ချာဒ့် နိုင်ငံ သူပုန်တွေဟာ အခု မြို့တော် အန် ဂျန်မန်းနား မြို့ထဲကို ဝင်ရောက်ပြီး သမ္မတအိမ်တော် အနားမှာရှိတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ချာဒ် နိုင်ငံမှာ အချိန်အတော်ကြာ အုပ်စိုးထားတဲ့ သမ္မတ အစ်ဒရစ် ဒယ်ဗီ အစိုးရကို ဖြုတ်ဖို့ သူပုန်တွေရဲ့ တစ်ပတ်ကြာ ထိုးစစ်ပြီးနောက် အခုလို မြို့တော်တွင်းထိကို
ဝင်ရောက်လာနိုင်တာပါ။
ဒါကာမြို့က ဗွီအိုအေ ရုံးခွဲကနေ သတင်းထောက် Nico Colombant က ဒီအကြောင်း သတင်းပေးထားတာကို ဦးသားညွန့်ဦးက တင်ပြထားပါတယ်။
အခုလို သမ္မတအိမ်တော်အနား သူပုန်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာကို စစ်ဖက် တာဝန်ရှိသူတွေရော သူပုန်ဖက်ကရော အခြား နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေကပါ အတည်ပြု ပြောဆိုခဲ့ကြပါတယ်။
သူပုန်တွေဟာ မြို့တွင်း ဝင်ရောက်မလာခင် ဒီကနေ မနက်လင်းပိုင်းကတည်းက မြို့တော်အပြင် ကီလိုမီတာ ၂၀ လောက်မှာ ရောက်နေတာပါ။ အန် ဂျန်မားနား မြို့ခံတွေကတော့ အလွန်ပြင်းထန်တဲ့ သေနတ်သံတွေ သူတို့ ပိုကြားလာရတယ်လို့ ပြောကြပါတယ်။ သူပုန်တွေဟာ မြို့တော် အရှေ့ဖက်နဲ့ တောင်ပိုင်းကို သိမ်းပိုက်လိုက်ကြပြီး လေဆိပ်အနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ မြိုခံတွေက ပြောပါတယ်။
အခု တိုက်ပွဲက သူပုန်တွေနဲ့ အဆက်အသွယ် ရှိထားတဲ့ သူပုန်အဖွဲရဲ့ ပြည်ပရောက်နေတဲ့ ပြောခွင့်ရသူတစ်ဦးဖြစ်သူ မာခိုင်လာ နြူဗလာ ကတော့ ချာဒ် စစ်တပ်ဟာ အနည်းငယ်ပဲ ခုခံခဲ့တယ်လို့ ဆိုပါတယ်။
“အခု ထိုးစစ်အတွက် အုပ်စုပေါင်းများစွာ မဟာမိတ်ပြု ဖွဲ့ထားတဲ့ သူပုန်တပ်တွေဟာ ဆူဒန်နားက သူတို့ရဲ့ အခြေစိုက် စခန်းတွေကနေ တစ်ပတ်အတွင်း ချာဒ်တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီး အခု တစ်ရက်အတွင်းမှာပဲ မြို့တော်တွင်း ဝင်ရောက် လာနိုင်ခဲ့တယ်” - လို့ သူတို့ ဘာသာစကားနဲ့ သူပုန်အဖွဲ့ ပြောခွင့်ရသူက ပြောသွားတာပါ။
သူပုန်တွေဖက်က သူတို့အကယ်၍ အနိုင်ရ သိမ်းပိုက်ခဲ့ပြီးပြီဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးနိုင်ဖို့ နှစ်နှစ်ကြာ အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ကို ထားရှိမယ်လို့ သူပုန်ဖက်က ပြောပါတယ်။ ချာဒ်နိုင်ငံဟာ ၁၉၆၀ ခုနှစ် ပြင်သစ်နိုင်ငံကနေ လွတ်လပ်ရေး ရပြီးကတည်းကဆိုရင် အကြိမ်များစွာ အာဏာသိမ်းတာတွေ ဖြစ်ခဲ့ပါတယ်။
အခု ချာဒ်နိုင်ငံ အခြေအနေအပေါ် အလွန်အမင်း စိုးရိမ်ပူပင်မိတယ်လို့ အာဖရိက သမဂ္ဂရဲ့ အသစ် ရွေးချယ်ခံထားရတဲ့ ဂေဘွန် နိုင်ငံခြားရေးဝန်ကြီး ဂျောင်ပင်းက ပြောပါတယ်။ ဖွဲ့စည်းပုံဥပဒေနဲ့ မကိုက်ညီတဲ့ အစိုးရ ပြောင်းလဲမှုကို သူတို့ လက်ခံမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
အခု ချာဒ်သမတ ဒဲဗီ ဟာ ၁၉၉၀ ခုနှစ်ကတည်းက အာဏာယူလာခဲ့သူပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း အတော်ကြာကြာက သူဟာ သမတ သက်တမ်းကို အကန့်အသတ်မရှိ ယူနိုင်ဖို့ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ သူဟာ သူပုန်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာကို သောကြာနေ့က သွားရောက်ပြီး မြို့တော်ကို ပြန်ရောက်လာခဲ့ပါတယ်။ အခု သူဘယ်မှာရှိသလဲဆိုတာကိုတော့ စစ်ဖက်တာဝန်ရှိသူတွေက သတင်းဌာနတွေကို မပြောပါဘူး။
ချာဒ်မှာ ရေနံတွေ ရှာဖွေတွေ့ရှိလာတဲ့ အချိန်မှာပဲ သူဟာ အဂတိ လိုက်စားမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ နောက်တော့ သူ့ မျိုးနွယ်စုအခြေခံ အတွင်းပိုင်း လူတွေက သူပုန်လှုပ်ရှားမှုဖက်ကို ပြောင်းသွားကြပါတယ်။
ချာဒ်နိုင်ငံမှာ အမြဲတမ်း ချထားတဲ့ ပြင်သစ် စစ်တပ်ဟာဆိုရင် ဒီချာဒ်စစ်တပ်ကို ထောက်ပို့ ပစ္စည်းတွေနဲ့ ထောက်လှမ်းရေး အကူအညီတွေ ပေးနေတာပါ။ ဒါပေမယ့်လည်း အခု သူပုန်တွေနဲ့ တိုက်ပွဲမှာတော့ သူတို့ တိုက်ရိုက်ပါဝင်တာ မလုပ်ဘူးလို့ ဆိုပါတယ်။
အခု ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ချာဒ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ နောက် အနီးအနား အလယ်အာဖရိက တိုင်းပြည်က တိုက်ပွဲတွေကြောင့် ပြေးလာသူတွေ၊ ဆူဒန် ဒါဖောကြောင့် ပြေးလာတဲ့ ဒုက္ခသည်တွေကို လုံခြုံမှု ပေးနိုင်ဖို့ ဥရောပသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းတပ်တွေ စေလွှတ်ရေး အစီအစဉ်ဟာလည်း ရွှေ့ဆိုင်းထားရပါတယ်။
ချာဒ်အပါအဝင် ပတ်ဝန်းကျင် သုံးနိုင်ငံက မတူကွဲပြားတဲ့ သူပုန်အဖွဲ့တွေ အုပ်စုတွေ ရပ်ရွာလုံခြုံရေး တပ်ဖွဲ့တွေ လူမျိုးနွယ်စုတွေအကြား တိုက်ပွဲတွေကြောင့် အခု မကြာသေးတဲ့ နှစ်တွေအတွင်းမှာ အဲဒီနိုင်ငံ နယ်စပ်တလျှောက်မှာ အခြေအနေ အားလုံး ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။