သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရွေးကောက်ပွဲအတွက် အရေးကြီးသည့်အချိန် ရောက်လာ


အမေရိကန်သမ္မတလောင်း အဖြစ် ပါတီကိုယ်စားပြု ရွေးချယ်ခွင့်ရရေး အတွက် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ပါတီတွေက သမ္မတ ကိုယ်စားလှယ်လောင်းတွေ ဟာ အကျိတ်အနယ် မဲဆွယ် စည်းရုံး နေကြပါတယ်။ အင်္ဂါနေ့ ပြည်နယ် ၂၂ ခုမှာ ကျင်းပမယ့် အဓိက ကျတဲ့ အကြို ရွေးချယ်ပွဲတွေမှာ အနိုင်ရရှိရေး အပြင်းအထန် လုပ်ဆောင်နေကြတာပါ။ အဲဒီပြည်နယ်တွေ ထဲမှာ ကာလီဖိုးနီးယား၊ နယူးယောက်နဲ့ အီလီနွိုင်း ပြည်နယ်တွေလည်း ပါဝင် ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Paula Wolfson သတင်း ပေးပို့ ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

ရီပတ်ဘလီကန် ပါတီရဲ့ သမ္မတလောင်း ရွေးချယ်ပွဲမှာတော့ အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း တစ် ပြေးနေတာကို နောက်ဆုံးကောက်ယူတဲ့ လူထု စစ်တမ်းတွေက ပြနေပါတယ်။

ဒီမိုကရက်တစ် ပါတီဘက်မှာတော့ အထက် လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ ဘာရတ်ခ် အိုဘားမားနဲ့ ဟီလာရီ ကလင်တန်တို့ဟာ တန်းတူနီးပါး ထောက်ခံမှု ရနေကြပါတယ်။

အမေရိကန်ပြည်နယ် ထက်ဝက် နီးပါးက မဲဆန္ဒရှင်တွေ မဲပေးကြမယ့် အင်္ဂါနေ့မှာ ရလဒ်ကောင်းတွေ ထွက်လာဖို့ သူတို့ သုံးယောက်စလုံးက မျှော်လင့် နေကြပါတယ်။

တနင်္ဂနွေနေ့မှာတော့ ကိုယ်စားလှယ် လောင်းတွေဟာ ပြည်နယ် များနိုင်သမျှ များများက မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ဖို့ တနိုင်ငံလုံး လွှင့်တဲ့ ရုပ်မြင်သံကြား သတင်းဌာနတွေနဲ့ တွေ့ဆုံ မေးမြန်းခန်းတွေ လုပ်ခဲ့ကြပါတယ်။

မက်ကိန်းက လက်ရှိ လူထုစစ်တမ်းမှာ သူရထားတဲ့ အနေအထားနဲ့ သူ့ပါတီက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ထောက်ခံမှုတွေ အပေါ် ကျေနပ်မိတဲ့ အကြောင်း Fox ရုပ်မြင်သံကြားရဲ့ တနင်္ဂနွေ အစီအစဉ်တခုမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကွန်ဆာဗေးတစ် အယူဝါဒရှိသူ အမာခံတွေရဲ့ ထောက်ခံမှုကို ရဖို့ သူ အများကြီး လုပ်ရဦးမယ် ဆိုတာကို အသိအမှတ်ပြု ပြောခဲ့ပါတယ်။

“အဓိကအချက်က ပါတီကို ညီညွတ်အောင် လုပ်ဖို့ပါ။ Jack Kemp၊ Phil Gramm နဲ့ Steve Forbes တို့လို ပုဂ္ဂိုလ်တွေရဲ့ အခိုင်အမာ ထောက်ခံမှုကိုတော့ ကျနော်တို့ ရထားပြီးသားပါ။ အဲဒီလို ခိုင်မာတဲ့ ထောက်ခံမှု မျိုးတွေကို ပါတီထဲကနေ ကျနော်တို့ ရထားပြီးသား ဖြစ်ပေမယ့် ကျနော်တို့ အများကြီး လုပ်ရဦးမှာပါ။”

မက်ဆာချူးဆက် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်တ် ရွမ်နီဟာ စစ်တမ်းတွေမှာ မက်ကိန်းနောက် ရောက်နေပြီး အင်္ဂါနေ့မှာ သူ့ကို ထောက်ခံကြဖို့ ကွန်ဆာဗေးတစ်တွေကို စည်းရုံးနေပါတယ်။ မက်ကိန်းဟာ ရီပတ်ဘလီကန် ပါတီရဲ့ သမ္မတ ကိုယ်စားလှယ် လောင်းဖြစ်ဖို့ရာ သိပ်ပြီး လစ်ဘရယ် ကျလွန်းတဲ့ အယူဝါဒရှိတယ် ဆိုပြီး စီအန်န်အန်န်ရဲ့ Late Edition အစီအစဉ်မှာ အဓိကကျတဲ့ ကိစ္စရပ် အများအပြားကို ရွမ်နီက ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

