ရမ်ဘို အပိုင်း - ၄ ဇာတ်ကား ကမ္ဘာတဝှမ်းမှာ ရုံတင်ပြသနေတဲ့ တချိန်တည်းမှာပဲ၊ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေ ကလည်း မြန်မာနိုင်ငံက အခြေအနေတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ နိုင်ငံတချို့မှာ လှုပ်ရှား ဆောင်ရွက်ကြဖို့ ပြင်ဆင် နေကြပါပြီ။
ဒီအထဲမှာ စင်္ကာပူနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ရုပ်ရှင်ရုံ ရုံလုံးကြွက်ငှားရမ်းပြီး ရမ်ဘိုကားကို အားပေးရင်း မြန်မာ့အရေး လှုံ့ဆော်မှုတွေ လုပ်ကြမယ်လို့ သိရပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦးက အစီရင်ခံထားပါတယ်။
ဟောလီးဝုဒ်မင်းသား စီလဗစ်စတား စတားလုံး က မင်းသား ဂျွန် ရမ်ဘို အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး မြန်မာပြည် နောက်ခံ ရမ်ဘို အပိုင်း - ၄ ရုပ်ရှင်ဇာတ်ကား ရုံတင် ပြသနေတဲ့ စင်္ကာပူနိုင်ငံက လူစည်ကားတဲ့ ရုပ်ရှင်ရုံတစ်ရုံလုံးကို ငှားရမ်းပြီး မြန်မာအရေး အများက အာရုံစိုက်မှု ရလာဖို့ လှုပ်ရှားကြမှာပါ။ လာမယ့် တနင်္ဂနွေနေ့ အားလပ်ရက်မှာ စတင်လုပ်ဆောင်မယ့် ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဦးစီးဦးဆောင်လုပ် လှုံ့ဆော်နေတဲ့ မြန်မာလူငယ် ကိုကြည်မင်း ကို မေးကြည့်တော့ သူက အခုလို ပြောပြပါတယ်။
“ဒီလိုဗျ။ ကျနော်တို့က ဒီမှာရှိတဲ့ မြန်မာတွေအားလုံးကို ရုပ်ရှင်ရုံကြီးတစ်ခုလုံးကို ကျနော်တို့က ရုံလုံးပြည့်ပေါ့နော်။ သွားပြီးတော့ အားပေးကြမယ်။ အားလုံးပေါင်း မြန်မာ ၆၀၀ ကျော် ရှိတယ်။ အားလုံး အင်္ကျီအနီတွေ ဝတ်ကြမယ်။ အင်္ကျီအနီတွေ ဝတ်တယ် ဆိုတာကလည်း သိတဲ့အတိုင်းပဲ။ လုံး၀ တော်လှန်ရေးကို ထောက်ခံတယ်၊ ပြီးတော့ စည်းလုံးညီညွတ်မှုရှိတယ် ဆိုတာကို ပြချင်တယ်။ အဲဒီ ၆၀၀ တက်လာသမျှ အားလုံး ရန်ဘိုကားကို ကြည့်ပြီးတော့ အားပေးကြမှာပေါ့နော်။ အဲဒီလို လုပ်တဲ့အခါကျတော့ ရုပ်ရှင်မပြခင်အချိန်မှာ တော်လှန်ရေးသီချင်းတွေ ဖွင့်ထားမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်သီချင်းကို ကျနော်တို့ အလေးပြုမယ်။ ပြီးတော့ ကမ္ဘာမကျေဘူး သီချင်းတွေဘာတွေ ဆိုမယ်ပေါ့နော်။ နည်းနည်းပါးပါး Speech လေး ဘာလေး ပေးမယ်။ ပြီးတော့မှာ ရန်ဘိုကားကို ကြည့်မယ်။ ကြည့်တဲအချိန်မှာ သူတို့ အားရပါးရ အားပေးကြမယ်ပေါ့။ စစ်အစိုးရကို ဒီ ရမ်ဘိုက တိုက်ခိုက်ပြတဲ့အချိန်မှာ အရင်တုန်းကလိုပဲ ကျနော်တို့ အစ်ကိုတွေ၊ ဦးလေးတွေ ပြောတဲ့အတိုင်း ရွှေဘကား ကြည့်တဲ့အခါကျတော့ ရွှေဘကို လူဆိုးက လက်သီးတွေ ဘာတွေနဲ့ ထိုးရင် သူတို့ မကျေနပ်ဘူး။ သူတို့က လူဆိုးတွေကို လက်သီးနဲ့ထိုးပြီး အနိုင်ယူတဲ့အခါကျတော့ လက်ခုပ်လက်ဝါးတွေ တီးပြီးတော့ အားပေးကြတယ်။ အဲဒီလို Environment မျိုး၊ Atmosphere မျိုးရအောင် ကျနော်တို့က လုပ်ချင်တာ။ ပြီးတော့ ဒီမှာ စင်ကာပူမှာရှိတဲ့ မျိုးချစ်မြန်မာတွေ အားလုံးကလည်း စည်းစည်းလုံးလုံးလည်း ရှိတယ်ဆိုတာကို ကမ္ဘာကို ပြချင်တယ်။”
ဒီလို ရမ်ဘိုဇာတ်ကား ပြသတုန်း မြန်မာ့အရေး ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှု ရလာစေဖို့၊ နောက် မြန်မာ့အရေး လှုပ်ရှားသူတွေ အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်လာကြဖို့ ဒီလှုံ့ဆော်မှုကို ရည်ရွယ်တာလို့လည်း သူက ဆိုပါတယ်။
“ရုပ်ရှင်တစ်ခုလုံးကို ဒီလို စုကြည့်တယ်ဆိုတာ ကျနော် သိရသလောက်ကတော့ ဘယ်နိုင်ငံမှာမှလည်း မလုပ်သေးဘူး။ အဲဒီတော့ ကျနော်တို့ အဲဒီလိုဟာမျိုး လုပ်လိုက်ရင် ဒီ့ပြင်နိုင်ငံတွေကလည်း လိုက်လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ စစ်အစိုးရကို ရတဲ့ပုံစံမျိုးစုံနဲ့ သူ့ကို မထောက်ခံပါဘူး။ သူ့ကို ဆန့်ကျင်နေပါတယ်။ သူ့ကို ဘယ်သူမှ အလိုမရှိပါဘူး ဆိုတာကို ပြသတဲ့ဟာမျိုး ဖြစ်သွားတာပေါ့ အစ်ကိုရယ်။”
မြန်မာစစ်တပ်ကို ရမ်ဘို က အနိုင်ကျဲ တိုက်ခိုက်တဲ့ ဒီရုပ်ရှင်ကို ကြည့်ရှုလိုတာက တစ်ကြောင်း၊ ဒီလှုံ့ဆော်လှုပ်ရှားမှုကို စိတ်ပါဝင်စားကြတာက တစ်ကြောင်းမို့လို့ စင်္ကာပူရောက် မြန်မာနိုင်ငံသား ရာနဲ့ချီပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ ရှိတယ်လို့လည်း ကိုကြည်မင်း က ဆိုပါတယ်။
“ပထမက ကျနော်တို့က ရုံကို လူ ၃၀၀ ပဲ ဆန့်တဲ့ရုံကို ကျနော်တို့က ယူလိုက်တာ။ ယူလည်း ယူလိုက်ရော ကျနော်တို့က ဒီ စင်ကာပူက လူတွေရဲ့ အားပေးမှုက ကြောက်စရာ ကောင်းတယ်။ ၂ နာရီလောက် အတွင်းမှာကို အကုန် ပြတ်သွားပြီးတော့ လက်မှတ် မရသေးတဲ့သူတွေကလည်း သူတို့လည်း ကြည့်ပါရစေ။ သူတို့အတွက် ထပ် လုပ်ပေးပါဆိုပြီးတော့ အဲဒီမှာ ရုံကို သွား ပြန်ပြီးတော့ ပြောင်းရတယ်။ ရုံးကို သွားပြန် ပြောင်းပြီးတော့ အဲဒီဖက်က အာဏာပိုင်တွေနဲ့လည်း ပြောတယ် ပေါ့လေ။ အဲဒါ ပြောလည်း ပြောတော့ အခု ၆၀၀ ကျော်ဆန့်တဲ့ ရုံကြီးကို ရတာ။ မြို့လယ်မှာပါပဲ ခင်ဗျ။”
စင်္ကာပူနိုင်ငံမှာ တနင်္ဂနွေနေ့ကြရင် ရုံတင်ပြသနေတဲ့ ရမ်ဘို ရုပ်ရှင်ဇာတ်ကားနဲ့ အပြိုင် လုပ်ဆောင်သွားမယ့် မြန်မာ့အရေး လှုပ်ရှားမှုမှာ ဦးစီးဦးဆောင်ပါဝင် လှုံ့ဆော်နေတဲ့ မြန်မာလူငယ် ကိုကြည်မင်း ဖြစ်ပါတယ်။
တကယ်တော့ စင်္ကာပူနိုင်ငံဟာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ တင်းတင်းကြပ်ကြပ် ချုပ်ကိုင်လေ့ရှိတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမယ့်လည်း အခုလှုပ်ရှားမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေဖက်က ခွင့်ပြုချက်တွေ ရထားပြီး ဖြစ်တယ်လို့လည်း ကိုကြည်မင်း ကပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း ပြည်နယ် အတော်များများက ရမ်ဘို အပိုင်း - ၄ ဇာတ်ကား ပြသနေတဲ့ ရုပ်ရှင်ရုံတွေမှာ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ လှုံ့ဆော်လှုပ်ရှားမှုတွေကို မနက်ဖြန်ကြရင် စတင် လုပ်ဆောင်သွားဖို့ စီစဉ်နေကြပါတယ်။