သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား သမ္မတဟောင်း ဆူဟာတို ကွယ်လွန်ပြီ


အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မဟောင်း ဆူဟာတို တယောက်ကွယ်လွန်သွားပါပြီ။ ဂျကာတာဆေးရုံကြီးမှာ ရက်သတ္တပတ်သုံးပတ်ကျော် ရောဂါမျိုးစုံရဲ့ ဒဏ်ကို အသည်းအသန်ခံစားနေရာကနေ တနင်္ဂနွေ ကွယ်လွန်သွားခဲ့တယ်လို့ ဗွီအိုအေ သတင်းထောက် ချက် ဗောချက်ကနေ သတင်းပေးပို့ထားပါတယ်။ မစ္စတာ ဆူဟာတို ကွယ်လွန်သွားကြောင်း တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိသမ္မတ Susilo Bambang Yudhoyono သတင်းထောက်တွေကို အခုလို ကြေညာခဲ့ပါတယ်။

“ အင်ဒိုနီးရှားနိုင်ငံကိုယ်စား၊ ပြည်သူလူထုကိုယ်စားနဲ့ အုပ်ချုပ်သူအစိုးရနဲ့ အဖွဲ့ရဲ့ ကိုယ်စားတွင်မက မစ္စတာ ယူဟိုယိုနိုကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံရဲ့ ခေါင်းဆောင် ဟောင်း ဆူဟာတိုကွယ်လွန်သွားတာကို ဝမ်းနည်း ကြေကွဲရပါတယ်”လို့ အင်ဒိုနီးရှားဘာသာနဲ့ ပြောသွားတာပါ။

မစ္စတာဆူဟာတိုရဲ့ သမီးဖြစ်သူ Siti Hadijanti Rukmana ကလည်း ဝမ်းနည်းပန်းနည်းနဲ့ မစ္စတာ ဆူဟာတို အသက်ထင်ရှားရှိခဲ့စဉ်အတွင်း အမှားအယွင်းတွေ လုပ်ခဲ့တာရှိရင် ခွင့်လွှတ်ကြဖို့ မိသားစုက တောင်းပန်တဲ့အပြင် သူ့ဖခင်ရဲ့ အမှားတွေအားလုံးအတွက် ကျေအေးခွင့်လွှတ် ကြဖို့ကိုလည်း အင်ဒိုနီးရှားဘာသာနဲ့ ပြန်ကြားသွားတာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မစ္စတာ ဆူဟာတိုနဲ့ သူ့မိသားစုတို့ဟာ မစ္စတာ ဆူဟာတို အင်ဒိုနီးရှား နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ (၃၂)နှစ်တာ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေအတွက် တရားဝင်စစ်ဆေးမှုတွေကို ခံနေရပါတယ်။ ဒီစွတ်စွဲမှုတွေ အားလုံးအတွက် အမြဲတမ်းပဲ မိသားစုတွေက ငြင်းဆိုပါတယ်။

မစ္စတာ ဆူဟာတိုဟာ ထောင်သောင်းချီတဲ့ အင်ဒိုနီးရှားလူထုကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာ တွေအပြင် အမေရိကန် ဒေါ်လာ (၃၅) ဘီလီယံ အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွတ်စွဲလည်း ခံခဲ့ရပါတယ်။ ၁၉၉၈ခုနှစ် အာရှဒေသ စီးပွားရေး ပြဿနာဖြစ်နေတဲ့အချိန်အတွင်း လူထုဆန္ဒပြမှုတွေနဲ့ သူ့ကို နုတ်ထွက် ပေးဖို့ တောင်းဆိုမှုတွေကြောင့် မစ္စတာ ဆူဟာတို ရာထူးကနေ နုတ်ထွက်ပေးပြီးကတည်းက ဆယ်နှစ်တာ ကာလအတွင်း သမ္မဟောင်းဆူဟာတိုဟာ ဂျကတာ မြို့လည်ကောင်မှာ တသီးတခြားနေထိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံကို တိုးတက် ဖွံ့ဖြိုးအောင်လုပ်ဆောင်ခဲ့သူ စီးပွားရေး ခိုင်မာအောင်လုပ်ဆောင်ခဲ့သူအဖြစ်နဲ့ သာမက နိုင်ငံတည်ငြိမ်အောင် ဆောင်ရွက်ခဲ့သူ အဖြစ် အင်ဒိုနီးရှားနိုင်ငံသားအများစုက သူ့ကို အမှတ်ရနေခဲ့ကြမှာပါ။

ဂျကတာမြို့က ခေါက်ဆွဲရောင်းတဲ့ တိုမိုရိုတိုကတော့ မစ္စတာ ဆူဟာတိုတစ်ယောက် ဆေးရုံမှာ ကာလတာရှည်စွာ ရောဂါ ဖိဆီးတဲ့ ဒဏ်ခံနေရတယ်ဆိုတာကြားရတာမို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့အတွက် အခုလို ဝေဒနာ မခံစားရတော့ပဲ ဆုံးပြီလို့ သိရလို့ တမျိုးဝမ်းသာပါတယ်လို့ ပြောပါတယ်။

“မစ္စတာ ဆူဟာတို သမ္မတဖြစ်နေစဉ် ကာလအတွင်း လူထု စီးပွားရေးပြေပြေလည်လည် ဖြစ်လာ ကြတယ်။ အငှားဆိုင်ကယ်မောင်းသူတွေ၊ ဆင်းရဲ့တဲ့ လူတွေအားလုံး ပျော်ရွှင်ခဲ့ရတယ်”လို့ အင်ဒိုနီးရှားဘာသာနဲ့ ပြောခဲ့ပါတယ်။

သြစတေးလျနိုင်ငံ (Queensland) တက္ကသိုလ်က မစ္စတာ ဆူဟာတို အထ္တပ္ပတိရေးသားတဲ့ နာမည်ကျော် စာရေးဆရာ ပါမောက္ခ ရောဘတ် အလ်ဆင်ကတော့ ဆူဟာတို ကွယ်လွန်ခဲ့တာအတွက် အင်ဒိုနီးရှားနိုင်ငံသားအများစုက နှမြောတသနေကြလိမ့်မယ်လို့ သူထင်ကြောင်းအခုလို ပြောပါတယ်။

“ဆူဟာတိုဟာ ယေဘူယျကြည့်ရင်တော့ အတော်အသင့် ကျော်ကြားတဲ့သူပါ။ ဒါပေမဲ့ သူက သမ္မတအဖြစ်ကနေ နုတ်ထွက်ပြီးခဲ့တဲ့နောက်မှာ နိုင်ငံ ဖရိုဖရဲဖြစ်လာတာမို့ သူအုပ်ချုပ်တဲ့ ကာလများကလို တည်တည်ငြိမ်ငြိမ်ရှိခဲ့တဲ့ နိုင်ငံမျိုးလို ပြန်ပြီး ဖြစ်လာချင်တဲ့ ဆန္ဒဟာ ပြည်သူတွေကြားမှာ တိုးလာတာကို တွေ့ရပါတယ်။ ဒါကြောင့် သူနုတ်ထွက်ပြီးမှပဲ လူထုကြားမှာ သူက ပိုပြီး ရေပန်းစားလာတာပါ။”

မစ္စတာ ဆူဟာတို မကွယ်လွန်ခင် ရက်ပိုင်း အတွင်း သူ့ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်ဘဲ သွေးအဆိပ်တက်မှုတွေရှိရာကနေ ကုသမှုတွေ ရှိနေတဲ့ဆရာဝန် အံ့သြလောက်အောင် နလံထူလာတာမို့ အိမ်ပြန် နိုင်တော့မယ်လို့ ထင်ထားနေရာကနေ အခုလို တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ သတိလစ်မေ့မျှောရာကနေ ကွယ်လွန်ခဲ့တာပါ။ သမ္မတဟောင်းဆူဟာတိုဟာ ကွယ်လွန်ချိန်မှာ အသက်(၈၆)နှစ်ရှိပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG