သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းလျှော့ချပေးပြီးသည့်နောက် အာရှစတော့ဈေးကွက်အချို့ပြန်လည် ဦးမော့


အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ကနေ ကမ္ဘာ့ စတော့ဈေးကွက်တွေ ပြန်နလံထူနိုင်အောင် ပံ့ပိုးကူညီခဲ့တဲ့နောက်ပိုင်း အာရှ စတော့ဈေးကွက်မှာ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းက ဆုံးရှုံးခဲ့တာအချို့ကို ပြန်အဖတ်ဆယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စုကနေ အခုလို အတိုးနှုန်းတွေ လျှော့ချပေးတဲ့တိုင် ဈေးကွက်ဟာ တည်ငြိမ်မှုမရှိသေးဘူးလို့ စတော့ဈေးကွက် လေ့လာသုံးသပ်သူတွေက ပြောတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Heda Bayron ဟောင်ကောင်ကနေ သတင်းရေးသားပေးပို့ခဲ့ပါတယ်။ အကြောင်းစုံ ဦးသားညွန့်ဦးက တင်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်ရက်က စတော့ဈေးကွက်ပျက်ပြီး စတော့တွေ စိုးရိမ်တကြီး ရောင်းထုတ် ကြရာကနေ အခုတော့ အခြေအနေ ပြန်တည်ငြိမ်လာစပြုပြီဆိုတဲ့ သဘောနဲ့ အခု ဒီကနေ ဗုဒ္ဓဟူး စတော့ဈေးကွက်စအဖွင့် မိနစ်ပိုင်းမှာပဲ အာရှဈေးကွက်မှာ အများစု အညွန်းကိန်းတွေ ထိုးတက်လာပါတယ်။

အင်္ဂါနေ့ကတော့ အမေရိကန်ဗဟိုဘဏ်ကနေ အတိုးနှုန်းကို တစ်ရာခိုင်နှုန်းရဲ့ လေးပုံ သုံးပုံအထိ လျှော့ချပစ်ခဲ့ပါတယ်။ ဒါဟာ နှစ် နှစ်ဆယ်အတွင်းမှာ အကြီးကျယ်ဆုံး အတိုးနှုန်းလျှော့ချခဲ့တဲ့ နှုန်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလို အတိုးနှုန်းလျှော့ချတာဟာ ရေရှည်ထိရောက်ရှိမရှိ ဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိသေးဘူးလို့ ဟောင်ကောင်က KGI Capital Asia ရဲ့ စီးပွားရေး ဗျူဟာရှင် Ben Kwong က ပြောခဲ့ပါတယ်။

“အမေရိကန်ဗဟိုဘဏ်က အခုလို အတိုးနှုန်းလျှော့ချလိုက်တယ်ဆိုတာ နည်းနည်းတော့ အချိန်နှောင်းနေပြီး ထင်တာပဲ။ ဈေးကွက်က ပိုပြီး မျှော်လင့်ထားတာပါ။ ရေတိုကုစားတာကြောင့်သာ အခုလို စတော့ ရောင်းအား ပြန်တတ်လာတာလို့ ယူဆပါတယ်။ တကယ်တမ်း ဝယ်ယူကြလို့ မဟုတ်ဘူးထင်တယ်။ အခု အဆင့်မှာ ဈေးကွက် ပြန်တည်ငြိမ်လာနိုင် မလာနိုင်ဆိုတာကို ရင်းနှီးမြုပ်နှံသူတွေက စောင့်ကြည့်နေကြတုန်းပဲလို့ ထင်ပါတယ်။”

ဂျပန် Nikkei ကုမ္ပဏီရဲ့ ၂၂၅ အညွန်းကိန်းဟာ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ၉ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပြီးတဲ့နောက်တော့ အခု ဗုဒ္ဓဟူးနေ့မှာ နှစ်ရာခိုင်နှုန်းကျော် ပြန်တတ်လာပါတယ်။ တောင်ကိုရီယားရဲ့ KOSPI စတော့ဟာလည်း တစ်ရာခိုင်နှုန်း ကျော် မြင့်တတ်ခဲ့ပြီး။ သြစတေးလျက S&P/ASX ၂၀၀ ဟာလည်း ၄ ဒဿမ ၄ ရာခိုင်နှုန်းအထိ ပြန်ဈေးတတ်ခဲ့ပါတယ်။

အခုလို အမေရိကန်ဗဟိုဘဏ်ကနေ အင်္ဂါနေ့က အတိုးနှုန်းလျှော့ချပြီး စတော့ ဈေးကွက်ကိစ္စ ဝင်ရောက်ဖြေရှင်းကိုင်တွယ်ခဲ့တာကြောင့် အမေရိကန် စီးပွားရေးက အိမ်ခြံမြေဝယ်ယူဖို့ ချေးငွေတွေပြဿနာဟာ ထင်တာထက် ပိုဆိုးလာနိုင်တယ်လို့ စတောဈေးကွက်လေ့လာသူတွေက ပြောပါတယ်။

အမေရိကန်ငွေကြေးဆိုင်ရာမူဝါဒတွေကို ကိုင်တွယ်တဲ့ အမေရိကန်ပြည်ထောင်စု ဈေးကွက်စီးပွားရေးကော်မတီ အစည်းအဝေး ပြန်ထိုင်ကြတဲ့အခါ လာမယ့် အပတ်ထဲ နောက်ထပ်တကြိမ် အတိုးနှုန်းလျှော့ချမှုလုပ်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်စီးပွားရေးကျဆင်းလာတာနဲ့အတူပဲ ဒေသတွင်းက ရင်းနှီးမြုပ်နှံသူတွေဟာ ကုမ္ပဏီရှယ်ယာတွေကို ရောင်းထုတ်လာကြပါတယ်။ ဒီလို အမေရိကန် စီးပွားရေး ကျဆင်းတာကြောင့် အထူးသဖြင့် အာရှက အမေရိကန် ပို့ကုန်သမားတွေ အတွက်တော့ အတော်လေးကို ထိခိုက်လာတဲ့ သဘောရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG