သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးရုံတွင် ခွဲစိပ်ကုသမှုခံယူ


ဆေးရုံတင်ထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် ဒီကနေ့ ခွဲစိပ်ကုသမှု ခံယူခဲ့ပါတယ်။
ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ဦးကျော်အောင်လွင်က အစီရင်ခံထားပါတယ်။

အင်းစိန်ထောင်မှာ နှစ်ရှည် အကျင်းချခံ ထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ အူကျတဲ့ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ၂၂ ရက်နေ့ ကတည်းက ခွဲစိပ်ကုသဖို့ တက်ရောက်နေတာ ဒီကနေ့ မနက်ပိုင်းမှာတော့ အောင်အောင်မြင်မြင် ခွဲစိပ်ကုသပြီးခဲ့ပါတယ်။ ဦးဝင်းတင်ရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေကိုတော့ သူ့ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ခင်က ဗွီအိုအေကို အခုလို ရှင်းပြထားတာရှိပါတယ်။

“အခု ကျန်းမာရေးအခြေအနေကတော့ ကောင်းပါတယ်။ သူ့ကို ခွဲခန်းထဲကနေ ပြန်ပို့လိုက်ပြီလေ။ ခွဲစိပ်တဲ့နာရီက တစ်နာရီခွဲပဲ ကြာပါတယ်။ ၈ နာရီ ၄၅ မှာ စခွဲပြီးတော့ ၁၀ နာရီ ၁၅ မှာ ပြီးသွားပါတယ်။ အသေးစား ခွဲစိပ်မှုလေးပါပဲ၊ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေကလည်း အားလုံး ဂရုတစိုက်ပါပဲ။ အားလုံး အကုန်လုပ်ပေးပါတယ်။ ထုံဆေးနဲ့ခွဲတာ၊ မေ့ဆေးနဲ့ မခွဲဘူး။ ကျွေးချင်တာ မွေးချင်တာတော့ ကျွေးလို့မရသေးဘူးပေါ့၊ ဒီနေ့တော့ ကျွေးလို့မရသေးဘူးပေါ့ဗျာ။ လွတ်လွတ်လပ်လပ်တော့ သူနဲ့ အကြာပြီးတော့ ပြောခွင့်မရပါဘူး။ ဒီလိုပဲ အပြင်ကနေပြီးတော့ ထိုင်စောင့်နေရတာပဲ။ ခဏတဖြုတ်တော့ တွေ့ရပါတယ်။”

အဲဒါကတော့ ဦးဝင်းတဲ့ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ခင် ရှင်းပြခဲ့တာပါ။ ဦးဝင်းတင်ကို ဆေးရုံမှာ ဘယ်လောက်ကြာကြာ ဆက်ပြီးတော့ ထားမလဲ ဆိုတာတော့ မသိရသေးပါဘူး။ အကျဉ်းကျနေတုန်း ဦးဝင်းတင် ဆေးရုံတက်ရတာဟာ အခုတစ်ကြိမ်နဲ့ပါဆိုရင် လေးကြိမ် ရှိသွားခဲ့ပါပြီ။ ခွဲစိပ်ကုသခံရတာကတော့ နှစ်ကြိမ် ရှိခဲ့ပါပြီ။ အခုဆိုရင် ဦးဝင်းတင်ဟာ အသက် ၇၈ နှစ် ရှိနေပါပြီ။ အကျဉ်းကျခံထားရတာကလည်း ၁၈ နှစ်ကျော်နေပါပြီ။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာပြည် ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ဖို့ ကြိုးပမ်းလို့ အဖမ်းခံခဲ့ကြရတဲ့ သူတွေထဲမှာ ဦးဝင်းတင်ဟာ ထောင်သက်တမ်း အရှည်ကြာဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့မှာ အူကျတဲ့ရောဂါအပြင် နှလုံးသွေးကြော ကျဉ်းတဲ့ရောဂါ၊ သွေးတိုးရောဂါနဲ့ ခန္ဓာကိုယ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာတွေ ခံစားနေရတာ ကြာပါပြီ။

ဦးဝင်းတင် ပြန်လွတ်မြောက်ဖို့အတွက် ကုသလမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကြီး ပါမောက္ခ ပင်ညဲရိုးကရော၊ နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့အစည်းတွေကရော၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အင်အားစုတွေကရော တောက်လျှောက် တောင်းဆိုနေခဲ့ကြတာပါ။ ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ ဦးဝင်းတင်ကို ပြန်လွှတ်ပေးမယ့်သဘော အခုချိန်ထိ ပြသတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG