သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်များ ဆက်လက် ဖမ်းဆီးခံနေရ


မြန်မာနိုင်ငံထဲမှာ အဖမ်းအဆီးတွေ များလွန်းလို့ နိုင်ငံတကာက ကျယ်ကျယ်လောင်လောင် ပြောနေတဲ့ အချိန်မှာပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်ကတော့ အဖမ်းအဆီးတွေ မရပ်သေးတဲ့အပြင် နောက်ထပ် ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေသေးတုန်းပဲလို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူတွေ ထဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အချို့လည်း ပါဝင် နေတာဖြစ်ပြီး ဒီကနေ့လည်း နောက်ထပ် လူငယ် နှစ်ဦးကို ဖမ်းသွားခဲ့ပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦးက တင်ပြထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒီရက်ပိုင်းထဲမှာပဲ အဖမ်းအဆီးတွေ ဖိနှိပ်မှုတွေ ရှိနေလို့ ပြောဆိုနေတဲ့ တချိန်တည်းမှာပဲ အာဏာပိုင်တွေဖက်က အဖမ်းအဆီးတွေ ထိန်းသိမ်းမှုတွေ ဆက်လုပ်နေတာပါ။ အခုလည်း ရန်ကုန်တိုင်း ဒဂုံမြို့သစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ အဖွဲ့ဝင် လူငယ် ၂ ဦးကို အာဏာပိုင်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အခုနောက်ဆုံး ဖမ်းဆီးမှုနဲ့ပတ်သက်လို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က အခုလို ပြောပြပါတယ်။

“ကျနော် သိတာကတော့လေ။ ဒဂုံမြို့သစ်မှာ အဲန်အယ်လ်ဒီအဖွဲ့ဝင် လူငယ်နှစ်ယောက် ၇ နာရီခွဲမှာ အဖမ်းခံရတယ်။ အကျိုးအကြောင်းတော့ မသိသေးဘူး။ တစ်ယောက်က ကိုသီဟန်တဲ့ သူက လူငယ်တာဝန်ခံ (၁)၊ နောက်တစ်ယောက်က ကိုထိန်ဝင်း လူငယ်တာဝန်ခံ (၃)။ နေအိမ်မှာ မနက်က ၇ နာရီခွဲက လာခေါ်သွားတယ်။ ခေါ်သွားတာကတော့ သတင်းတပ်ဖွဲ့ကပေါ့။”

အထူးသဖြင့် အခုနောက်ဆုံးဖမ်းဆီးမှုတွေမှာ အဲန်အယ်လ်ဒီ အဖွဲ့ဝင် လူငယ်တွေလည်း ပါဝင်နေတာပါ။ ဒီလို အဲန်အယ်လ်ဒီ လူငယ်တွေကို ဖမ်းဆီးမှုတွေ ရှိနေတဲ့အပေါ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကတော့ အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“အခုရက်ပိုင်းမှာ အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ အဖမ်းခံရတာ အထူးသဖြင့် လူငယ်တွေ ဖြစ်နေတယ်။ အဲတော့ အကျိုးအကြောင်းကို ကျနော်တို့ အခုထိ ကောင်းကောင်း မသိဘူး။ အဲဒါကို ကျနော်တို့ မှတ်ချက်ပေးရ ခက်ပါတယ်။ လက်ရှိအစိုးရက သူ့ရဲ့မူဝါဒ အတိုင်းပဲ။ အဲန်အယ်လ်ဒီကို ဖိနှိပ်ရေးဆိုတဲ့ဟာကို လုံး၀ မလျော့သေးဘူး ဆိုတဲ့သဘောကိုတော့ ကျနော်တို့ ပြောနိုင်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံက ဖမ်းဆီးမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုမှုတွေ ရှိနေချိန်မှာပဲ အခုလို ဖမ်းဆီးမှု သတင်းတွေကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတာပါ။

မနေ့ကဆိုရင်ပဲ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch က သူ့ရဲ့နှစ်စဉ် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတာ အာဏာပိုင်တွေဖက်က စက်တင်ဘာလတုန်းက သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူ ထောင်နဲ့ချီပြီး ရှိတဲ့အထဲက အများအပြားကို ပြန်လွှတ်ပေးလိုက်တယ် ဆိုပေမယ့် ထိန်းသိမ်းခံနေရသူတွေ ထောင်ဂဏန်းအထိ ကျန်ရှိနေသေးတယ်လို့ ပြောဆိုလိုက်တာပါ။

တချိန်တည်းမှာပဲ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း မြန်မာပြည် (AAPP) အဖွဲ့ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လတည်းမှာ တင်ကိုပဲ အနည်းဆုံး နောက်ထပ် လူ ၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG