သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အကျပ်အတည်း ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တိုက်တွန်း


အစ္စရေးနဲ့ ပါလက်စတိုင်းရဲ့ ရှုတ်ထွေးတဲ့ နိုင်ငံရေး ကိစ္စတွေကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့၊ ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဂါဇာကမ်းမြှောင်ရဲ့ အကျပ်အတည်းကို သီးသန့် ဆွေးနွေးနေတဲ့အချိန် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဂျနီဗာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြပေးပါတယ်။

ဂါဇာကမ်းမြှောင်ဒေသအရေးကိစ္စ ဆိုးဝါးလာတဲ့အနေအထားကို မျက်ဝါးထင်ထင် တွေ့လာရတဲ့အတွက် သူ့အနေနဲ့ အထူး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြောဆိုလိုက်တာပါ။

အစ္စရေးအနေနဲ့ ဥပဒေကြောင်းအရ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပိုင်ခွင့်ရှိတာကို သူ့အနေနဲ့ နားလည်တဲ့အကြောင်းနဲ့ ဂါဇာဘက်က ရော့ကက်လောင်ချာတွေနဲ့ ပစ်ခတ်တာကို အစ္စရေးအနေနဲ့ ခုခံကာကွယ်ခွင့် ရှိတယ်ဆိုတာကို နားလည်ပါတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒါပေမယ့်လည်း တချိန်တည်းမှာ အစ္စရေးအနေနဲ့ အရပ်သား ပြည်သူတွေကိုပါ သိမ်းကျုံးပြီး စုပြုံ အပစ်ပေးတာမျိုးတော့ မလုပ်သင့်ဘူးလို့ သူက ပြောပါတယ်။

“စီးပွားရေး အခြေအနေက ဆိုးဆိုးဝါးဝါး ဆုတ်ယုတ် ကျဆင်းနေပါတယ်။ နောက်ပြီး တချိန်တည်းမှာ အစ္စရေးရဲ့ ဘေးကင်းလုံခြုံမှုကို လေးစားဖို့လည်း ထပ်ပြီး ကျနော်တိုက်တွန်းလိုပါတယ်။ ရော့ကက်တွေနဲ့ ပစ်ခတ်တာတွေကို ချက်ခြင်းရပ်ဆဲပေးကြပါ။”

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အသစ် စတင်ဆောင်ရွက်နေတာတွေကို ရေစုံမျောသွားအောင် မလုပ်ဖို့ သတိထားဖို့ လိုတယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

လက်ရှိအခြေအနေမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဂါဇာကမ်းမြှောင်ရဲ့ အကျပ်အတည်းနဲ့ ပတ်သက်လို့ သီးသန့်ဆွေးနွေးပွဲ ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲဟာ ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ စတုတ္ထအကြိမ် အထူး စည်းဝေးပွဲ ကျင်းပတာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပါလက်စတိုင်း အစ္စရေးကိစ္စကို လူ့အခွင့်အရေးကောင်စီက ဦးတည် ဆွေးနွေးတာကို သူ့အနေနဲ့ တန်ဖိုးထားတဲ့အကြောင်း အခြား ကမ္ဘာတဝှမ်း အကျပ်အတည်းတွေနဲ့ ပြဿနာတွေရင်ဆိုင်နေရတဲ့ နေရာတွေကိုလည်း ညီတူညီမျှ အားရုံစူးစိုက်ကြစေလိုတဲ့အကြောင်း ပြောဆိုပါတယ်။

“ကမ္ဘာတဝှမ်း အခြားဒေသက အရေးကိစ္စတွေကိုလည်း အလေးအနက်ထားပြီး လူ့အခွင့်အရေး ကောင်စီအနေနဲ့ အာရုံစူးစိုက် ပေးမယ်ဆိုရင် ကျနော့အနေနဲ့ ကျေးဇူးတင် ဝမ်းမြောက်မိမှာပါ။ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ နေရာတွေ အများအပြား ရှိနေဆဲဖြစ်သလို လူ့အခွင့်အရေးကို ကောင်းကောင်းမွန်မွန်ကာကွယ်မပေးနိုင်တဲ့နေရာတွေလည်း အများကြီးရှိနေဆဲဖြစ်ပါတယ်။”

လူ့အခွင့်အရေးကောင်စီဟာ ဆူဒန်နိုင်ငံ ဒါဖိုးဒေသနဲ့ မြန်မာနိုင်ငံအရေးကိစ္စတွေကိုလည်း သီးသန့် ဆွေးနွေးခဲ့ပါတယ်။

စောစောပိုင်းနေ့ကတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အယ်ဂျီးယီးယား နိုင်ငံမြို့တော် အယ်လ်ဂျီးယားစ် ကုလသမဂ္ဂဌာနချုပ်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ကုလသမဂ္ဂဝန်ထမ်း ဆယ့်ရှစ်ယောက်အတွက် အောင်းမေ့ဖွယ် အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝှမ်း ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့ ရုံးတွေရဲ့ လုံခြုံမှုအတွက် သီးခြားလွတ်လပ်တဲ့ အဖွဲ့ဖွဲ့ပြီး ကျွမ်းကျင်သူတွေနဲ့ ပြန်လည် သုံးသပ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဒီလို အတိုက်ခိုက်ခံရတာတွေကို ဟန့်တားဖို့အတွက် နိုင်ငံတကာ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တိုက်ဖျက်ဖို့ အရေးကြီးတယ်လို့လည်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကပြောပါတယ်။

အယ်လ်ဂျီးယားစ်မှာ ဗုံးခွဲတိုက်ခိုက်မှု ကြုံလိုက်ရပြီးတဲ့နောက် အကြမ်းဖက်မှုကို အဆုံးသတ်တိုက်ဖျက်ဘို့ သန္နိဋ္ဌာန်ချထားတဲ့ ကျနော့ရဲ့ ဆုံးဖြတ်ချက်တွေ ပိုပြီး ခိုင်မာလာခဲ့ပါတယ်။

ဆွတ်ဇလန်နိုင်ငံ ဒါဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့ သွားတဲ့အချိန်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရော်ဝမ်ဒါနိုင်ငံ ၁၉၉၄ ခုနှစ်က လူတွေ အစုလိုက် အပြုံလိုက် သေကြေခဲ့တဲ့ နေရာတွေကို သွားရောက်မယ်လို့ ပြောပါတယ်။ အဲဒီနောက် အာဖရိက သမဂ္ဂ ထိတ်သီး ဆွေးနွေးပွဲ တက်ရောက်ဖို့ Addis Ababaကို သွားရောက်မှာ ဖြစ်ပါတယ်။ ထိတ်သီးဆွေးနွေးပွဲမှာ ဒါဖိုး ဆိုမားလီးယား ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံအရေးကိစ္စတွေနဲ့ Ivory Coast နိုင်ငံအရေးကိစ္စတွေဟာ အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေ ဖြစ်တယ်လို့ အတွင်းရေးမှုးချုပ်က ပြောပါတယ်။

Addis Ababaမှာ ဒါဖိုးဒေသ ငြိမ်းချမ်းရေးအတွက် ထပ်ပြီး တိုက်တွန်းပြောဆိုဖို့အတွက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဆူဒန် သမ္မတ အိုမာလ် အယ်ဘရှားနဲ့ တွေ့ဆုံမယ်လို့မျှော်လင့်ရပါတယ်။

XS
SM
MD
LG