မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားတွေရဲ့အခြေအနေ၊ အထူးသဖြင့် အမျိုးသမီးအကျဉ်းသားနိုင်ငံရေးသမားတွေရဲ့အခြေအနေဟာ ညှင်းပမ်းနှိပ်စက်ခံရမှုနဲ့ စောင့်ရှောက်မှုအားနည်းတာတွေကြောင့် ကျန်းမာရေးဆိုးဆိုးဝါးဖြစ်နေကြတယ်လို့ သိရပါတယ်။ မအေးအေးမာက ဒီအကြောင်းကို စုံစမ်းမေးမြန်းထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာပီညဲရိုးရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာတော့ စက်တင်ဘာလှုပ်ရှားမှုကြီးအတွင်း ထိန်းသိမ်းခံနေရသူတွေရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ဆေးကုသခွင့်ပေးဖို့တောင်းဆိုထားပါတယ်၊ အခုဆိုရင် (၈၈)မျိုးဆက် ကျောင်းသူတဦးဖြစ်တဲ့ မမီးမီးဟာ နှလုံးရောဂါဝေဒနာကို ခံစားနေရသူ တယောက် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။
“ အခုအခြေအနေကတောတော်တော်လေး သူက နှလုံးရောဂါအခြေအနေသိပ်မကောင်းဘူး၊ ဆေးကုသခွင့်တောင်းတာ၊ ဆေးလည်းမရဘူး၊ ကုသခွင့်လည်းမရဘူး၊ အဲဒီတော့ မီးမီးက ဆေးကုသခွင့်ကိုလည်း သူစွန့်လွှတ်လိုက်မယ်တဲ့၊ အဲလိုသတင်းကြားလို့ စိတ်မကောင်းဘူး ဖြစ်နေကြတယ်၊”
အလားတူပဲ တချို့ နှိပ်စက်ညင်းပမ်းနေတဲ့နေရာတွေမှာဆိုရင် ညလုံးပေါက်မအိပ်ရဘဲ စစ်ဆေးနေတာတွေရှိနေတာကြောင့် ကျန်းမာရေးထိခိုက်တာတွေရှိနေရသလို၊ တချို့ကတော့ သမံတလင်းပေါ်မှာပဲ အိပ်စက်ရတဲ့ဒဏ်တွေကြောင့် ကျန်းမာရေးဆိုးဝါးနေသူတွေလည်းရှိပါတယ်၊ တချို့ဆိုရင် အနွေးထည်တွေ၊ ဆေးဝါးတွေ၊ စောင်တွေကို မိသားစုတွေ ထံကနေမှာ ယူနေတာ တောင်မှ အခက်ခဲတွေတွေ့နေရပါတယ်၊ ဆေးဝါးတွေကို အကျဉ်းထောင်ထဲ သွင်းခွင့်မပေးတာ၊ ကျန်းမာရေးအရ စစ်ဆေးမှုတွေ အချိန်မှီလုပ်မပေးတာကြောင့် တချို့ အကျဉ်းသားတွေဟာ မသေသင့်ဘဲ သေဆုံးရသူတွေလည်းရှိပါတယ်၊ အခုဆိုရင် ဖမ်းဆီးခံ ထားရတဲ့ (၈၈)ကျောင်းသူနောက်တဦးဖြစ်တဲ့ မခင်မိုးအေးကိုလည်း စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုအနေနဲ့ အမှောင်ခန်းးကြီးထဲတယောက်ထဲထားတာကြောင့် စိတ်ဝေဒနာကိုခံစားသွားရမှာ မိသားစုက စိုးရိမ်ပူပန်နေကြပါတယ်၊ မခင်မိုးအေးနဲ့ ပတ်သက်ပြီးပြောခဲ့ရာမှာတော့---
“ အဲဒီမှာ သူရှိတဲ့အခန်းထဲမှာတော့ တမင်နှိပ်စက်သလိုပဲဖြစ်နေတာပေါ့၊ သူ့ကို အမှောင်ကြီး ထဲမှာထားတယ်တဲ့၊ အဲဒါလေးမိသားစုကလာပြီးပြောတယ်၊ ”
အခုဆိုရင် အာဏာပိုင်တွေရဲ့ နှိပ်စက်ညှင်းပမ်း မှုဒဏ်ကြောင့်ရော၊ ကောင်းမွန်စွာဆေးဝါး ကုသပေးမှု မပေးတဲ့ဒဏ်ကြောင့်ပါ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ (၁၃၄)ယောက်ရှိပြီးဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ကူညီ စောင့်ရှောက်ရေး အဖွဲ့ကပြောပါတယ်၊ အခုလက်ရှိ ကျန်းမာရေး အခြေအနေ ဆိုးနေတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ ရာဂဏန်းလောက်မှာရှိနေပြီး ကောင်းမွန်စွာဆေးဝါး ကုသခွင့် မရတဲ့ အကျဉ်းသားအများအပြားလည်းရှိနေကြောင်း မိသားစုဝင်တွေကလည်းပြောပါတယ်။