သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနယ်ခြား ပိတ်ဆို့ဟန့်တားမှုတွေ လျော့ချရေး နိုင်ငံတကာ တောင်းဆိုပေမယ့် အစ္စရေးဖက်က လက်မခံသေး


ဟားမတ်စ်အဖွဲ့ ထိန်းချုပ်တဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ နယ်ခြား အကာအရံ အတားအဆီးတွေ ပျက်ဆီး ခဲ့ပြီးတဲ့နောက် အစ္စရေးဖက်က ပိတ်ဆို့မှုတွေကို လျော့ချပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုနေပါတယ်။ အစ္စရေးဖက်ကတော့ ဒီတောင်းဆိုချက်ကို ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

အခြေအနေဟာ ဒီတစ်ပတ်အတွင်း နယ်ခြား လုံခြုံရေး ပျက်ပြားခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အပြစ်ဖို့နေတဲ့ အီဂျစ်နဲ့ အစ္စရေးအကြား ဆက်ဆံရေးကို စမ်းသပ်နေတဲ့ အနေအထားမျိုးလည်း ဖြစ်နေပါတယ်။ ဂျေယုဆလင် ဗျုရိုကနေ ဗွီအိုအေ သတင်းထောက် ရောဘတ် ဘာဂါ (Robert Berger) သတင်း ပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက အစီရင်ခံထားပါတယ်။

ရာထောင်ချီတဲ့ ပါလက်စတိုင်းလူမျိုးတွေ ဂါဇာကမ်းမြှောင် ဒေသ နယ်ခြားကို ဖြတ်ပြီး အီဂျစ်နိုင်ငံထဲဝင်ပြီး၊ အစားအသောက်နဲ့ အထောက်အပံ့ပစ္စည်းတွေ တိုးဝှေ့ဝယ်နေ ခဲ့တာ လေးရက်ရှိသွားပါပြီ။ အစ္စရေးအနေနဲ့ ဒီနယ်မြေကို ပိတ်ဆို့ ကာရံထားတာတွေ ဖျက်သိမ်းပေးဖို့ တောင်းဆိုသံတွေလည်း ပိုပြီး ကြားနေရပါတယ်။

အစ္စရေးဖက်က ဂါဇာနဲ့ နယ်ခြားတွေကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ပိတ်ပစ်ခဲ့တာပါ။ ဂါဇာ ကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ဟားမတ်စ် အဖွဲ့တွေဖက်က ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ များလာတဲ့အတွက် လက်တုံ့ ပြန်တဲ့အနေနဲ့ ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပိတ်ပစ်လိုက်တဲ့အတွက် အစားအသောက်နဲ့ လောင်စာ မလုံမလောက် ဖြစ်လာတဲ့ ရှားပါးမှုတွေ ကြုံလာရတာကြောင့် ပါလက်စတိုင်း စစ်သွေးကြွတွေက ဂါဇာနယ်ခြားကို ပိတ်ပစ်ထားတဲ့ နံရံကြီးကို ဖေါက်ခွဲခဲ့တာ ဖြစ်ပါတယ်။

အာရတ် အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် အီဂျစ် သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အမာ မော့စ်ဆာ (Amr Moussa) က ဆွစ်ဇလန်နိုင်ငံ ဒါဗို့စ် (Davos) မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မိန့်ခွန်း ပြောကြားတဲ့ အချိန် အစ္စရေးကို အပြစ်တင်ပြောဆိုခဲ့ပါတယ်။

“ထိန်းချုပ်သိမ်းပိုက်နိုင်တဲ့ အင်အားရှိသူတွေအနေနဲ့ ဒီလို အသိမ်းပိုက်ခံရတဲ့ နေရာက၊ ဟုတ်ပါတယ် ဂါဇာကမ်းမြှောင်ဒေသက လူတွေရဲ့ လူမှုဖှုလုံရေး အတွက် တာဝန်ယူ ပေးရပါလိမ့်မယ်။ ဒါကြောင့်လည်း ဘယ်လိုပဲ အကျိုးဆက်တွေ ကြုံလာရပါစေ၊ အကြောင်းရင်းကတော့ လူတွေကို ငတ်မွတ် ခေါင်းပါးအောင် လုပ်တဲ့လုပ်ရပ်၊ အဲဒီနေရာက လူတွေကို အငတ်ဘေး သင့်အောင် လုပ်ခဲ့တာတွေကြောင့်ပါပဲ။”

ဥရောပ အဖွဲ့ဝင်နိုင်ငံတွေကလည်း အစ္စရေးဖက်က ဒီလို ပိတ်ဆို့ဟန့်တား ထားတာတွေကို လျော့ချပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ပိတ်ဆို့ ဟန့်တားမှုတွေက စုပြုံအရေးယူ အပြစ်ပေးသလို ဖြစ်နေတယ်လို့ ပြောဆိုပါတယ်။

ဒါပေမယ့်လည်း အစ္စရေး အရာရှိတွေကတော့ ပိတ်ဆို့ဟန့်တားမှုတွေ ဆက်ရှိနေအုံးမှာပဲလို့ ပြောပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အေဟွတ် ဘာရက်ခ် (Ehud Barak) ကလည်း ဆွတ်ဇလန်နိုင်ငံ ဒါဗို့စ်မှာ မိန့်ခွန်းပြောတဲ့ အချိန် ဒီကိစ္စကို ထည့်ပြောသွားခဲ့ပါတယ်။ တစ်ဖက်က အစ္စရေးရဲ့ မြို့တွေကို ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတဲ့အချိန် ဂါဇာ နယ်ခြားတစ်ဖက်မှာ ဘာမှ မဖြစ်သလို ပုံမှန် လှုပ်ရှားသွားလာနေတာမျိုးတော့ ဘယ်နည်းနဲ့မှ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

“အစ္စရေး ပြည်သူတွေအပေါ် စိုးရိမ်ကြောက်ရွံ့အောင် အကြမ်းဖက် လုပ်ဆောင် နေတာတွေ ရှိနေသမျှ ဟားမတ်စ်အစိုးရကို ဆက်ပြီး ဆန့်ကျင်သွားမယ် ဂါဇာမှာလည်း ကျနော်တို့ ဒီအတိုင်းပဲ ဆက်ပြီး လုပ်ဆောင် သွားရပါလိမ့်မယ်။”

ရာနဲ့ချီတဲ့ အစ္စရေး ငြိမ်းချမ်းရေး လှုပ်ရှားသူတွေနဲ့ အစ္စရေး အာရတ် တွေ ဂါဇာနယ်ခြားမှာ မနေ့က ဆန္ဒပြခဲ့ကြပြီး ပိတ်ဆို့ဟန့်တားထားတာတွေ အဆုံးသတ်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းခြေ ဖက်တာ (Fatah) လှုပ်ရှားမှုကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း သမ္မတ မာမွတ်တ် အာဘတ်စ် (Mahmoud Abbas) ကတော့ အစ္စရေး ဝန်ကြီးချုပ် အေဟွတ်ဒ် အိုလ်မတ် (Ehud Olmert) နဲ့ ဒီနေ့ တနင်္ဂနွေမှာ တွေ့ဆုံမယ်ဆိုရင် အတားအဆီးတွေ ရုတ်သိမ်း ပေးရေး ကိစ္စကိုပဲ တောင်းဆိုမယ်လို့ ပြောဆိုထားပါတယ်။ ပိတ်ဆို့ဟန့်တားတာတွေ အဆုံးသတ်ရေး နည်းလမ်းတစ်ခု အနေနဲ့ အစ္စရေးနဲ့ ဂါဇာကမ်းမြှောင်ဘက် နယ်ခြားဖြတ်တဲ့ နေရာမှာ သူ့တပ်တွေ ဖြန့်ချထားပေးမယ်လို့လည်း ပါလက်စတိုင်း သမ္မတ မာမွတ်တ် အာဘတ်စ်က ကမ်းလှမ်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG