သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဖက်နဲ့နိုင်ငံရေး ပူပေါင်းဆောင်ရွက်ရန် အိန္ဒိယနဲ့ပြင်သစ် သဘောတူ


ငြိမ်းချမ်းစဉ်ကာလ အသုံးပြုမယ့် နျူကလီးယားအတတ်ပညာကို ပြင်သစ်က အိန္ဒိယကို ရောင်းချခွင့်ပြုဖို့ ကိစ္စမျိုး နိုင်ငံတကာရဲ့ စုပေါင်း သဘောတူညီမှု ရရှိရေးတွေဟာ မကြာခင်မှာ ဖြစ်ပေါ်လာဖို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ပြင်သစ်သမ္မတ နီကိုးလက်စ် ဆာကိုဇီ (Nicolas Sarkozy) က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ကို ချစ်ကြည်ရေးခရီး ဆိုက်ရောက်လာစဉ်မှာ ပြောကြားလိုက်ပါတယ်။

ပြင်သစ် အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ခိုင်ခိုင်မာမာ အားဖြည့်ဖို့ အိန္ဒိယနိုင်ငံကို ရောက်ရှိလာတဲ့ ပြင်သစ်သမ္မတရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် Anjana Pasricha နယူးဒေလီမြို့ကနေ သတင်းပေးပို့ ထားတာကို ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

အငြင်းပွားစရာဖြစ်နေရတဲ့ အများပြည်သူအတွက်သုံး နျူကလီးယားစွမ်းအင် ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံ အပေးအယူ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြတာကို ပြင်သစ် သမ္မတ နီကိုးလက်စ် ဆာကိုဇီက ဒီကနေ့ လှိုက်လှိုက်လဲလဲ ထောက်ခံခဲ့ပါတယ်။ ဒီအပေးအယူ လုပ်မှုကို အပြီးသတ် အတည်ပြုနိုင်ပြီဆိုရင် ကာလကြာရှာစွာ တားမြစ်ပိတ်ပင် ခံနေရတဲ့ အများပြည်သူသုံး နျူကလီးယားနည်းပညာကို ပြည်ပက တင်သွင်းရယူခွင့် အိန္ဒိယက ရရှိသွားမှာဖြစ်ပြီးတော့ ဒီနည်းပညာကို အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်နိုင်ငံတို့လို့ နိုင်ငံတွေဆီကနေ ရရှိသွားမှာဖြစ်ပါတယ်။

နျူကလီးယား မပြန့်ပွားရေး နိုင်ငံတကာသဘောတူစာချုပ်ရဲ့ လုပ်ငန်းဘောင်ကို ကျော်လွန်ပြီး အိန္ဒိယက နျူကလီးယား စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အိန္ဒိယ အနုမြူ ဓါတ်ပေါင်းဖိုတွေအတွက် နည်းပညာနဲ့ လောင်စာတွေ ပြည်ပကနေ အိန္ဒိယကို တင်သွင်းခွင့် လောလောဆယ်မှာ ပိတ်ပင် ခံထားရတာပါ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ တွေ့ဆုံဆွေးနွေးမှုတွေ အပြီးသတ်သွားခဲ့ရင် သဘောတူညီချက် တစ်ခုခု ရမှာဖြစ်ပြီးတော့ အိန္ဒိယရဲ့ အများပြည်သူသုံး နျူကလီးယားကိရိယာ တန်ဆာပလာတွေနဲ့ အနုမြူဓါတ်ပေါင်းဖိုတွေအတွက် လောင်စာဆီတွေကို ပြင်သစ်က အိန္ဒိယကို ရောင်းချနိုင်တော့မယ်လို့ ပြင်သစ်သမ္မတ ဆာကိုဇီက အခုလို ပြောပါတယ်။

“နျူကလီးယားနဲ့ပတ်သက်လို့ ဥရောပနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အားလုံး သဘောတူ ဆုံးဖြတ်ချက် တစ်ရပ်ကို အိန္ဒိယအတွက် ချွင်းချက်ထားပြီး ရရှိသင့်တယ်” - လို့ သမ္မတ ဆာကိုဇီက ပြောသွားပါတယ်။

အိန္ဒိယဟာ အနုမြူ ပြန့်ပွားရေးကို လုပ်ဆောင်ခဲ့ခြင်း လုံး၀ မရှိခဲ့ဘူး။ နျူကလီးယား အစီအစဉ်တွေမှာ အများပြည်သူအကျိုးအတွက် အသုံးပြုမှုနဲ့ စစ်ရေးအတွက် အသုံးပြုမှုကို ကဏ္ဍခြား ထားချင်တယ်ဆိုတာကိုလည်း အိန္ဒိယက ရှင်းရှင်းလင်းလင်း ပြသခဲ့တယ်။ ဒါတွေကြောင့် အိန္ဒိယအတွက် ချွင်းချက်ထားတဲ့ နျူကလီးယားဆိုင်ရာ နိုင်ငံတကာ သဘောတူ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပြီးသင့်ပြီလို့လည်း ပြင်သစ် သမ္မတက ဆိုပါတယ်။

ဒီကနေ့ နယူးဒေလီမှာ သမ္မတ ဆာကိုဇီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် အိန္ဒိယ
ဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) က ပြင်သစ်နဲ့ အိန္ဒိယ နှစ်နိုင်ငံဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ထဲထဲဝင်ဝင် လုပ်ဆောင်သွားကြမယ်လို့ အခုလို ပြောကြားလိုက်ပါတယ်။

“ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ ပြင်သစ်နဲ့ အိန္ဒိယနိုင်ငံဟာ ရောင်းသူဝယ်သူ ဆက်ဆံရေးအဆင့်ထက် ကျော်လွန် နွေးထွေးမှုအဆင့်နဲ့ ဆက်ဆံသွားကြဖို့ သဘောတူခဲ့ကြတယ်။ ကာကွယ်ရေးနဲ့ ပတ်သက်လို့ သုတေသနတွေ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေကိုလည်း ပူးတွဲလုပ်ဆောင်ဖို့၊ နည်းပညာ လွှဲပြောင်းပေးအပ်တာတွေ လုပ်ဖို့၊ စစ်ရေးဆိုင်ရာ ကြီးမားတဲ့ အပေးအယူတွေ လုပ်ကြဖို့ဆိုတာတွေကို ကျနော်တို့ ပိုပြီး အာရုံစိုက်ဆွေးနွေးခဲ့ကြတယ်” - လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောသွားပါတယ်။

အိန္ဒိယကို စစ်လက်နက် အများဆုံးရောင်းချတဲ့ နိုင်ငံတွေထဲမှာ ပြင်သစ်လည်း ပါပါတယ်။ ပြင်သစ်သမ္မတရဲ့ အခုတစ်ခေါက် အိန္ဒိယ ခရီးစဉ်မှာ ပြင်သစ် စစ်လက်နက်ပစ္စည်းတွေကို အိန္ဒိယက ဝယ်ယူမယ့် ကန်ထရိုက်စာချုပ်တွေ ချုပ်ဆိုဖို့ အစီအစဉ်လည်း ပါဝင်ပြီးတော့ ဒါတွေဟာ လာမယ့် ၅ နှစ်အတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၀, ၀၀၀ တန်ဖိုးရှိတဲ့ ပြင်သစ်ရဲ့ စစ်လက်နက် ပစ္စည်းတွေ အိန္ဒိယကို ရောင်းချမယ့် ကန်ထရိုက်စာချုပ်တွေ ဖြစ်ပါတယ်။

အိန္ဒိယမှာ ရှိနှင့်ပြီးဖြစ်တဲ့ ပြစ်သစ်လုပ် မီရက် (Mirage) တိုက်လေယဉ် အုပ်စုရဲ့ တိုက်ရည် ခိုက်ရည်ကို မြှင့်တင်မယ့် ဒေါ်လာ သန်းပေါင်း ၂,၀၀၀ တန် ကန်ထရိုက်စာချုပ် ချုပ်ဆိုနိုင်ဖို့ ပြင်သစ်စစ်လေယာဉ်ထုတ် ကုမ္ပဏီကြီးတွေက မျှော်လင့်ထားကြပါတယ်။ အိန္ဒိယက အသစ်ဝယ်ယူဖို့ ရှိနေတဲ့ စစ်လေယာဉ် ၁၂၅ စီးအတွက်ကိုလည်း အမေရိကန်၊ ရုရှား စစ်လေယာဉ်ထုတ် ကုမ္ပဏီကြီးတွေနဲ့ အပြိုင်အဆိုင် မိမိတို့ကလည်း ရောင်းချနိုင်ဖို့ အဲဒီ ပြင်သစ်စစ်လေယာဉ်ထုတ် ကုမ္ပဏီကြီးတွေက ကြိုးပမ်းနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG