သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ကျောင်းသား ခေါင်းဆောင်တွေကို ပုံနှိပ်အက်ဥပဒေဖြင့် စွဲချက်တင်


ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဖမ်းဆီးခံထားရတဲ့ ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင် ၁၀ ဦးကို ပုံနှိပ်အက်ဥပဒေ ပုဒ်မ ၁၇/၂၀ နဲ့ စွဲချက်တင်လိုက်ပြီလို့ သိရပါတယ်။ အရင်တုန်းက သူတို့ကို ဘာပုဒ်မမှ မတပ်ထားဘဲ ဖမ်းဆီးထိန်းသိမ်းထားရာကနေ အခုမှ ပုဒ်မတပ်ပြီးတော့ စွဲချက်တင်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရပြီးတော့ အခု စွဲချက်တင်ခံရသူတွေထဲမှာ ပါတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုပြုံးချိုရဲ့ ဖခင်ဖြစ်သူ ဦးဝင်းမောင်ကို ဦးသားညွှန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

“ကိုကိုကြီး၊ မင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမာကီး၊ တင်ထူးအောင်၊ မင်းဇေယျာ၊ ကိုအောင်သူ၊ မျိုးရန်နိုင်။ အဲ - တစ်ယောက်ကတော့ စာရင်းထဲမှာ မပါဘူးဖြစ်နေတယ်။ အားလုံးပေါင်း ၁၀ ယောက်၊ ပုံနှိပ် အက်ဥပဒေပေါ့။”

ပုံနှိပ်အက်ဥပဒေနဲ့ ညှိအောင် ဘာကိစ္စနဲ့ သူတို့ကို အဲဒါနဲ့ တင်လိုက်တာလဲ။ -

“အဲဒါကလည်း သူတို့ကို စွဲချက်တော့ မတင်သေးဘူးဗျ။ ရမန်ယူယုံလောက်ပဲ ရှိသေးတယ်လို့ ကြားတယ်။ ပြီးတော့ အပြင်မှာထုတ်ပြီးတော့ လုပ်တာမဟုတ်ဘူး။ အထဲမှာတင် တစ်ယောက်ချင်းခေါ်တာ။ စု မခေါ်ဘူး။ တစ်ယောက်ချင်းခေါ် ပြောပြီးတော့မှာ သူတို့ကို ထောင်ထဲမှာပဲ အဲဒါကို လုပ်လိုက်တာ။ အဲဒါကြောင့်မိုလို့ ကိုမြအေးကတော့ ပြောနေတယ်။ ၅ လလောက်ရှိမှ လုပ်ရမလား ဆိုပြီးတော့ သူက နည်းနည်း ဒေါကန်တဲ့သဘော ရှိတယ်။”

အန်ကယ်လ် ကိုပြုံးချိုနဲ့တော့ တွေ့ရတာပေါ့။ -

“ဟုတ်ကဲ့။ ကျနော် တစ်ပတ်တစ်ခါ သွားတွေ့တယ်လေ။”

ဟုတ်ကဲ့။ သူကရော ကျန်းကျန်းမာမာပဲလား။ -

“အားလုံး ကျန်းမာရေးကောင်းပါတယ်။ အစားအသောက် အနေအထိုင်လည်း မှန်ပါတယ်။ တစ်ပတ်တစ်ခါ ဆိုတော့ သူ့အခြေအနေလည်း နည်းနည်းပါးပါး သိရတာပေါ့လေ။”

အခု သူ့ကို အခု ဒီပုဒ်မ တပ်လိုက်တဲ့ကိစ္စနဲ့ရော သူ ဘာပြောလဲ အန်ကယ်လ်။ -

“သူ့ကို တနင်္လာနေ့ သွားတွေ့ပြီးတော့ ဗုဒ္ဓဟူးနေ့ နောက်ပိုင်းမှာမှ ကျနော်တို့က သိရတာ။ သူနဲ့ မတွေ့ရသေးဘူး။ တနင်္လာနေ့မှာ သူ့ အခြေအနေကို မေးကြည့်ရမယ်။”

ဒီ ၁၇/၂၀ က ပုံနှိပ်ဥပဒေ ဆိုတော့ သူတို့က ဘာနဲ့သွားညှိတယ်လို့ ထင်လဲ။ -

“သူတို့ ကန်ပိန်းလုပ်ထားတဲ့ဟာတွေ ဘာတွေနဲ့ပဲ ညှိတယ်လို့ပဲ ယူဆရတာပေါ့လေ။ အဲဒီဟာပဲ ကျနော်တို့ စဉ်းစားလို့ ရတယ်လေ။”

စပြီးတော့ အခုမှ သူတို့ ရမန်ယူတဲ့သဘောပေါ့။ -

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။”

ဆိုတော့ အရင် တလျှောက်လုံးက အန်ကယ်လ်တို့ သိထားသမျှတော့ သူတို့ကို ဘာနဲ့ အရေးယူထားလဲ။ -

“ဘာမှ ပုဒ်မ မတပ်ဘဲနဲ့ စောင့်ကြည့်နေတဲ့ သဘောပဲလို့ သိနေရတယ်လေ။”

အရင်တုန်းကလည်း ရမန်မယူတာ မရှိဘူးပေါ့။ -

“မရှိဘူး။ ဟုတ်တယ်။”

ကိုပြုံးချိုအပြင် ကျန်တဲ့သူတွေရဲ့ ကျန်းမာရေးအခြေအနေရော ဘာကြားသေးလဲ အန်ကယ်လ်။ -

“ကျန်းမာရေး အခြေအနေကတော့ ကိုမင်းကိုနိုင်ကတော့ သူက သွားကိုက်တယ်လေ။ သွားကိုက်ပျောက်တဲ့ ဆေးတွေဘာတွေ ဝယ်ပေးရတယ်။ ကိုကိုကြီးကတော့ ဘရင်ဂျီနာ ဖြစ်နေတယ်။ အဲတော့ ဘရင်ဂျီနာ ဆေးတွေဘာတွေ ထည့်ပြီးတော့ ကုသနေရတဲ့သဘော ရှိတယ်။ ကိုမြအေးကတော့ နဂိုကတည်းကိုက သူက နှလုံးတွေဘာတွေက သိပ်မကောင်းဘူးလေ။ နည်းနည်း မောတာတွေဘာတွေတော့ ရှိတယ်။”

အန်ကယ်လ် ကိုပြုံးချိုနဲ့ တွေ့ရတော့ရော လွတ်လွတ်လပ်လွပ်ပဲ တွေ့ရလား။ -

“ဟုတ်ကဲ့။ လွတ်လွတ်လပ်လပ်ပါပဲ။ အေးအေးဆေးဆေး ပါပဲ။ သူကလည်း စကားက နဂိုကတည်းက သိပ်မပြောတဲ့သူ ဆိုတော့လေ။ မေးမှပဲ သူက ပြောတဲ့သဘော ရှိတယ်။ သူ့ကျန်းမာရေး အခြေအနေ အိမ်က အခြေအနေ အဲဒါတွေပဲ လျှောက်ပြောတာပဲ။ စာအုပ်တွေဘာတွေ မှာတယ်။ အစားအသောက် မှာတယ်။ အဲဒါတွေပဲ ပို့ပေးရတယ်။”

ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုရဲ ဖခင် ဦးဝင်းမောင်ဖြစ်ပါတယ်။ အခုလို ကျောင်းသားခေါင်းဆောင်တွေကို ငါးလနီးပါး ကြာပြီးမှ အခု ပုဒ်မတပ် စွဲချက်တင်လိုက်တာနဲ့ ပတ်သက်လို့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်ကတော့ အခုလို ပြောပါတယ်။

“သူတို့ကို ဘာပုဒ်မမှ တပ်လို့မရတဲ့အတွက် သူတို့ကို အဲဒီလို ထိန်းသိမ်းထားခဲ့တာပါ။ အဲဒီလို ထိန်းသိမ်းထားတဲ့ တချိန်တည်းမှာပဲ သတင်းစာထဲကသော်လည်းကောင်း တီဗွီတွေထဲကသော်လည်းကောင်း သူတို့ ထုတ်ပြန်ကြေညာနေတာတွေ ရှိပါတယ်။ သြဂုတ်လကတည်းက ဖမ်းဆီးထားတာပေါ့လေ။ အခုဆိုရင် သူတို့ လေးလ ရှိပါပြီ။ အဲဒီထဲက သူတို့ ပုံနှိပ်ဥပဒေပုဒ်မနဲ့ ညှိစွန်းတယ်ဆိုလို့ရှိရင် အဲဒီကတည်းက တရားစွဲဆိုလို့ ရပါတယ်။ အဲဒီလိုမျိုး တရားစွဲဆိုလို့မရလို့ကို အခုလောက်ထိ လေးလလောက်ကြာတဲ့အထိ ဒီအတိုင်း နေခဲ့တာ။ အခုအချိန်မှာ ထပြီးတော့ အဲဒီလိုမျိုး ပုဒ်မတွေနဲ့ စွပ်စွဲတယ်ဆိုတဲ့ကိစ္စမျိုးက ဒါဟာ သက်သက် လုပ်ကြံဖန်တီးတယ်လို့ ကျနော်တို့အနေနဲ့တော့ အဲဒီလိုပဲ မြင်ပါတယ်။”

ဒါကတော့ AAPP အဖွဲ့က ကိုတိတ်နိုင် ဖြစ်ပါတယ်။ မင်းကိုနိုင် အပါအဝင် အခု ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့သြဂုတ်က စစ်အစိုးရက လောင်စာဆီဈေး အဆမတန် တိုးမြင့်လိုက်တာကြောင့် ဖြစ်လာတဲ့ အကျပ်အတည်းတွေအပေါ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီနောက် သူတို့ ဖမ်းဆီးခံရပေမယ့် လွတ်မြောက် ကျန်ရှိနေတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ အခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေက ဒီလှုပ်ရှားမှုကို ဆက်ဦးဆောင်ခဲ့ကြပါတယ်။ နောက်ပိုင်းတော့ စက်တင်ဘာ သင်္ဃန်းရောင် လှုပ်ရှားမှုကြီး ဖြစ်ပြီး ဒီလှုပ်ရှားမှုဟာ စစ်အစိုးရရဲ့ အကြမ်းဖက်ဖြိုုခွင်းတာ ခံခဲ့ရပါတယ်။

ဒီဖြစ်ပျက်ခဲ့တဲ့ စက်တင်ဘာ လှုပ်ရှားမှု မတိုင်ခင်မှာလည်းပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲတွေ ဆုတောင်းပွဲတွေလုပ်ပြီး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီစက်တင်ဘာ လှုပ်ရှားမှု ဖြစ်အောင် ဒီ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေက သွေးထိုးလှုပ်ရှားခဲ့ကြတယ်ဆိုပြီး စစ်အာဏာပိုင်တွေဖက်က စွပ်စွဲပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG