သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တွေ့ဆုံဆွေးနွေးရေး နှောင့်နှေးမှုအပေါ် အမေရိကန်သမ္မတအိမ်ဖြူတော် စိတ်ပျက်နေ


မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်ပေါက်လာရေးအတွက် အဓိပ္ပါယ်ပြည့်ဝပြီး အချိန်အတိုင်းအတာနဲ့ သတ်မှတ် အကောင်အထည်ဖေါ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိသေးတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူက ထုတ်ဖော် ပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း တွေ့ဆုံဆွေးနွေးရေး အခြေအနေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျေနပ်အားရမှု မရှိတဲ့အကြောင်း အန်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုခဲ့ပြီးနောက်မှာ အမေရိကန် သမ္မတအိမ်ဖြူတော်က သဘောထား တုန့်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့နေရာမှာ မြန်မာစစ်အစိုးရဘက်က အချိန် အကန့်အသတ်နဲ့ အကောင်အထည်ဖေါ်ဘို့ ပျက်ကွက်နေဆဲဖြစ်တဲ့အကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ တိုနီ ဖရက်တို (Tony Fratto) က အမေရိကန်သမ္မတရဲ့ အထူးလေယဉ်ပေါ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောဆိုလိုက်တာပါ။ ကယ်လီဖိုနီးယားပြည်နယ် လော့စ်အိန်ဂျယ်လီးစ်ကို အသွား အထူးလေယဉ်ပေါ်မှာ တိုနီဖရက်တိုက စစ်အစိုးရအနေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အန်လ်ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ချို့နဲ့တွေ့ဆုံခွင့်ရခဲ့တယ်ဆိုတဲ့ သတင်းအတွက် ကျေနပ်မိတဲ့အကြောင်း ဒါပေမယ့်လည်း စစ်အစိုးရဘက်က အဓိပ္ပါယ်ပြည့်ဝပြီး အချိန်အတိုင်းအတာနဲ့ သတ်မှတ် အကောင်အထည်ဖေါ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ကျင်းပဘို့ ငြင်းဆန်နေဆဲဖြစ်တဲ့အကြောင်း ပြောဆိုသွားတာပါ၊

အောက်တိုဘာလ ၁၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိ ထုတ်ပြန်ခဲ့တဲ့ ကျေညာချက်ပါ အတိုင်း မြန်မာ စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ချက်ခြင်း တွေ့ဆုံပြီး အချိန်အတိုင်းအတာ သတ်မှတ်အကောင်အထည်ဖေါ်တဲ့ တွေ့ဆုံဆွေးနွေးရေးကို လုပ်ဆောင်ဘို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ တိုနီဖရက်တိုက ပြောဆိုခဲ့တာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်။ မနေ့က တွေ့ဆုံတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးတွေ တိုးတက်မှု မရှိတာတွေနဲ့ ပတ်သက်လို့ ဖက်က အားရကျေနပ်မှု မရှိတဲ့အကြောင်း ပြောဆိုခဲ့သလို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အကောင်းဆုံးကို မျှော်လင့်ထားတဲ့ အဆိုးဆုံး အခြေအနေတွေအတွက် ပြင်ဆင်ထားဖို့ သတိပေးစကား ပြောဆိုလိုက်တယ်လို့လည်း သိရပါတယ်။

ဒီလို ပြောဆိုခဲ့ပြီးနောက်မှာ အမေရိကန်သမ္မတအိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူရဲ့ သဘောထားတုန့်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG