မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် ကိုကိုကြီးအပါအ၀င် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ရာဇ၀တ်မှုဆိုင်ရာ ပုံနှိပ်အက်ဥပဒေနဲ့ စွဲချက်တင် တရားစွဲလိုက်တာနဲ့ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်အစိုးရကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရသူ တွန်ကေစီကနေ ကြေညာချက်ထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို ဖမ်းဆီးအရေးယူတာတွေ လုပ်မယ့်အစား မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေဖြစ်ဖို့ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးအဖြေရှာရေး ပြုလုပ်သင့်တယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ တွန်ကေစီက ဆိုပါတယ်။ အခုလို ဒီမိုကရေစီလှုပ်ရှားသူ ၁၀ဦးကို ရာဇ၀တ်မှုဆိုင်ရာပုံနှိပ်အက်ဥပဒေနဲ့အရေးယူတာဟာ မြန်မာနိုင်ငံတွင်း တွေ့ဆုံဆွေးနွေးရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုမှန်သမျှကို အစိုးရကနေ ငြင်းပယ်ချနေတယ်၊ နောက်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ တောင်းဆိုဆုံးဖြတ်ခဲ့တာကိုလည်း မလိုက်နာဘူးဆိုတဲ့ သာဓကပြချက်တခုလည်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။
အခုလို ကျောင်းသားခေါင်းဆောင်တွေကို ပုံနှိပ်အက်ဥပဒေနဲ့အရေးယူတဲ့အပေါ်မှာ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့နေတွေက အမှုမှာလိုက်ပါဆောင်ရွက်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ ရှေ့နေတဦးဖြစ်တဲ့ ဦးအောင်သိန်းက ဗီအိုအေကို အခုလို ပြောပါတယ်။
“အဲဒီအမှုတွေကို ကျနော်ရယ် ရှေ့နေဦးကြည်ဝင်းရယ် ဦးဥာဏ်ဝင်းရယ် သုံးဦးလိုက်ပေးမှာ။ ပထမက ကိုဌေးကြွယ်ပါ ၇ ဦး အုပ်စုရယ်၊ ပေါ်ဦးထွန်းပါ ၁၀ဦးအုပ်စုရယ်၊ မမီးမီး ခေါ် သင်းသင်းအေး ပါ ၈ဦးအုပ်စုတစုရယ် အုပ်စု သုံးစု ခွဲတင်တယ်။ သူတို့ကို ပုံနှိပ် ပုဒ်မ ၁၇/၂၀ အမှုစွဲတင်ဖို့ ရမန်ယူတာလုပ်နေတယ်ဆိုပြီးတော့ သူတို့ရဲ့ မိသားစုတွေအချို့က ကျနော်တို့ကို အကြောင်းကြားလာတယ်။ အဲလို အကြောင်းကြားတဲ့အတွက် ကျနော်တို့က ရှေ့နေပါဝါကို ကြိုယူထားရမှာဖြစ်တဲ့အတွက် ထောင်မှာ ရှေ့နေပါဝါကို ကြိုယူထားတာပေါ့။ ဒီလူတွေကို ဒီပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်ဆိုတာကလည်း ဒီအမှုသည်တွေနဲ့ ရှေ့နေကလည်း တွေ့ခွင့်မရဘူးဗျာ။ ဆိုတော့ ဘယ်အကြောင်းပေါ်မှာ အခြေခံပြီးတော့ ပုံနှိပ်ပုဒ်မ ၁၇/၂၀ နဲ့ စွဲတာလည်း ကျနော်တို့ မသိနိုင်သေးဘူး။ အမှုတွဲတွေဆိုတာလည်း ဖတ်ရှုဖို့ ကျနော်တို့ ဘာမှ မရသေးဘူး။”
ကိုမင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားအများစုကို သြဂုတ်လအတွင်းက ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။ အစိုးရရဲ့ လောင်စာဆီဈေးမြင့်တင်လိုက်တာကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ သူတို့တွေ လမ်းလျှောက်စီတန်လှည့်လည်ဆန္ဒပြပြီးတဲ့နောက် အဖမ်းခံခဲ့ရတာပါ။ ကိုဌေးကြွယ် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားအချို့ကတော့ စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှုအပြီးမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ အပတ်အတွင်းက ၁၇/၂၀ ပုံနှိပ်အက်ဥပဒေနဲ့ တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။