သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ခိုက်ရေးသားဟု စွတ်စွဲခံရပြီး ကဗျာဆရာစောေ၀ အဖမ်းခံရ


မြန်မာစစ်အစိုးရ အကြီးအကဲကို တိုက်ခိုက် ဖွဲ့ဆိုထားတယ်လို့ အဓိပ္ပါယ် ထွက်နေတဲ့ ကဗျာတပုဒ်ကို ပြည်တွင်းထုတ် ဂျာနယ်တစောင်အတွက် ရေးစပ်ခဲ့တဲ့ ကဗျာဆရာတယောက်ကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။ ဒီလိုဖော်ပြခဲ့တဲ့ ဂျာနယ်က တာဝန် ရှိသူတွေကို စာပေ စိစစ်ရေးက ခေါ်ယူစစ်ဆေးမှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ်မှာ ရေးစပ်ခဲ့တဲ့ ကဗျာဆရာစောဝေရဲ့ Valentine’s Day ချစ်သူများနေ့ အထိမ်းအမှတ် ကဗျာက မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ထိခိုက်ပြောဆိုထားတဲ့ အဓိပ္ပါယ်ထွက်နေတာကြောင့် ကဗျာဆရာကို အာဏာပိုင် တွေက ထိန်းသိမ်းလိုက်တာပါ။ တနင်္လာနေ့က ထုတ်ဝေတဲ့ အချစ်ဂျာနယ်က
ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ ကဗျာက သာမာန်အချစ်ကဗျာတပုဒ်ဆိုပေမဲ့ ကဗျာရဲ့ ထိပ်ဆုံးစာသားတွေကို စာဖတ်သူ တွေက အဓိပါယ်ကောက်ယူခဲ့ကြတာပါ။ ဒီကဗျာနဲ့ ပတ်သက်လို့ မနေ့တုန်းကတော့ သက်ဆိုင်ရာ အာဏာပိုင်ဖြစ်တဲ့ စာပေစိစစ်ရေးက ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးမြတ်ခိုင်၊ ထုတ်ဝေသူ မောင်ပန်းမွှေးနဲ့အတူ ကဗျာဆရာ စောေ၀ တို့ကို ဆင့်ခေါ်ခဲ့ပြီး နောက်ဆုံး ကဗျာဆရာကို ထိန်းသိမ်း လိုက်တာလို့ ရန်ကုန်မြို့က စာနယ်ဇင်းသမား တဦးက ပြောပါတယ်။

“ဦးစောဝေကတော့ မနေ့က အဖမ်းခံလိုက်ရတာပေါ့။ သူက စာပေစိစစ်ရေးရုံးမှာ ရောက်နေတဲ့ အချိန် လှမ်းခေါ်လိုက်လို့ ရောက်နေတဲ့အချိန်မှာ တခါတည်း ခေါ်သွားတာပဲ။ SB (အထူးရဲ) လို့ ထင်တာပေါ့။ ကျွန်တော်တို့ ဒီနေ့မနက်မှာ ကြားရတာကတော့ အချစ်ဂျာနယ်တွေကို ဆိုင်တွေမှာ လိုက်သိမ်းတယ် လို့ ကြားရတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်လို့ ကြားရတယ်။ ကိုစောဝေကို ဖမ်းတယ်ဆိုတဲ့ သတင်းလဲ ကြားရတာပေါ့။”

ဒီကဗျာကိုဖော်ပြခဲ့လို့ စာပေစိစစ်ရေးက ဆင့်ခေါ်ခံခဲ့ရသူတွေထဲက တဦးဖြစ်တဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင် ကတော့ သူတို့ အနေနဲ့ သာမာန်ကဗျာ တပုဒ်အဖြစ်နဲ့ ဖော်ပြခဲ့တာဖြစ်ပြီး စာပေစိစစ်ရေး က အရေးယူမှုတွေ လုပ်မယ် မလုပ်ဘူး ဆိုတာတော့ အခုအချိန်အထိ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့က ကဗျာလို့ပဲ မြင်တယ်။ ကျန်တာ ဘာမှ အခုချိန်မှာ ပြောစရာ မရှိသေးဘူး။ ကဗျာကို ကဗျာလို့ပဲ မြင်တာပဲ။ ခင်ဗျားတို့လည်း စာဖတ်နေတဲ့ သူတွေပဲ သိမှာပေါ့။ ကျွန်တော်တို့ အယ်ဒီတာ တွေကတော့ ကဗျာကို ကဗျာလိုဖတ်၊ စာပေစိစစ်ရေးမူဝါဒနဲ့ ညီနိုင်လား မညီနိုင်လား ဒါပဲ စဉ်းစား တာပေါ့။ ကဗျာတပုဒ်နဲ့ တော့ ဘဝကို မလဲပါဘူး။ ဒါက ရှင်းရှင်းလေး။”

စာပေစိစစ်ရေးက ကိုမြတ်ခိုင်တို့ကို ခေါ်ပြောတယ်ဆိုတော့ ကိုမြတ်ခိုင်တို့ဘက်က ရှင်းတာလင်းတာ အဆင်ပြေသွားလား။

“ကျွန်တော်တို့ကတော့ ရှင်းပြခဲ့တာပေါ့။ ရလာဒ်ကတော့ မသိသေးဘူး။”

သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိစွန်းတဲ့အခါ စာစောင်ထုတ်ဝေခွင့်တွေကို အပြီးတိုင် ဒါမှမဟုတ်လည်း အချိန်ကာလတခုအထိ ရပ်နားခိုင်းပြီး အရေးယူတာမျိုးတွေ လုပ်လေ့ရှိတာပါ။ အခုဒီလို မြန်မာစစ်အစိုးရ အကြီးအကဲကို ထိခိုက်တယ်လို့ ဆိုတဲ့ ကဗျာဖော်ပြခဲ့တာကြောင့် အရေးယူမှုတွေ တကယ်တမ်း လုပ်မယ် မလုပ်ဘူးဆိုတဲ့အပေါ် ရန်ကုန်မြို့က စာနယ်ဇင်းသမားတဦးရဲ့ အမြင်ကတော့ -

“အရင်တုန်းကလည်း မြန်မာတိုင်းမှာလည်း အလားတူ ကိစ္စမျိုး ဖြစ်ဖူးတယ်။ မြန်မာတိုင်းမှာတုန်းက ကြေညာကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်တယ်။ ပြဿနာဖြစ်တဲ့အခါကျတော့ အယ်ဒီတာ အဖွဲ့က မသိလိုက်တဲ့အတွက် အရေးမယူလိုက်ဘူး။ အခုကျတော့ ကိုမြတ်ခိုင်တို့က ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ရှိတဲ့အခါကျတော့ သူတို့ကို အရေးယူဖို့ ကိစ္စကျတော့ ပြောလို့တော့ မရဘူး။ သူတို့ကတော့ အရေးယူမယ် ဘာညာပြောတာပေါ့။ ဒါပေမဲ့ နောက်ဆုံး ကျတော့လည်း ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ကိုစောဝေကျတော့ အဖမ်းခံလိုက်ရတာပေါ့။ ”

ရန်ကုန်မြို့က စာနယ်ဇင်းသမားတဦး ပြောသွားတာပါ။ အခုလောလောဆယ် အာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့ ကဗျာဆရာစောေ၀ ဟာ အဖြူရောင်သက်တံ့ အမည်ရတဲ့ အိပ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင် ကလေးငယ်တွေအတွက် ရံပုံငွေရှာဖွေတဲ့ လုပ်ငန်းတွေမှာ ဦးစီးဦးဆောင် လုပ်ကိုင်နေသူ တဦးလည်း ဖြစ်ပြီးတော့ လူမှုရေးအဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်နေသူ တဦးလို့လည်း နီးစပ်သူ စာပေအသိုင်းအဝိုင်းက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG