အမေရိကန် စီးပွားရေး ဦးမော့လာအောင် မြေတောင်မြှောက်ပေးမယ့် အဆိုပြုချက် ဥပဒေကြမ်းကို လာမယ့် သီတင်းပတ်အတွင်း အမေရိကန် အထက်လွှတ်တော်အမတ်တွေ ရှေ့သီတင်းပတ်ထဲမှာ မဲပေးဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် စကော့တ် စတန်းစ် (Scott Stearns) သတင်းပေးပို့ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကို ကူညီထောက်ပံ့ပေးဖို့ လိုအပ်နေပြီဆိုတာကို
ဝါရှင်တန်မှာရှိတဲ့ နိုင်ငံရေးသမားတွေအားလုံးက သဘောတူကြပါတယ်။ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာပြီး အိမ်ယာဈေးနှုန်းတွေ ကျဆင်းလာမှုဟာ သုံးစွဲသူတွေနဲ့ စီပွားရေးလုပ်ငန်းတွေကို အများကြီး ထိခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် စတုတ္ထလေးလပတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၀.၆ % ပဲရှိပါတယ်။
သမ္မတဘုရှ်နဲ့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် လွှတ်တော်နှစ်ရပ်စလုံးက ခေါင်းဆောင်တွေဟာ ဒေါ်လာသန်းပေါင်း ၁၆၄,၀၀၀ အခွန်လျှော့ပေါ့ရေးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွင့်အလန်းတွေပေးဖို့ စီမံချက်ချ ဆောင်ရွက်နေပါတယ်။ စီမံချက်အရ အလတ်တန်းစား
ဝင်ငွေရရှိသူ အခွန်ပေးတဲ့ ပြည်သူတွေကို အခွန်ပေးထားတဲ့ငွေထဲက ဒေါ်လာ ၆၀၀ ပြန်အမ်းပေးမှာလည်း ပါဝင်ပါတယ်။
ဒါပေမယ့် အထက်လွှတ်တော်အမတ်တွေက ဒီစီမံချက်အတွက် ဒေါ်လာ သန်းပေါင်း ၁၀,၀၀၀ ကျော် ဖြည့်စွက်သုံးစွဲလိုကြပါတယ်။ လာမယ့်သီတင်းပတ် မဲပေးဆုံးဖြတ်မယ့် စီမံချက်မှာ အောက်လွှတ်တော်ရဲ့ အစီအစဉ်မှာမပါတဲ့ ချမ်းသာတဲ့ အမေရိကန် ပြည်သူတွေ၊ မသန်စွမ်းဖြစ်နေတဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေ၊ အခွန်ဆောင်ခဲ့ကြတဲ့သူတွေကို ဒေါ်လာ ၅၀၀ ပြန်ပေးဖို့လည်း ပါဝင်ပါတယ်။
တချို့ ဒီမိုကရက်အထက်လွှတ်တော်အမတ်တွေက အလုပ်လက်မဲ့တွေအတွက် အကျိုးခံစားခွင့်တွေ၊ အစားအသောက် ထောက်ပံ့မှုတွေ၊ လူတွေကို နွေးနွေးထွေးထွေး နေနိုင်ရေး အိုးအိမ် အကူအညီတွေကို တိုးပြီးပေးလိုကြပါတယ်။
အနောက်ဗာဂျီးနီယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဒီမိုကရက်ပါတီက ဂျိုးမန်ချင်း (Joe Manchin) က လွှတ်တော်နှစ်ရပ်လုံးက အမေရိကန်စီပွားရေး ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်မှုဟာ ရေတိုအတွက် အချိန်ကိုက် လုပ်ဆောင်တဲ့ စီမံချက်ဖြစ်တယ်လို့ သူရဲ့ အမြင်ကို ဒီမိုကရက်ပါတီရဲ့ အပတ်စဉ်စနေနေ့ ရေဒီယိုထုတ်လွှင့်မှုမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သမ္မတဘုရှ်အစိုးရရဲ့ စီမံအုပ်ချုပ်မှုနဲ့ စီးပွားရေးအပေါ် ကိုင်တွယ်မှုတွေကို ဝေဖန်
ပြစ်တင်ခဲ့ပါတယ်။
“ကျွန်တော်တို့ အားလုံးသိပါတယ်၊ ယာယီ ဖြေရှင်းတဲ့နည်းလမ်းဆိုတာ ယာယီအတွက်ပဲ ဖြေရှင်းတဲ့ စီမံချက်ပါ။ နိုင်ငံတ၀ှမ်းမှာရှိတဲ့ ဒီမိုကရက်တွေက ရင်ဆိုင်လာရမယ့် စိန်ခေါ်အကဲစမ်းမှုတွေကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နိုင်အောင်၊ ပြည်သူလူထုအတွက် ထိုက်တန်တဲ့ အလုပ်အကိုင်ကောင်းတွေ ထိန်းသိမ်း ဖန်တီးပေးနိုင်အောင် အကျိုးခံစားခွင့်တွေ ပေးနိုင်အောင် လုပ်ကိုင်ဖို့အတွက် ဆုံးဖြတ် ဆောင်ရွက်နေပါတယ်။”
သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ စီးပွားရေး အစီရင်ခံစာမှာ လေးနှစ်အတွင်း အမေရိကန် စီးပွားရေးဟာ ပြီးခဲ့တဲ့လက ပထမဆုံးအကြိမ် အလုပ်လက်မဲ့တွေ များခဲ့ရတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။
သမ္မတဘုရှ်က စီးပွားရေးခေါင်းဆောင်တွေနဲ့ သောကြာနေ့က ကန်းဆတ်စ် (Kansas) မှာ တွေ့ဆုံပြောကြားရာမှာ ဒီလို စီးပွားရေး ပြန်လည် ဦးမော့လာဖို့ အဆိုပြုချက်ကို အထက်လွှတ်တော်အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချ ဆောင်ရွက်ရမယ့် အချိန်ရောက်နေပြီလို့ ပြောဆိုခဲ့ပါတယ်။
အထက်လွှတ်တော်အနေနဲ့ သူတို့ရဲ့အလုပ်ကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ စားသုံးသူတွေရဲ့လက်ထဲကို ငွေမြန်မြန် ရောက်လေလေ စီးပွားရေး မရေမရာဖြစ်နေတဲ့ ကာလကနေ ပြန်ပြီး မြန်မြန် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။