သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး အဖွဲ့သစ်ကို ထိုင်းဘုရင် အတည်ပြု


ထိုင်းဝန်ကြီးချုပ် ဆမတ် ဆန်ဒရာဗာဂျ် ကနေ ထိုင်းဘုရင်ထံကို တင်သွင်းလိုက်တဲ့ ထိုင်းဝန်ကြီး အဖွဲ့သစ်ကို ထိုင်းဘုရင်က အတည်ပြုပေးလိုက်ပါပြီ။ ယခင်
ဝန်ကြီးချုပ်ဟောင်း ထဆင် ရှင်နဝပ်ကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းယူ လိုက်ပြီး တဲ့နောက် ပထမဆုံး ရွေးကောက် တင်မြောက်ခံရတဲ့ အစိုးရအဖွဲ့လည်း ဖြစ်ပါတယ်။ အခု ဝန်ကြီး အဖွဲ့စာရင်း မှာတော့ ယခင် ဝန်ကြီးချုပ်ဟောင်း ထဆင်ကို လိုလားထောက်ခံသူတွေနဲ့ ဖွဲ့စည်းတာဖြစ်ပြီး သူတို့ဟာ စစ်တပ်ကနေ နောက်ထပ် နိုင်ငံရေးမှာ စွတ်ဖက်တာ မျိုးတွေ မလုပ်နိုင်ဖို့ ခြေလှမ်းပြင် ဆောင်ရွက်နေ ကြတယ်လို့ ဘန်ကောက်မြို့ကနေ ဗွီအိုသတင်းထောက် Luis Ramirez က သတင်းရေးသားပေးပို့ထားပါတယ်။ အကြောင်စုံကို ဦးသားညွန့်ဦးက တင်ပြထားပါတယ်။

အခု ဒီကနေ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာပဲ ထိုင်းဘုရင် ဘူမိဘောလ် အဒူရာဒချ် ကနေ အစိုးရအဖွဲ့သစ် စာရင်း တင်ပြထားတာကို အတည်ပြုပေးခဲ့ပါတယ်။

ဝန်ကြီးချုပ်သစ်ဖြစ်တဲ့ ဆမာဒ် ဆွန်ဒရာဗာဂျ်ကတော့ ဝန်ကြီးချုပ် တာဝန်အပြင် ကာကွယ်ရေး ဝန်ကြီး တာဝန်ကိုပါ ယူထားပါတယ်။ ဒါဟာ စစ်တပ်ကို ထိန်းညှိနိုင်အောင်လုပ်တဲ့ နည်းနာသဘောလို့ ယူဆရပါတယ်။

မစ္စတာ ဆမာဒ်အပါအဝင် ဝန်ကြီးအဖွဲ့ဝင် အတော်များများဟာ ယခင်
ဝန်ကြီးချုပ်ဟောင်း ထဆင်ရှင်နဝပ်နဲ့ အတော်လေးနီးစပ်သူတွေပါ။ ၂၀၀၆ခုနှစ်အတွင်းက စစ်တပ်က အာဏာသိမ်း မစ္စတာ ထဆင်ကို ဖယ်ရှားပြီးတဲ့နောက်တော့ စစ်တပ်က ခန့်လိုက်တဲ့ အစိုးရအဖွဲ့ဟာ မစ္စတာ ထဆင်ရဲ့ ထိုင်းရတ်ထိုင်းပါတီကို ဖျက်သိမ်းလိုက်ပြီး မစ္စတာထဆင်ကိုလည်း နိုင်ငံရေး ၅နှစ် မလုပ်ရဘူးဆိုပြီးတော့ ပိတ်ပင်ပစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးကတည်းက ပြည်ပကို ရောက်ရှိနေတဲ့ မစ္စတာ ထဆင်ကတော့ အခု ထိုင်းနိုင်ငံရေးဖြစ်ပျက်နေတာတွေကို အနီးအနား ဟောင်ကောင် ကနေ စောင့်ကြည့်နေပါတယ်။

ဝန်ကြီးချုပ်သစ် ဆာမတ်ကတော့ မစ္စတာ ထဆင်အပေါ်မှာ ထောက်ခံ လိုလားမှုရှိတယ် ဆိုတာကို ရှင်းရှင်း ပွင့်ပွင့်လင်းလင်းကို ထုတ်ပြောထားပါတယ်။ ဒါပေမယ့် သူဟာ မစ္စတာထဆင်ရဲ့ ရုပ်သေးရုပ်တော့ မဟုတ်ဘူးလို့ ပြောပါတယ်။ ဗွီအိုအေနဲ့ လုပ်ထားတဲ့ မကြာသေးခင်က မေးမြန်းခန်း တခုမှာတော့ သူဟာ မစ္စတာ ထဆင်နဲ့ အတော်လေး နီးနီးကပ်ကပ် အဆက်အဆံ ရှိတယ်လို့ ပြောပါတယ်။

“သူ့မှာ ဘာအခန်းမှ မရှိပါဘူး။ ဥပဒေအတိုင်းဆိုရင် သူဟာ နိုင်ငံရေးထဲကို နောက်ငါးနှစ်အထိ ပြန်ဝင်လို့ မရပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ။ အလွတ်သဘောမျိုးတော့ ကျနော်တို့ သူနဲ့ အပြန်အလှန် ပြောဆို ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် သူကို ရာထူးတခုခု တနေရာရာ ပေးမှာ မဟုတ်ပါဘူး။ ကျနော် တဦးချင်းအနေနဲ့တော့ ဘာကိစ္စမျိုးကိုမဆို ကျနော်သူနဲ့ ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။ ”

ပြီးခဲ့တဲ့ လအတွင်းကတော့ တရားရုံးချုပ်ကနေ မစ္စတာ ဆာမာဒ်ပါတီရဲ့ ပီ ၃လုံးပါတီဟာ ရွေးကောက်ပွဲမှာ မဲကလိမ်ကျတာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို ပယ်ချခဲ့ပါတယ်။ အတိုက်အခံတွေ ကတော့ ဒီ ပြည်သူ့အာဏာပါတီ ပီ ၃လုံးပါတီဟာ မစ္စတာ ထဆင်ကို ကိုယ်စားပြုပြီး နိုင်ငံရေးထဲမှာ ပါနေတာလို့ စွတ်စွဲခဲ့ကြပါတယ်။ ပီ ၃လုံးပါတီဟာ အခု ပြီးခဲ့တဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲ အတွင်းမှာ တော့ အမတ်နေရာအတော်များများကို ရရှိခဲ့ပြီး အခုတော့ အခြား နိုင်ငံရေးပါတီငါးခုနဲ့တွဲညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး နေရာကို မစ္စတာ ဆမတ်က ယူထားတဲ့အပြင် အခြား အရေးကြီးတဲ့ ဝန်ကြီး နေရာတွေကိုလည်း မစ္စတာ ထဆင်ရဲ့ လူတွေက ယူထားတယ်လို့ ပြောရမှာပါ။ အခု နိုင်ငံခြားရေး ဝန်ကြီးသစ်ဖြစ်တဲ့ Nopidon Pattama ဟာဆိုရင်လည်း မစ္စတာထဆင်ရဲ့ ရှေ့နေဖြစ်ပါတယ်။

အခု ညွန့်ပေါင်းအစိုးရအနေနဲ့ မစ္စတာထဆင်ကို တိုင်းပြည်ကို ပြန်ခေါ်ပြီး သူကို စွဲချက်တင်ထားတဲ့ အဂတိ လိုက်စားမှုတွေကနေ ကင်းရှင်းကြောင်း လုပ်ဖို့ အချိန်ကာလပဲလိုတော့တယ်လို့ နိုင်ငံရေး လေ့လာသူတွေကတော့ ယူဆနေပါတယ်။

မစ္စတာထဆင်ဟာ အဂတိလိုက်စားတယ်၊ ဆွေမျိုးစုကောင်းစားရေးလုပ်တယ်။ နောက် ထိုင်းဘုရင် ကို မရိုမသေလုပ်တယ်လို့ စွတ်စွဲပြောဆိုမှုတွေ ခံခဲ့ရပြီး လအတန်ကြာ ဆန္ဒပြတာတွေ ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း မစ္စတာ ထဆင်ဟာ ဝင်ငွေနည်းပါးသူတွေနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရနေတုန်းလို့ ဆိုရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG