သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည် ရာသီဥတု ဆိုးရွား၊ လူ ၁၀ သန်းနီးပါး ထိခိုက်


တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အခု ဆောင်းရာသီဟာ ဒီ့ထက် ဆိုးရွားလာလိမ့်မယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ခန့်မှန်းခဲ့ကြပါတယ်။ သန်းနဲ့ချီတဲ့ တရုတ်ပြည်သူလူထုဟာ အခုတစ်ပတ် ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကြောင့် အတော်ကို ထိခိုက်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းဟာ နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့အတွက် ဆောင်းရာသီရဲ့ ဆိုးရွားတဲ့ဒဏ်ကို သိပ်မခံစားရပေမယ့် မြို့တော်ဟာ တရုတ်လူထုရဲ့ ဒုက္ခတွေနဲ့ စီးပွားရေး ထိခိုက်မှု ဒဏ်တွေကိုတော့ ခံနေရတယ်လို့ Stephaine Ho က သတင်းပေးပို့ထားတာကို ဦးထွန်းအောင်က တင်ပြထားပါတယ်။

တရုတ်နှစ်သစ်ကူးမတိုင်ခင် ရက်အနည်းငယ်အလို ဈေးဝယ်သူတွေဟာ ဘေဂျင်းမြို့ရဲ့ ဝန်ဖူကျင်း လမ်းမပေါ်မှာ စနေနေ့မှာ လမ်းလျှောက်နေကြပါတယ်။ သူ့နံမည်ကို မပေးလိုတဲ့ တရုတ် အမျိုးသား တစ်ဦးက နှင်းမုန်းတိုင်းကြောင့် ဘေဂျင်းမြို့ လုံး၀ ထိခိုက်ခြင်း မရှိဘဲ အများသောအားဖြင့် သယ်ယူပို့ဆောင်ရေးကိုသာ ထိခိုက်စေခဲ့တယ်လို့ ပြောပါတယ်။

“သာမန်အားဖြင့် ရာသီဥတု အပူအအေး မျှတတဲ့ တောင်၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ နှင်း အကြီးအမား ထူထပ်တဲ့အတွက် ဌာနေအိမ်ပြန်ကြတဲ့ သန်းနဲ့ချီ ပြည်သူတွေဟာ ဘူတာရုံတွေမှာ ပိတ်မိနေကြပြီး အခြေအနေဟာ ဗရမ်းဗတာ ဖြစ်ခဲ့ရပါတယ်။”

နှင်းနဲ့ရေခဲကြောင့် လျှပ်စစ်လှိုင်းတွေ ပြတ်ေတောက်ပြီး သန်းနဲ့ချီလူတွေ လျှပ်စစ်မီးမရဘဲ ဖြစ်သွားပါတယ်။ ရာသီဥတု ဆိုးတဲ့အတွက် ကျောက်မီးသွေး ရှားပါးမှု အခြေအနေဟာလည်း ပိုပြီးတော့ ကြီးထွားစေပြီး တိုင်းပြည်မှာ လျှပ်စစ်ဓါတ်အား အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တရုတ်ခေါင်းဆောင်တွေက သူတို့ စိုးရိမ်ကြောင့် ပြသဖို့ ကြိုးစားနေကြပါတယ်။ ဝန်ကြီးချုပ် ဝန်ကျားပေါင် က တစ်ပတ်အတွင်း ကူနန် ခရိုင်ကို နှစ်ကြိမ်ပင် သွားရောက်ခဲ့ပါတယ်။ အခြေခံ ဝန်ဆောင်မှုတွေ ပြန်ရအောင် လုပ်ပေးဖို့ လူူတွေ အားသွန်ကြိုးစားရန် သူက ဒေသအရာရှိတွေကို ဆော်သြခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းအတွက် သိန်းနဲ့ချီ စစ်သားတွေကို အစိုးရက အသုံးပြုနေပါတယ်။ နှစ်သစ်ကူးပွဲတော် မတိုင်ခင် ဝယ်လိုမှုအား ကောင်းမှာကို ဖြည့်ဆည်းပေးဖို့ ကုန်သွယ်ရေး ဝန်ကြီးဌာနက သူတို့ အရံ ထားရှိတဲ့ ဝက်သားတန်ချိန် ၁၈,၀၀၀ ကို ရောင်းချဖို့ ခွင့်ပြုခဲ့ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ရှားပါးမှု သက်သာစေဖို့လည်း ဆောင်ရွက်ပေးမယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။

နှင်းမုန်တိုင်းတွေ ကျပြီးတဲ့နောက်ပိုင်း ဘေဂျင်းမြို့သူမြို့သားတွေရဲ့ အကြီးမားဆုံး ပြဿနာဟာ ပစ္စည်းအများအပြား အထူးသဖြင့် အစားအစာတွေဟာ ပိုပြီး ဈေးကြီးလာတာပဲ ဖြစ်တယ်လို့ ဘေဂျင်းမြို့ ဝန်ဖူကျင်း လမ်းပေါ်မှာ သူမရဲ့ သားနဲ့ ဈေးဝယ်နေသူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ပစ္စည်းစုံတာကတော့ သိပ်မထူးပေမယ့်လို့လည်း ဈေးကြီးတာကတော့ သေချာပါတယ်။”

တရုတ်နှစ်သစ်ကူးမတိုင်ခင် ဈေးတွေဟာ အမြဲ ကြီးလေ့ရှိပေမယ့် ဒီနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ စတင်မယ့် နှစ်သစ်ကူးပွဲတော်အတွက်တော့ နှင်းတွေကြောင့် ဈေးတွေ ပိုလို့ပင် ကြီးစေခဲ့ပါတယ်။ ဘေဂျင်းမှာ ရာသီဥတု မပြင်းထန်ပေမယ့် တရုတ်ပြည် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ရာသီဥတု ဆိုးတဲ့ကြားကနေ အပူဓါတ်ရဖို့ လျှပ်စစ်ဓါတ်အား ပြတ်လက်မှုကြောင့် ဒုက္ခတွေ ပိုပြီးတော့ ဆိုးသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG