မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းက စစ်အစိုးရအနေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ထပ်မံ ဖမ်းဆီးတာမလုပ်တော့ဘူးလို့ ကတိပေးခဲ့ပေမယ့် ဖမ်းဆီးမှုတွေဟာ ပိုများလာတယ်လို့ အေအိုင် (AI) ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောလိုက်ပါတယ်။
အခုပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေ ဒီနှစ်ဆန်းပိုင်းအတွင်း နိုင်ငံရေး အတိုက်အခံတွေ အတော်များများ ဖမ်းဆီးခံခဲ့ကြရတယ်လို့ အမည်စာရင်းနဲ့တကွ အေအိုင် အဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အေအိုင် အဖွဲ့ကို ဆက်သွယ် မေးမြန်းထားတာကို ဦးသားညွှန့်ဦးက တင်ပြထားပါတယ်။
မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူပေါင်း ဆောင်ရွက်ပ့ါမယ်လို့ ဆိုထားတဲ့ကြားကပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ လူ့အခွင့်အရေးကောင်စီနဲ့ ကမ္ဘာ့အစိုးရတွေ ပြောနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့ နေနေသာ အတိုက်အခံတွေကို ထပ်မံ ဖမ်းဆီးမှုတွေ ရှိနေတယ်ဆိုပြီး အေအိုင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဝေဖန်ပါတယ်။ အေအိုင်အဖွဲ့ရဲ့ အာရှပစိဖိတ်ဒေသ အစီအစဉ် ညွှန်ကြားရေးမှူး ကက်သရင်း ဘာဘာ (Catherine Baber) က ဗွီအိုအေကို အခုလို ပြောပါတယ်။
“မြန်မာစစ်အစိုးရအနေနဲ့က ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်လို့ ပြောထားတဲ့ကြားက အခုလို ဖြစ်လာတဲ့အတွက် အလွန်အမင်းကို စိုးရိမ်မိပါတယ်။ ကုလသမဂ္ဂအနေနဲ့က မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို အစောတလျင် ပြန်လွှတ်ပေးဖို့ အမြဲတမ်း တောင်းဆိုထားပါတယ်။ ဒါပေမယ့် စစ်အာဏာပိုင်တွေက အတော်များများကို ဆက်လက် ဖမ်းဆီးနေပါတယ်။ အခု အေအိုင်က ရရှိထားတဲ့ စာရင်းအရဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက အနည်းဆုံး ၉၅ ဦးကို သူတို့ ဖမ်းဆီးထားပါတယ်။”
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက အကြိမ်ကြိမ် တောင်းဆိုနေတဲ့ကြားက အခုလို ဆက်ပြီး အဖမ်းအဆီးတွေ ဖြစ်နေတာကြောင့် ဒါ နိုင်ငံတကာ ဖိအား၊ ပြောအားတွေက မထိရောက်ဘူးဆိုတဲ့ သဘော ဖြစ်နေသလားလို့ မေးတော့ - နိုင်ငံတကာ ဖိအားတွေက ဒီ့ထက်ကို ပိုပြီး လိုအပ်တာပါလို့ ကက်သရင်းက ပြောပါတယ်။
“နိုင်ငံတကာ ဖိအားတွေ ဆက်လုပ်သွားဖို့ အရမ်း အရေးကြီးတယ်လို့ ထင်ပါတယ်။ မြန်မာအစိုးရကို အရေးယူနေတာတွေ ပိုလုပ်သွားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒပြတာတွေကို အကြမ်းဖက် မကိုင်တွယ်ခင် ကတည်းက လူ့အခွင့်အရေး အခြေအနေက အတော်လေး ဆိုးနေပါတယ်။ အခုဆိုရင် နိုင်ငံရေး လှုပ်ရှားသူ အတော်များများကို ဖမ်းဆီးတာ လုပ်လာပါတယ်။ ဆန္ဒပြတာတွေ မဖြစ်ခင်ကဆိုရင် နိုင်ငံရေးကြောင့် အဖမ်းခံရသူ ၁,၁၀၀ ကျော်လောက် ရှိတာသိပါတယ်။ အခု ဆန္ဒပြပွဲကြောင့်ဆိုရင် လူ ၇၀၀ လောက်ကို ထပ် ဖမ်းပါတယ်။ အခု ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းကဆိုရင်လည်း လူပေါင်း အနည်းဆုံး ၉၅ ယောက်ကို ဖမ်းဆီးခဲ့ပြန်ပါတယ်။”
ဒါဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကိစ္စ ပိုပြီး ထိရောက်ဖို့ဆိုရင် နိုင်ငံတကာ အနေနဲ့ ဘာများ လုပ်စရာကျန်မလဲ၊ ဘာတွေလုပ်ဖို့ လိုမလဲလို့မေးတော့ -
“ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပင်ညဲရိုး အနေနဲ့ မြန်မာနိုင်ငံကို ပြန်သွားခွင့်ရပြီး လုပ်ငန်းတွေ အပြည့်အ၀ ဆောင်ရွက်ခွင့် ရဖို့၊ သွားလိုတဲ့ နေရာတွေကို သွားရောက်ခွင့်ရဖို့ နိုင်ငံတကာက ကြိုးပမ်းနေမှုတွေ အောင်မြင်ဖို့ လုံးဝကို အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ခရီးစဉ်မှာ အတော်လေးကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ် ဆိုတာတောင်မှ တကယ်တမ်း လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်တွေကို စုံစမ်း စုဆောင်းတဲ့အဆင့် မရောက်ခဲ့ပါဘူး။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဆိုတာဟာ စဉ်းစားစရာပါ။ အနိမ့်ဆုံးအားဖြင့် ဆိုရင်တော့ မစ္စတာပင်ညဲရိုး ဘယ်တော့ ပြန်သွားနိုင်မလဲဆိုတဲ့ အချိန်ကိုတော့ သိဖို့လိုပါတယ်။”
တကယ်ကတော့ မစ္စတာ ပင်ညဲရိုးအနေနဲ့ မြန်မာနိုင်ငံသွားဖို့ အဖြေထွက်ဖို့ နေနေသာသာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ ကိုယ်တိုင်တောင် မြန်မာနိုင်ငံကို သွားရောက်ဖို့ အခက်အခဲ ဖြစ်နေတာပါ။ အခုဆိုရင် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ICRC နိုင်ငံတကာ ကြက်ခြေနီအသင်း သွားရောက်စစ်ဆေး ကြည့်ရှုခွင့် မရတာလည်း နှစ်နဲ့ ချီလာပါပြီ။ ဒါကြောင့်လည်း အဖမ်းအဆီးတွေ တိုးလာတာတင်မကဘဲ ထောင်တွင်း အခြေအနေတွေဟာ အရင်ကထက် ပိုပြီး တင်းကြပ်လာတယ်။ ပိုပြီး ဆိုးရွားလာတယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပြကြပါတယ်။