သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပြိုလဲမည့်အရေးကာကွယ်ရန် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းများ လျှော့ချ


အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးကျ
ဆင်းမှု ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ကမ္ဘာ့
ဈေးကွက် ကသောင်းကနင်းဖြစ်နေတဲ့အချိန်
မှာ အမေရိကန်ဗဟိုဘဏ် က အတိုးနှုန်းတွေ
ကို လျှော့ချပစ်လိုက်ပါတယ်။ အမေရိကန်
ပြည်ထောင်စုမှာ စီးပွားရေးဖွံ့ဖြိုးမှုကို လှုံ့ဆော် ပေးတဲ့အနေနဲ့ စီးပွားရေးပြန်နိုးထစေမယ့် အထောက်အကူတွေကို မြန်မြန်ဆန်ဆန်
ဆောင်ရွက်ကြဖို့ သမ္မတဘုရှ်အစိုးရအဖွဲ့က
ထပ်ပြီးတော့ တိုက်တွန်း ပြောကြားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက်
Michael Bowman ပေးပို့ထားတဲ့ သတင်း
ဆောင်းပါးကို ဒေါ်အေးသန္တာကျော်က အစီရင်ခံထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ပြီး ကတည်းကဆိုရင်တော့ အခုတခေါက် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းလျှော့ချမှုက အများဆုံး လျှော့ချပစ်လိုက်တာပါ။

ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေပြီးတော့ အလုပ်လက်မဲ့နှုန်း မြင့်မားမှုတွေ၊ အိမ်ယာမြေ ဈေးကွက် မခိုင်မာ
မှုတွေနဲ့ ကြုံနေရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဘဏ်အချင်းချင်း ညတွင်းချင်း ချေးငှားမှုရဲ့ အတိုး နှုန်းကို
ဝ.၇၅% လျှော့ချလိုက်ပြီးတော့ ဗဟိုဘဏ်အတိုးနှုန်း ၃.၅% သတ်မှတ်ဖို့ အမေရိကန် ဗဟိုဘဏ်အရာရှိတွေ တနင်္လာနေ့ညပိုင်းက ဆံးုဖြတ်ခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်အားလပ်ရက်ဖြစ်တဲ့ တနင်္လာနေ့မှာ
အမေရိကန်ဈေးကွက် ပိတ်ထားတဲ့အချိန်အတွင်း အာရှ၊ ဥရောပကအစ တောင်
အမေရိကနိုင်ငံတွေအထိ ကမ္ဘာတလွှားက ဘဏ္ဍာငွေကြေးဈေးကွက်တွေ ထိုးကျခဲ့
ပါတယ်။ အင်္ဂါနေ့မှာတော့ အမေရိကန်အစိုးရအရာရှိတွေက ဘယ်လိုအရေးယူမှုမျိုးမှ မဆောင်ရွက်ရသေးခင် ကမ္ဘာတလွှားက ဈေးကွက်အများအပြား အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြ
ရပါတယ်။

အတိုးနှုန်းတွေ နည်းသွားပြီဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ စားသုံးသူတွေအနေနဲ့
ပစ္စည်းတွေဝယ်ယူဖို့၊ ပြီးတော့ တခြား စီးပွားရေးကို အထောက်အကူပြုစေမယ့် လုပ်ငန်း ရပ်တွေအတွက် အသုံးပြုဖို့ ငွေကြေးချေးယူရာမှာ လွယ်ကူမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအတိုးနှုန်းလျှော့ချပေးတဲ့ အကျိုးအမြတ်ကို ခံစားရ နိုင်ဖို့ အချိန် လချီပြီးတော့
လိုအပ်တယ်လို့ Standard and Poor ဆိုတဲ့ လူတဦး တယောက်စီရဲ့ ငွေကြေးချေးငှား
မှု အခြေအနေနဲ့ပတ်သက်ပြီးတော့ စောင့်ကြည့် အကဲဖြတ်တဲ့အဖွဲ့က စီးပွားရေး
ပညာရှင် David Weiss က အခုလိုပြောပါတယ်။

“စီးပွားရေးမှာ ပြဿနာတခုရှိတာက ဗဟိုဘဏ်က အလုပ်လုပ်တာတွေဟာ နောက်
ကိုးလကြာမှ အကျိုးခံစားနိုင်မယ့် ကိစ္စပါပဲ။ အဲဒီအချိန်ကျရင် စီးပွားရေး ဆုတ်ယုတ်မှု
ကြီးက ပြီးသွားလောက်နိုင်ပါတယ်။ အခုလို အတိုးနှုန်းလျှော့ချလို့ တော့ စီးပွားရေး ပြန် နာလံထူတဲ့အခါ အထောက်အကူဖြစ်စေနိုင်ပါတယ်။ သူက အခုအချိန်မှာတော့ စီးပွား
ရေး ဆုတ်ယုတ်မှုဖြစ်တာကို မတားဆီးနိုင်ပါဘူး။”

ဒီအတောအတွင်းမှာပဲ အမေရိကန်အစိုးရကတော့ စီးပွားရေးပြန်ပြီးထူထောင်လာဖို့ အထောက်အပံ့တွေ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြဆဲပါ။ အမေရိကန်စားသုံး
သူတွေရဲ့ သုံးစွဲနိုင်မှုကို မြှင့်တင်ပေးနိုင်မယ့်၊ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုတွေကို တိုးမြှင့်
ပေးနိုင်မယ့် အထောက်အပံ့တွေ အကောင်အထည်ဖော် ပေးဖို့ လွှတ်တော်အနေနဲ့ အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ ဘဏ္ဍာ ရေးဝန်ကြီး Henry Paulson က တိုက်တွန်းနေပါတယ်။

“ကျနော်တို့ တခုခုလုပ်မှရပါမယ်။ ရေတိုကြုံတွေ့ရတဲ့ အခြေအနေတွေက အလားအလာမကောင်းတာ အသိသာကြီးပါ။ ကျနော်တို့ စီးပွားရေးအခြေအနေကို
အဖတ်ဆည်ဖို့ ကျနော်တို့ဘက်က မြန်မြန် တန်ပြန်ဆောင်ရွက်နိုင်လေ ကောင်းလေ
ဆိုတာ ပိုသိသာလာပါတယ်။ စီးပွားရေးကြီးထွားဖို့အတွက် ဥပဒေ တရပ် အမြန်ဆုံး ပြဌာန်းနိုင်အောင် ဒီမိုကရက်နဲ့ရော၊ ရီပတ်ဘလီကန်နဲ့ပါ အတူ တကွ လုပ်ကိုင်နိုင်ကြဖို့ သမ္မတဘုရှ်က အသင့်အနေအထားမှာ ရှိပါတယ်။ ဒီမှာ အချိန်က သိပ်အရေးကြီးပါ
တယ်။ ကျနော်တို့ စီးပွားရေးစနစ်အတွက် အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေဟာ မြန်ဆန်
ရမယ်၊ ခိုင်ခိုင်ခန့်ခန့်ရှိရမယ်၊ ကျယ်ပြန့်ရမယ်၊ ယာယီသဘောဆောင်ရပါမယ်။“

မစ္စတာပေါ်လ်ဆန် အမေရိကန်ကုန်သည်ကြီးများအသင်းများ ပြောခဲ့တာပါ။

စီးပွားရေးကို တွန်းအားပေးနှိုးဆွမယ့် အထောက်အပံ့တွေမှာ များသောအားဖြင့် အစိုးရ အသုံးစရိတ်ကို မြှင့်တင်ပေးတာ ဒါမှမဟုတ် အခွန်လျှော့ချပေးတာ ဒါမှ မဟုတ် နှစ်မျိုး
စလုံ းပါဝင်လေ့ရှိပါတယ်။

အခုဆိုရင် အတိုးနှုန်းကို အများကြီးလျှော့ချပစ်လိုက်တာ စီးပွားရေးကိုနှိုးဆွမယ့် အထောက်အပံ့တွေလုပ်ဆောင်ကြဖို့ တောင်းဆို တိုက်တွန်းနေတာတွေကို ကြည့်မယ်
ဆိုရင်တော့ အမေရိကန်အစိုးရက ရှေ့ကြုံတွေ့ရမယ့် စီးပွားရေးခရီးကြမ်းအတွက် ပြင်ဆင်နေတဲ့လက္ခဏာပဲလို့ အများက ယူဆကြပါတယ်။

ဒါပေမယ့်လည်း အထိတ်တလန့်ဖြစ်စရာ မရှိပါဘူးလို့ ဘဏ္ဍာရေးဝန်ကြီး ပေါ်လ်ဆန်
ကပဲ ပြောပါတယ်။

“ကမ္ဘာ့စီးပွားရေးရဲ့ နောက်ကွယ်ကစွမ်းအားတွေကို ကျနော်ယုံကြည်ဆဲပါ။ အမေရိကန်စီးပွားရေးပုံစံက အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ပါတယ်။ အလုပ်လက်မဲ့နှုန်း
ကလည်း မများလှသေးပါဘူး။ အလုပ်တွေလည်း ဆက်ပြီး ဖန်တည်းပေးနေပါတယ်။
အခြေအနေက ပုံမှန်နှုန်းနဲ့ ဆက်သွားနေတာပါ။ ကျနော်တို့ စီးပွားရေးစနစ်ပုံသဏ္ဌာန်
ကလည်း စိတ်ချရပါတယ်။ ကျနော်တို့ စီးပွားရေးရဲ့ ရေရှည် အခြေခံအချက်အလက်
တွေရဲ့ အခြေအနေဟာ ကောင်းမွန်ပါတယ်။”

ကမ္ဘာကြီးတခုလုံးရဲ့ ချမ်းသာကြွယ်ဝမှုအတွက် ကမ္ဘာဟာ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေကို မှီခို အားထားနေရတယ်ဆိုတဲ့ အတိုင်း အတာကို တရုတ်၊
အိန္ဒိယနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေရဲ့ မြင့်တက်လာတဲ့ စီးပွားရေးက လျှော့ချပစ်လိုက်
ကြတယ်လို့ တချို့စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပေမယ့် အမေရိကန်ပြည်
ထောင်စုကတော့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု အတွက် အဓိက သော့ချက်အဖြစ်
တည်ရှိနေဆဲပါပဲ။

ဒါပေမယ့်ဒီသီအိုရီဟာ အခု အမေရိကန်ရဲ့ စီးပွားရေးကသောင်းကနင်းဖြစ်မှုကြောင့် ပြန်စဉ်းစားစရာ ဖြစ်နေပြီလား သံသယဝင်စရာရှိတယ်လို့ ဗြိတိန်နိုင်ငံထုတ်
The Financial Times သတင်းစာကြီးရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Crystia
Freeland က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးနှေးကွေးမှုနဲ့ ကြုံရတဲ့အခါ ကမ္ဘာ့စီးပွား
ရေးကို ဆွဲတင်ထားနိုင်လောက်အောင် တခြားကမ္ဘာ့တိုင်းပြည်တွေရဲ့ စီးပွားရေးက ကြီးမားခိုင်ခန့်ရမယ်ဆိုတဲ့ မျှော်လင့်ချက် လက်တွေ့မှာ ဖြစ်လာတဲ့ပုံ မရှိပါဘူး။
အရင်တုန်းက ပြောကြတာရှိပါတယ်။ အမေရိကန်ကြီး နှာချေရင် ကမ္ဘာကြီး အအေးမိ တယ်ဆိုတာလေ။ အခုလည်း ဒီအတိုင်းပဲဖြစ်နေဆဲပုံ ရှိပါတယ်။” လို့ Financial Times သတင်းစာကြီးရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောပါတယ်။

အခုဆိုရင် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းလျှော့ချပေးပေမယ့် အမေရိကန် ဘဏ္ဍာရေးဈေးကွက်တွေ စဖွင့်ဖွင့်ချင်း ဈေးထိုးကျခဲ့တာကို မတားဆီးနိုင်ခဲ့ပါ
ဘူး။ နေ့လည်ပိုင်းလောက်ရောက်တော့ အဆုံးအရှုံးက မနက်ပိုင်းကလောက်
တော့ မပြင်းထန်တော့ပါဘူး။ ဆီဈေးတွေကလည်း ကျဆင်းနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG