အမေရိကန် ရုပ်ရှင်မင်းသား Sylvester Stallone က မြန်မာပြည်ကို သွားလုပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အမေရိကန် စစ်တပ်က စစ်ပြန် တိုက်ခိုက်ရေးသမား Rambo အခန်းခွဲ နံပါတ် ၄ ဇာတ်ထုတ် အဖြစ် မြန်မာပြည်မှာ ခရစ်ယာန်အထောက်အပံ့ပေးနေတဲ့ ဝန်ထမ်းများကို စစ်အစိုးရရဲ့ စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီးသွားတာကို သွားရောက်ကယ်တဲ့ ဇာတ်လမ်းစဉ်ထားပါတယ်။
မြန်မာပြည်မှာ Rambo နံပါတ်လေး ရုပ်ရှင်ကားမပြရအောင် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီးတော့ ရန်ကုန်မြို့မှာလည်းပဲ ခိုးကူးလာတဲ့ DVD အခွေတွေမရောင်းရ၊ မငှားရလို့ဆိုကာ ရဲက တင်းတင်းကျပ်ကျပ်စောင့်ကြည့်နေပါတယ်။
ဒီဇာတ်ကားကို ပူးတွဲ ဇာတ်ညွှန်းရေး၊ ကိုယ်တိုင် ဒါရိုက်တာလုပ်၊ ကိုယ်တိုင် သရုပ်ဆောင်တဲ့ မင်းသားစတားလုံးက တိုက်ခိုက်ရေး စိတ်ဓာတ်တွေ ဒီရုပ်ရှင်ကားက လူတွေကို တက်ကြွစေလိမ့်မယ်လို့ ယုံကြည်ကြောင်း သတင်းထောက်များကို ပြောကြားပါတယ်။ သူ့အနေနဲ့ မြန်မာပြည်ကို သွားပြီး စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ရင်ဆိုင်ရမလား၊ သွားချင်တယ်၊ ဝါရှင်တန်မြို့မှာ ကွန်ဂရက်လွှတ်တော်အတွင်း အခြေအတင် ကြားနာပွဲမှာ ပါရမလား၊ ပါချင်ပါတယ်လို့ ပြောဆိုပါတယ်။
Ramboအပိုင်းလေး ရုပ်ရှင်ကားကို ကြည့်လိုက်ရတဲ့ မြန်မာတွေကတော့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့နေရခြင်းထက်၊ အဓိပ္ပါယ်ရှိရှိ သေသော်မှတည် သြော်ကောင်း၏ဆိုတာကို နှစ်နှစ်ချိုက်ချိုက် သူတို့ရဲ့ လှုပ်ရှားမှုမှာ အသုံးချနေတာကို တွေ့ရတယ်။ အဲဒါကို တွေ့ရလို့ ဒီရုပ်ရှင်ကားရိုက်ကူး သရုပ်ဆောင်ရတာ ဝမ်းမြောက် ဂုဏ်ယူမိတယ်လို့ မင်းသား စတားလုံးက ပြောဆိုပါတယ်။