သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေးအတွက် အိန္ဒိယနိုင်ငံက ပိုမိုတွန်းအားပေးရန် ကုလ အထူးအကြံပေးပုဂ္ဂိုလ် ဂမ်ဘာရီ တိုက်တွန်း


မြန်မာနိုင်ငံမှာ နိုင်ငံရေး တည်ငြိမ်ပြီး ငြိမ်းချမ်းမှုတွေ ရရှိအောင် တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွတ်မှုရှိစေဖို့ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေ ရှိစေဖို့နဲ့ နောက်ဆုံး ဒီမိုကရေစီ ပန်းတိုင်စီကို အရောက် လှမ်းနိုင်ကြစေဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စ ဘန်ကီမွန်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်နိုင်ဖို့အတွက် အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ပိုပြီး တက်တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီက တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

မစ္စတာ ဂမ်ဘာရီက အိန္ဒိယနိုင်ငံအပါအ၀င် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဒီသတင်းပတ်ထဲမှာ ခရီးထွက်ဖို့ ရှိတာကြောင့် သူ့ရဲ့ ခရီးစဉ် အကြိုအဖြစ်နဲ့ အိန္ဒိယနိုင်ငံ အင်ဒီရုပ်မြင်သံကြားသတင်းဌာနကနေ မစ္စတာ ဂမ်ဘာရီကို မြန်မာ့အရေးတွေ့ဆုံ မေးမြန်းထားတာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမေးမြန်းခန်းထဲက တချို့ကို ကောက်နုတ်တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြိုးပမ်းချက်တွေကို အရင်က သိပ်ပြီးတော့ အားတတ်သရော ထောက်ခံတာတွေ မတွေ့ရပေမယ့် မစ္စတာ ဂမ်ဘာရီ အိန္ဒိယနိုင်ငံကို ခရီးနှစ်ခေါက်ရောက်ခဲ့ပြီးတဲ့နောက်မှာ ပြောင်းလဲလာတယ်လို့ မစ္စတာဂမ်ဘာရီက ပြောပါတယ်။ စစ်တွေ ဆိပ်ကမ်းတည်ဆောက်ရေး ကိစ္စမှာ အိန္ဒိယနိုင်ငံက အကူအညီတွေ ပေးနေသလို ဒီထက်မက မြန်မာနိုင်ငံအတွက် ပိုပြီး အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးရေး အထမြောက်ဖို့ ကိစ္စမှာလည်း ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်ကို ထောက်ခံအားပေးဖို့ လိုတယ်လို့ မစ္စတာ ဂမ်ဘာရီက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စတဲ့ ကဏ္ဍတွေမှာ အိန္ဒိယနိုင်ငံက စိတ်ဝင်စားတဲ့ ကိစ္စ၊ မြန်မာနိုင်ငံရဲ့ နယ်စပ်မှာ အိန္ဒိယအစိုးရကို ပုန်ကန်ခြားနားနေတဲ့ သူပုန်တွေကို မြန်မာစစ်အစိုးရက တိုက်ထုတ်ပေးတဲ့ကိစ္စ စသဖြင့် အပြန်အလှန် အကျိုးစီးပွားတွေအတွက် အိမ်နီးချင်းတွေ အဆင်ပြေအောင် ဆက်ဆံကြရတယ်ဆိုတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးဆိုတဲ့ ဘုံရည်မှန်းချက်ကတော့ ဒီမိုကရေစီ အထွန်းကားဆုံး အိန္ဒိယနိုင်ငံက ထည့်သွင်းစဉ်းစားရလိမ့်မယ်လို့ မစ္စတာ ဂမ်ဘာရီက ထောက်ပြပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ဒီမိုကရေးစီထွန်းကားတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေထက် ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်တဲ့ မြန်မာနိုင်ငံနဲ့ မိတ်ဖက်တွေအဖြစ်ဆက်ဆံနိုင်ပြီး ပိုပြီးတော့ အကျိုးရှိလိမ့်မယ်ဆိုတာ ယုံကြည်တဲ့အကြောင်း မစ္စတာ ဂမ်ဘာရီက ဝေဖန်ပြောဆိုသွားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိပါရဲ့လားလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရတဲ့ မစ္စတာဂမ်ဘာရီကို အိန္ဒိယရုပ်မြင်သံကြားသတင်းဌာနက မေးမြန်းခဲ့ပါသေးတယ်။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ပြောလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းမာတယ်။ မဆွေးနွေးချင်ဘူး။ ဆက်ဆံရခက်တယ်ဆိုတဲ့အချက်တွေ မမှန်ဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတယ်လို့လည်း မစ္စတာ ဂမ်ဘာရီက ထောက်ပြသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရနဲ့ ပြောဆို ဖို့ အဆင်သင့်ရှိနေတဲ့အကြောင်းကိုလည်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားတယ်လို့လည်း သိရပါတယ်။ စစ်အစိုးရခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ သက်သက်မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေအားလုံးရဲ့ အကျိုးစီးပွားအပါအ၀င် အချိန်ကာလအတိုင်းအတာတခုသတ်မှတ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးဖို့လည်း ပြောဆိုထားပါတယ်တဲ့။ သဘာဝသယံဇာတ ပေါကြွယ်ဝလှတဲ့ မြန်မာနိုင်ငံ ကို ဒဏ်ခတ်မှုတွေကြောင့်မို့ အထီးကျန်တဲ့ နိုင်ငံအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က မရပ်တည်စေလိုပါဘူးတဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပြီးတော့ စည်းလုံးညီညွတ်တဲ့ နိုင်ငံအဖြစ်နဲ့ရော နိုင်ငံတကာကလေးစားလောက်တဲ့ နိုင်ငံအဖြစ်နဲ့ပါ ရပ်တည်တာကို ဒေါ်အောင်ဆန်းစုကြည်က တွေ့မြင်လိုတယ်ဆိုတဲ့ အကြောင်းကိုလည်း မစ္စတာ ဂမ်ဘာရီက ပြောဆိုသွားပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကို မှန်ကန်တဲ့ လမ်းကြောင်းဘက်ကို ဦးတည်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိပ္ပါယ်ရှိရှိ ပါဝင်ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးသင့်တယ်ဆိုပြီးလည်း မစ္စတာဂမ်ဘာရီက အလေးအနက်ပြောဆိုသွားပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ အကြား ဆက်ဆံရေးမှာလည်း ရည်ရှည်တည်တဲ့ အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုဟာ ငြိမ်းချမ်းပြီးတည်ငြိမ်တဲ့ ဒီမိုကရေစီထွန်းကားတဲ့ မြန်မာနိုင်ငံ အဖြစ်ရပ်တည်နိုင်အောင် အားပေးဖို့ ဖြစ်တယ်လို့ ကုလသမဂ္ဂက အခိုင်အမာ ယုံကြည်တဲ့အကြောင်း မစ္စတာ ဂမ်ဘာရီက ပြောဆိုလိုက်ပါတယ်။ အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အနေအထားကို ချိန်ခွင်းလျာ ညှိနေရတာမို့ မြန်မာ့နိုင်ငံရေးကို အင်တိုက်အားတိုက် ပါဝင်သင့်သလောက် မပါဝင်ဘဲ လက်ရှောင်နေရတဲ့အပြင် တဖက်ကလည်း ဖိအားတွေ ပေးနေပြန်ရင် မြန်မာ ဗိုလ်ချုပ်ကြီးတွေကို တရုတ် နိုင်ငံလက်ထဲကို တွန်းပို့နေသလို ဖြစ်မှာ စိုးရိမ်နေတာတွေ့ရတယ်လို့ မစ္စတာ ဂမ်ဘာရီ သုံးသပ်သွားပါတယ်။ ဘာပဲပြောပြော မြန်မာ့ အရေးဟာ တရုတ်နိုင်ငံအနေနဲ့ပဲ ဖြစ်ဖြစ် အိန္ဒိယနိုင်ငံအနေနဲ့ပဲဖြစ်ဖြစ် အာစီယံနိုင်ငံတွေအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားမဟုတ်ဘဲနဲ့ မြန်မာပြည်တွင်းက မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားပဲဖြစ်ပြီးတော့ ဘိုနေမြဲ ကျားနေမြဲ လက်ရှိအနေအထားအတိုင်း ရည်ရှည်ဆက်သွားဖို့ မဖြစ်တော့ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီက ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG