သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချဒ်နိုင်ငံတွင် တိုက်ပွဲများပြင်းထန်ဆဲ၊ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးထိုင်


ချဒ် သမ္မတ နိုင်ငံမှာ သူပုန်တပ်တွေနဲ့ အစိုးရတပ်တွေ အကြားတိုက်ပွဲတွေ အပြင်းအထန်ကျင်းပနေချိန် ချဒ်နိုင်ငံရေး ဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးထိုင်နေပါတယ်။

ချဒ်နိုင်ငံမြို့တော် အင်ဂျမီနာ မှာ တဖြေးဖြေးယိုယွင်းလာနေတဲ့အခြေအနေတွေကြောင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ အထူးတလည်ကို စိုးရိမ်နေတယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေဟာ နိုင်ငံရဲ့ တခြားနေရာတွေကို ပျံ့နှံ့သွားတာနဲ့အမျှ ချဒ်နိုင်ငံ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် လေးသိန်းကျော်တို့အတွက် အသက်ကယ်အထောက်အပံ့တွေ အနှောက်အယှက် ဖြစ်မှာလည်း သူစိုးရိမ်တဲ့အကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

သူပုန်တွေဟာ မြို့တော်ရဲ့ တစိတ်တပိုင်းကို ထိန်းချုပ်ထားပေမယ့် သမ္မတ အီဒရစ် ဒယ်ဘီ ခြေကုတ်ယူခုခံနေတဲ့ သမ္မတနန်းတော်ကိုတော့ မသိမ်းနိုင်သေးဘူးလို့ မြို့တော် အင်ဂျမီနာ ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

စက်သေနတ်တွေ၊ အမြောက်တင် ဒရက်ကားတွေနဲ့ စနေနေ့က မြို့တော်ထဲ ဝင်လာခဲ့တဲ့ သူပုန်တွေကို အစိုးရတပ်တွေက ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။ တိုက်ပွဲတွေဟာ ဆူဒန်နယ်စပ်နားက အရှေ့ပိုင်းမြို့ အယ်ဒရေ ထိရောက်သွားပြီလို့လည်း ဆိုပါတယ်။ သူပုန်တွေရဲ့ တိုက်ခိုက်မှုကို တနင်္ဂနွေနေ့မှာ တွန်းလှန်နိုင်ခဲ့တယ်လို့ အစိုးရတပ်တွေကဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG