သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် သမ္မတလောင်းများ ပြတ်ပြတ်သားသား မပေါ်ထွက်သေး


နီဗားဒါးပြည်နယ်မှာ ကျင်းပတဲ့ ဒီမိုကရက် ပါတီရဲ့ ကိုယ်စားလှယ်ရွေးချယ်ပွဲမှာ အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန် (Hillary Clinton) က အနိုင်ရနေချိန်မှာ South ကယ်ရိုလိုင်းနား ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရီပတ်ဘလီကန်ပါတီရဲ့ ပါတီ ကိုယ်စားလှယ် အကြိုရွေးချယ်ပွဲမှာလည်း စနေနေ့က အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း (John McCain) က အနိုင်ရခဲ့ပါ တယ်။ ဒါပေမဲ့လည်း အခုထိတော့ သမ္မတအမည် တင်သွင်းဖို့အတွက် ယှဉ်ပြိုင်နေကြတဲ့ ပါတီနှစ်ခုစလုံးရဲ့ ပြိုင်ပွဲရလဒ်တွေက တော့ ဘယ်သူဖြစ်တယ်ဆိုတာကို သိသိသာသာ ပေါ်ထွက်မလာသေးပါဘူး။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် ဘရိုင်ယန်ဝဂ်နာ (Brian Wagner) က သတင်းပေးပို့ခဲ့ပါတယ်။

အစောပိုင်း နယူးဟမ်ရှဲပြည်နယ်နဲ့ မီချီဂန်ပြည်နယ်တွေမှာ အနိုင်ရခဲ့တဲ့ ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးလှုံ့ဆော် ပွဲတွေကို အခု နီဗားဒါးပြည်နယ် အောင်ပွဲက ထပ်ပေါင်းပေးလိုက်ပါပြီ။ ဒီရလဒ်ဟာ ဟီလာရီကလင်တန်နဲ့ အထက်လွှတ်တော်အမတ် ဘရက်ခ် အိုဘားမား (Barack Obama) တို့အကြား ခက်ခက်ခဲခဲ တိုက်ယူရတဲ့ တိုက်ပွဲရဲ့ နောက်ဆက်တွဲရလဒ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ ဒီပွဲမှာ ဟီလာရီကလင်တန် က နီဗားဒါးပြည်နယ်မှာ အရေးပါလှတဲ့ အလုပ်သမားအစည်းအရုံး တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဆက်ဆံရေးညွှန်မှူး ဟောင်းဝဒ် ဝို့လ်ဖ်ဆန် Howard Wolfson ကလည်း နီဗားဒါး ပြည်နယ်က ဟီလာရီကလင်တန်ကို မဲပေးထောက်ခံသူတွေဟာ ဟီလာရီကလင်တန်ရဲ့ စီးပွားရေးတင်ပြချက်ကို စိတ် ဝင်စားခဲ့ကြတာ ဖြစ်တယ်လို့ CBS ရုပ်မြင်သံကြားမှာ ပြောဆိုခဲ့ပါတယ်။

“ဟီလာရီကလင်တန် က ထူးထူးကဲကဲ ကို အနိုင်ရခဲ့တာပါ။ အနိုင်ရတဲ့အကြောင်းကလည်း သူမ က စီးပွားရေး ပြန်ဦးမော့လာအောင် အထောက်အပံ့ငွေကို ဖြည့်သွင်းပေးဖို့ အစီအစဉ်ရှိနေတဲ့အတွက် ဖြစ်ပါတယ်။”

နီဗားဒါးပြည်နယ်မှာ အိုဘားမား အနိုင်ရရေး ကြိုးပမ်းခဲ့ကြတဲ့ မဲဆွယ်စည်းရုံးရေး အရာရှိတွေကလည်း ဟီလာရီ ကလင်တန်ကို ထောက်ခံသူတွေ ပိုများလာနေချိန်မှာ အိုဘားမား က ဒီမိုကရက်ပါတီရဲ့သမ္မတအမည်တင်သွင်းရေးမှာ ရရှိဖို့ လိုအပ်တဲ့ ကိုယ်စားလှယ် အရေအတွက်ထက်ကို ပိုပြီး ရခဲ့တယ်လို့ ဆိုကြပါတယ်။

အိုဘားမားရဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေးဗစ် အဆဲလ်ရော့ဒ် (Daive Axelrod) က ပြိုင်ပွဲဟာ ပြီးဆုံးဖို့ လိုပါသေးတယ်လို့ CBS ရုပ်မြင်သံကြားမှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီပြိုင်ပွဲက ဆက်ရှိဦးမယ်လို့ ကျနော်ထင်ပါတယ်။ ဒါက အနိုင်အဆုံးမရှိသေးတဲ့ ပြိုင်ပွဲတခုပါ။ ကယ်ရိုလိုင်းနား ပြည်နယ်မှာ ဆက်ပြိုင်ရဦးမှာပါ။”

အာဖရိကနွယ်ဖွား အမေရိကန်တွေ အများစုနေထိုင်တဲ့ ဒီ South ကယ်ရိုလိုင်းနား ပြည်နယ်မှာ လာမယ့်စနေနေ့ ကျင်းပမယ့် ဒီမိုကရက်ပါတီရဲ့ ပါတီကိုယ်စားလှယ် အကြိုရွေးကောက်ပွဲမှာ အိုးဘားမားအနေနဲ့ အကောင်းဆုံး စွမ်းဆောင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူ တွေက ဆိုနေကြပါတယ်။

ရီပတ်ဘလီကန်ပါတီဘက်မှာတော့ အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ ဂျွန်မက်ကိန်း ရော၊ မစ်တ်ရွမ်နီ ပါ စနေနေ့က အနိုင်ရခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တောင်ပိုင်းက တခြားပြည်နယ်တွေမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေကျရင် ဂျွန်မက်ကိန်းအတွက် အဓိက ထောက်ခံမှု အချက်ပြဖို့ မျှော်လင့်ခြင်းခံရတဲ့ ကယ်ရိုလိုင်းနားပြည်နယ် ရီပတ်ဘလီကန်ပါတီကိုယ်စားလှယ် အကြိုရွေးကောက်ပွဲမှာ ဂျွန်မက်ကိန်း က အာကန်ဆော ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက် ဟက်ကာဘီ ကို အနိုင်ရခဲ့တာပါ။ ရွမ်နီ ကတော့ နီဗားဒါးမှာ ကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ်ရွေးချယ်ပွဲမှာ မဲအရေအတွက် များများနဲ့ အနိုင်ရခဲ့တာပါ။ ဒါကြောင့် နီဗားဒါး မှာ သူဟာ တဦးတည်းသော ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် မက်ကိန်း က စနေနေ့က သူ့အောင်မြင်မှုဟာ ရီပတ်ဘလီကန်ပါတီထောက်ခံသူတွေရဲ့ သူ့အပေါ် ကျယ်ကျယ် ပြန့်ပြန့်လက်ခံလာတာကို ပြသခဲ့တာဖြစ်တယ်လို့ CNN ကို ပြောဆိုခဲ့ပါတယ်။

“ကယ်ရိုလိုင်းနားပြည်နယ် တောင်ပိုင်းတခုလုံးမှာကို ထောက်ခံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျနော် ရရှိခဲ့တာပါ။ ရှေးရိုးစွဲဝါဒီတွေ၊ အစွန်းမရောက်သူတွေ၊ လစ်ဗရယ်တွေရဲ့ အပြည့်အ၀ ထောက်ခံမှုရခဲ့တာပါ။ ဒီရလဒ်အတွက် ကျနော်တို့ အရမ်းကို ဝမ်းသာကြရပါတယ်။”

သူ့ရဲ့ စီးပွားရေး အတွေ့အကြုံကို အလေးပေးဖို့ ကြိုးပမ်းတဲ့ အမတ် ရွမ်နီ ကလည်း အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ သူ့ရဲ့အတွေ့အကြုံ က သူ့ကို ကူညီပါလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

“သူတို့က အနည်းဆုံး ၂၅ နှစ် သို့မဟုတ် နှစ် ၃၀ လောက် တကယ့်စီးပွားရေး အတွေ့အကြုံ ရှိတဲ့ပုဂ္ဂိုလ်မျိုးကို လိုချင်တယ်ဆိုရင်တော့ အဲဒီလူဟာ ကျနော်ပဲ ဖြစ်မယ်ထင်ပါတယ်။”

ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုစလုံးရဲ့ သမ္မတအမည်တင်သွင်းရေး ပြိုင်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းတွေက နောက်ဆုံးမဲတွေက အရေးကြီး ပေမဲ့လည်း မဲပေးကြမယ့် ပြည်နယ်တွေ တော်တော်များများလည်း ကျန်နေပါသေးတယ်ဆိုတာကို လက်ခံကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG