရကို ဖိအားပေးဖို့ ကိစ္စတွေ ဒီလိုကိစ္စတွေတော့ ပိုပြီး ဖြစ်ဖို့ ရှိတာပေါ့။ အခုနောက်ပိုင်းဆိုရင် အိန္ဒိယက မြန်မာကို လက်နက်မရောင်းဘူးလို့ တရားဝင်တော့ မကြေညာဘူး၊ ဒါပေမဲ့ လက်နက်မရောင်းတော့ဘူးဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ အဲဒီကိစ္စတွေကို ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အခါကျတော့ ပိုပြီးတော့လည်း ထိရောက်တယ်။ အဲဒီလို ဖိအားပေးလို့လည်း အိန္ဒိယက လက်နက်ရောင်းတာတွေကို ရပ်ဖို့ပဲရှိတာပေါ့။ အဲဒီလိုမျိုး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာတော့ ဒီလိုမျိုးဆွေးနွေးတာတွေတော့ရတယ်။ ဒါပေမဲ့ မြန်မာပြည်တွင်းမှာ တိုးတက်ပြောင်းလဲဖို့ကိုတော့ အိန္ဒိယကပဲ ဖြစ်ဖြစ်၊ ဗြိတိန်ကပဲဖြစ်ဖြစ် ဘယ်လောက်ပဲပြောပြော၊ ဘယ်လောက်ထိ မြန်မာအစိုးရက လုပ်မလဲဆိုတာပဲရှိတာပေါ့။”
အခုဗြိတိန် အစိုးရဟာ တရုတ်နိုင်ငံကနေပြီးတော့ အိန္ဒိယနိုင်ငံဖက်ကို ကူးလာတာမှာ တရုတ်အစိုးရကိုရော၊ အိန္ဒိယအစိုးရကိုရော အစိုးရနှစ်ရပ်စလုံးနဲ့ ဒီမြန်မာ့အရေးကို
“သူတို့နဲ့ ပြောတဲ့ဆိုတဲ့ ကိစ္စတွေလည်းရှိတယ်။ တရုတ်နဲ့ တွေ့တုန်းကလည်း ပြောတယ်။ အိန္ဒိယနဲ့ တရုတ်ကြားမှာလည်း ဒီကိစ္စကို ပြီးခဲ့တဲ့ ကာလတွေထဲမှာလည်း ပြောတာဆိုတာတွေရှိတယ်။ အထူးသဖြင့်တော့ အိန္ဒိယနဲ့ တရုတ်က မြန်မာအစိုးရနဲ့ ဆက်ဆံရေး ကောင်းတဲ့အခါကျတော့ နှစ်နိုင်ငံ အတွင်းမှာ ဘယ်လိုမျိုး မြန်မာ့အရေးကို ကိုင်တွုယ်မလဲဆိုတာ နားလည်မှုရထားဖို့ ကောင်းတာပေါ့။ အခုချိန်ထိတော့ နားလည်မှုတစုံတရာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာပြည်အတွင်းမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီးတော့ သူတို့ တွေ့ဆုံဆွေးနွေးကြတာတွေ ရှိတယ်။ ဒါပေမဲ့ ပြဿနာက အိန္ဒိယရော တရုတ်ကရော မြန်မာအစိုးရကို အရေးဒဏ်ခတ်မဲ့ လုပ်ရပ်တွေကို သူတို့က မလိုချင်ဘူး။ မြန်မာအစိုးရနဲ့ ပျော့ပျော့ပြောင်းပြောင်းပြောဆို ဖြောင်းဖျပြီးတော့ လုပ်နေတဲ့ အတိုင်းအတာပဲရှိတယ်။ အဲလိုမျိုး ဖြောင်းဖျပြောဆိုတာက မြန်မာပြည်တွင်းမှာ မြန်မာအစိုးရက ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ လုပ်တဲ့ အပေါ်မှာတော့ အကျိုးသက်ရောက်မှုရှိသလဲဆိုတာကတော့ မေးခွန်းထုတ်စရာရှိတယ်လေ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ဗြိတိန်ဝန်ကြီးချုပ်လာတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ လည်း စကားပြောတယ်။ အိန္ဒိယနဲ့လည်း စကားပြောတယ်ဆိုတာတွေကတော့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးကောင်းတဲ့ နှစ်နိုင်ငံကိုတော့ ဖိအားတစုံတရာ ပေးရာရောက်တယ်။ လက်နက်ရောင်းတာတို့၊ ကုန်သွယ်ရေးလုပ်နေတာတို့ ကိစ္စတွေမှာတော့ အတိုင်းအတာတခုအထိ ထိရောက်မှုရှိတယ်။”
ဗြိတိန်ဝန်ကြီးချုပ် Gordon Brown အိန္ဒိယနိုင်ငံကို ပြီးခဲ့တဲ့နှစ်က ဘဏ္ဍာရေး ဝန်ကြီး အဖြစ်နဲ့ သွားခဲ့ဖူးပါတယ်။ အခု ဝန်ကြီးချုပ်အဖြစ်နဲ့ ပထမဆုံးထွက်လာတဲ့ ခရီးစဉ်အတွင်း ကုန်သွယ်ရေးဆိုင်ရာ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာတွေ အပြင် မြန်မာ့အရေးကိုပါ ဆွေးနွေးကြမှာဖြစ်ပါတယ်။