“သူဟာ ရီပတ်ဘလီကန်ပါတီရဲ့ အဓိက လမ်းကြောင်းမှာ ရှိမနေပါဘူး။ ဒီပွဲဟာ ပါတီရဲ့ ထောက်ခံမှုကို အပြည့်အဝရဖို့ လုပ်ဆောင်ရမယ့် ပွဲဖြစ်သလို နိုင်ငံရဲ့ ထောက်ခံမှုကိုလည်း ရအောင် လုပ်ရမယ့်ပွဲပါ။”

ဒီမိုကရက်တစ်ပါတီရဲ့ ရွေးချယ်ပွဲမှာ နှစ်ယောက်ထဲပဲ ကျန်တော့တဲ့ ကိုယ်စားလှယ်လောင်းတွေ ကတော့ အထွေထွေ ရွေးကောက်ပွဲမှာ မက်ကိန်း ကို ဘယ်လို အနိုင်ရအောင် လုပ်မယ်ဆိုတာ ပြောနေကြပါပြီ။ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို စိတ်ပျက် လက်ပျက် ဖြစ်နေခဲ့ကြတဲ့ မဲဆန္ဒရှင် အသစ်တွေကို စည်းရုံးပြီး ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲသာမက သမ္မတ ရွေးကောက်ပွဲ ကိုပါ အနိုင်ရအောင် လုပ်မယ်လို့ CBS ရုပ်မြင်သံကြား အစီအစဉ် Face the Nation မှာ ဘာရတ်ခ် အိုဘားမားက ပြောခဲ့ပါတယ်။

“တခါမှ မဲမပေးဖူးသေးတဲ့ ငယ်ရွယ်တဲ့ မဲဆန္ဒရှင်တွေ၊ တသီးပုဂ္ဂလ မဲဆန္ဒရှင်တွေနဲ့ စိတ်ပျက် နေကြတဲ့ ရီပတ်ဘလီကန် မဲဆန္ဒရှင် တွေကိုတောင်မှ ကျနော်တို့ ဆက်ပြီး စည်းရုံးနိုင်မယ် ဆိုရင် ကျနော်ထင်ပါတယ်၊ ကျနော်တို့ အတော်လေး အခြေအနေ ကောင်းမှာပါ။”

ဟီလာရီ ကလင်တန်ဟာ ရီပတ်ဘလီကန် တွေကို အထိတ်တလန့် ဖြစ်စေလိမ့်မယ်လို့ အိုဘားမား က ပြောပါတယ်။ ဒါပေမယ့် ကလင်တန်ကတော့ သူဟာ ပြင်းထန်တဲ့ မဲဆွယ် စည်းရုံးမှုတွေကို ခံနိုင်ရည် ရှိဖို့ လိုအပ်တဲ့ အတွေ့အကြုံရှိပါတယ်လို့ ဆိုပါတယ်။

“ရီပတ်ဘလီကန်တွေရဲ့ တိုက်ခိုက်မှုတွေကို ကျမ ထပ်ခါထပ်ခါ ဖြတ်သန်းခဲ့ဖူး ပါပြီ။ ရီပတ်ဘလီကန်တွေ စိတ်ပျက်သွားရ လောက်အောင် ကျမ ရပ်တည်နိုင်ခဲ့ရုံသာ မက အောင်မြင်မှုလည်း ရခဲ့တယ်ဆိုတာ ကျမ သက်သေပြခဲ့ပြီးပြီလို့ ယုံကြည်ပါတယ်။”

အထွေထွေ ရွေးကောက်ပွဲတွေဟာ အကြို ရွေးကောက်ပွဲတွေထက် အများကြီး ပိုပြင်းထန်တယ်၊ ရီပတ်ဘလီကန် တွေကို ယှဉ်ပြိုင်ပြီး ဒီမိုကရက်ပါတီကို ဦးဆောင်ဖို့ အကောင်းဆုံး ပုဂ္ဂိုလ်ဟာ သူပဲဖြစ်တယ်လို့ ABC ရုပ်မြင်သံကြားရဲ့ This Week အစီ အစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကလင်တန်က ပြောခဲ့ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG