သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ် ဂမ်ဘာရီ ကို မြန်မာပြည်အမြန်ဆုံး ပြန်သွားခွင့်ပြုရေး တရုတ်လိုလား


မြန်မာစစ်အစိုးရနဲ့အတိုက်အခံ နိုင်ငံရေး အင်အားစု တွေကြားမှာ စစ်မှန်တဲ့တွေ့ဆုံ ဆွေးနွေးရေးတွေ ပေါ်ပေါက်လာရေး

ဝိုင်းပြီး ကြိုးပမ်းပေးနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အထူး ကိုယ်စားလှယ်ကြီး မစ္စတာ အီဗရာဟင် ဂမ်ဘာရီ ကို မြန်မာပြည် နောက်တကြိမ် ပြန်လာဖို့အရေး အမြန်ဆုံး ခွင့်ပြုပေးဖို့ တရုတ်အစိုးရကနေ တိုက်တွန်း ဆော်သြလိုက်ပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာ့အရေး ကြိုးပမ်းအားထုတ် နေတာတွေကို တရုတ်အစိုးရ ဘက်ကနေ အားပေးထောက်ခံ နေပါတယ် လို့လည်း တရုတ်နိုင်ငံခြားရေ းဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျန်ယူး Jiang Yu က ဒီကနေ့ ဘေဂျင်းမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တခုမှာပြောဆိုခဲ့တာပါ။ မစ္စတာဂမ်ဘာရီရဲ့ မြန်မာပြည်ကို သွားမယ့် နောက်တကြိမ် ခရီးစဉ်အတွက် ရက်သတ်မှတ်ပေးရေး၊ အချိန်ဇယားကိစ္စ မြန်မာစစ်အစိုးရနဲ့ မစ္စတာဂမ်ဘာရီ အကြား ဆက်သွယ်မှုတွေ ကောင်းကောင်းရပြီး အဆင်ပြေလိမ့်မယ်လို့ သူတို့မျှော်လင့်နေတယ်လို့ တရုတ်ဘက်က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီဟာ မြန်မာပြည်ကို အခုလကုန်ပိုင်းမှာ ထပ်သွားချင်နေတာပါ။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က ဧပြီလလောက်ကျမှ လာဖို့ မစ္စတာဂမ်ဘာရီ ကိုပြောဆိုနေတာပါ။ မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နဲ့ တရုတ်နိုင်ငံတော် ကောင်စီဝင် တန်ဂျီယန်ရွှန် Tang Jiaxuan တို့ မနေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ အဲဒီတုန်းက ဦးမောင်မြင့် ကနေ မြန်မာပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ဒီမိုကရေစီ ဖေါ်ဆောင်ရေး လုပ်ငန်းတွေကို ကြိုးပမ်းလုပ်ဆောင်နေကြတဲ့ အကြောင်း တရုတ်ဘက်ကို ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရ ဘက်ကတော့ မြန်မာပြည်ကို တည်ငြိမ်တဲ့ တိုင်းပြည်တခု အနေနဲ့၊ ဒီမိုကရေစီ ထွန်းကားပြီးတော့ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတခုအနေနဲ့ မြင်ချင်တယ်လို့ ပြောနေပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ဖိအားတွေပေးပြီး စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်တာတွေဟာ အလုပ်မဖြစ်ဘူးလို့ တရုတ်ဘက် က ယူဆတဲ့အကြောင်းပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG