သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ဘက်တွင် ကလင်တန်နှင့် အိုဘားမားတို့ ဆက်ယှဉ်ပြိုင်ရဦးမည်၊ ရီပတ်ဘလီကန်ဘက်တွင် မက်ကိန်း အသာရ


အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးခံရရေး ယှဉ်ပြိုင် နေကြတဲ့ အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်နဲ့ ဘရက် အိုဘားမားတို့ဟာ ဆူပါအင်္ဂါနေ့ အကြိုရွေးကောက်ပွဲတွေ မှာ အသီးသီးအနိုင်ရခဲ့ကြပြီးတဲ့နောက် နောက်လာမယ့် ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်နေကြပါပြီ။ ရီပတ်ဘလီကန်ပါတီ ဘက်မှာတော့ ဂျွန် မက်ကိန်းဟာ သူ့ပြိုင်ဘက်တွေဖြစ်တဲ့ မစ်တ် ရွမ်နီနဲ့ မိုက် ဟပ်ကာဘီးတို့ကို ကျော်ပြီး ရှေ့ကပြေးနေပါပြီ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Cindy Saine က သတင်းဆောင်းပါး ပေးပို့ထားတာကို ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်ဟာ အင်္ဂါနေ့ရွေးကောက်ပွဲမှာ ပြည်နယ်ကြီးတွေ ဖြစ်တဲ့ နယူးယောက်နဲ့ ကာလီဖိုးနီးယားတို့မှာ အနိုင်ရခဲ့တာကြောင့် ဒီမိုကရက်တစ် ကိုယ်စားလှယ် မဲအရေအတွက်နဲ့ ပြောမယ်ဆိုရင် အများဆုံးနိုင်ခဲ့တာပါ။ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲအရေအတွက် စုစုပေါင်းမှာ သမ္မတ ကတော်ဟောင်းက ဦးဆောင်နေ ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲကတော့ မပြီးသေးပါဘူး။

အထက်လွှတ်တော်အမတ် အိုဘားမားက အနည်းဆုံး ပြည်နယ် ၁၃ ခုမှာ အနိုင်ရခဲ့တာကြောင့် ရှေ့လာမယ့် ရွေးချယ်ပွဲတွေအတွက် အရှိန်အဟုန် ကောင်းနေပါတယ်။ အင်္ဂါနေ့က နယူးမက္ကဆီကို ပြည်နယ်မှာလုပ်ခဲ့တဲ့ ရွေးချယ်ပွဲရဲ့ ရလဒ်ကတော့ ခုချိန်ထိ မသိရသေးပါဘူး။

ဒီမိုကရက်တစ်ပါတီဘက်မှာ ထပ်တူနီးပါးညီမျှတဲ့ ကိုယ်စားလှယ်လောင်း နှစ်ယောက်ကြား ဆက်ပြီး ယှဉ်ပြိုင်ရမှာပဲလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ Allan Lichtman က ဆိုပါတယ်။

“ဒီမိုကရက်တစ်ပါတီဝင်တွေဟာ သူတို့ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်း အသီးသီးအပေါ် အရမ်းကို စိတ်အားထက်ထက်သန်သန်နဲ့ ထောက်ခံနေကြ တယ်ဆိုတာ ကျနော်တို့သိပါတယ်။ သူတို့ နှစ်ယောက်စလုံးမှာ အင်မတန် ကောင်းမွန်တဲ့ အခြေခံတွေ ရှိနေကြတာပါ။ ဆူပါအင်္ဂါနေ့မှာတော့ နဂို အနေအထားအတွက်ကိုပဲ သူတို့ယှဉ်ပြိုင်ခဲ့ကြရတာပါ။ ဆူပါအင်္ဂါနေ့ဟာ ဒီမိုကရက်အတွက်တော့ ဘာမှကို အဆုံးအဖြတ် မပေးနိုင်ခဲ့ပါဘူး။”

အခုဆိုရင် ကိုယ်စားလှယ်လောင်းအသီးသီးဟာ စနေနေ့မှာကျင်းပမယ့် လူဝီစီယားနား၊ နီဘရားစကားနဲ့ ဝါရှင်တန်ပြည်နယ်တွေ က ရွေးချယ်ပွဲတွေနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျင်းပ မယ့် မေရီလန်း၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန်ဒီစီက ရွေးချယ်ပွဲတွေအတွက် လုပ်ဆောင်နေကြပါပြီ။

ကိုယ်စားလှယ်လောင်းနှစ်ယောက်စလုံးက သူတို့အနိုင်ရတယ်ဆိုပြီး မကြေညာခဲ့ကြပါဘူး။ ဒါပေမယ့် အိုဘားမားက “ကျနော်တို့ ကိုယ်တိုင်ဟာ ကျနော်တို့ စောင့်ဆိုင်းမျှော်လင့်နေကြတဲ့ အပြောင်းအလဲ ပါပဲ” လို့ သူ့ရဲ့ မိခင်ပြည်နယ်ဖြစ်တဲ့ အီလီနွိုင်းမှာ သူ့ကို ထောက်ခံသူတွေ စိတ်လှုပ်ရှားဖွယ်ရာ မိန့်ခွန်းပြောခဲ့ပါတယ်။

“အပြောင်းအလဲနဲ့ နဂိုမူလအတိုင်း အလားတူပုံစံကြား ကျနော်တို့ ရွေးချယ်ရပါမယ်၊ နောက်ကို ပြန်လှည့် ကြည့်တာနဲ့ ရှေ့ကို မျှော်ကြည့်တာကြား ကျနော်တို့ ရွေးချယ်ရပါမယ်၊ ကျနော်တို့ရဲ့ အနာဂတ်နဲ့ ကျနော်တို့ရဲ့ အတိတ်ကြား ရွေးချယ်ရပါမယ်။ ကျနော်တို့နဲ့ ဆန့်ကျင်ဘက် မှာ ရှိနေကြတဲ့ ရီပတ်ဘလီကန်တွေ၊ တသီးပုဂ္ဂလတွေနဲ့ ပါတီအားလုံး၊ နောက်ခံသမိုင်းကြောင်း အားလုံး၊ လူမျိုးအားလုံး၊ ဘာသာရေးအားလုံးတို့ပါဝင်တဲ့ အမေရိကန်နိုင်ငံသားတွေ တူညီတဲ့ ရည်ရွယ်ချက် တခုအတွက် တစုတစည်းတည်းရှိနေကြပြီးသား စည်းရုံးမှုအောက်မှာ တဘက်က ကိုယ်စားလှယ်လောင်းကို ယှဉ်ပြိုင်မယ့်ကြား ရွေးချယ်ရမှာ ဖြစ်ပါတယ်။”

ကလင်တန်ကလည်း နယူးယောက်မှာ သူ့ကိုထောက်ခံသူတွေကို ပြောကြားခဲ့တာမှာ ယုံကြည်ချက် အပြည့်နဲ့ သမ္မတအဖြစ် သူလုပ်ဆောင်မယ့် ဦးစားပေးအလုပ်တွေကို ချပြခဲ့ပါတယ်။

“ဒီကနေ့ ကျမတို့ တညီတညွတ်ထဲ ပြောပါတယ်၊ ပညာသင်ကြားချင်တဲ့ ကလေး ကျမတို့ကိုပေးပါ၊ အလုပ်လိုချင်တဲ့ လူတွေ ကျမ တို့ကိုပေးပါ၊ စောင့်ရှောက်မှုလိုအပ်နေတဲ့ စစ်မှုထမ်းဟောင်းတွေ ကျမတို့ကိုပေးပါ၊ ဒီတိုင်းပြည်ကို ကုစားဖို့ ကျမတို့ကိုပေးပါ၊ ဒီကမ္ဘာကြီးကိုဦးဆောင်ဖို့ ကျမတို့ကို ပေးပါ၊ ဒီအချိန်အခါလေးကို အမိအရဆုပ်ကိုင်ဖို့ ကျမတို့ကိုပေးပါ၊ ကျမတို့ အဆင်သင့်ဖြစ် နေပြီဆိုတာ ကျမသိပါတယ်။”

ရီပတ်ဘလီကန်ဘက်မှာတော့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းဟာ ကာလီဖိုးနီးယား၊ နယူးယောက်နဲ့ တခြားပြည်နယ် တွေမှာ အကြီးအကျယ် အနိုင်ရခဲ့ပါတယ်။ ဒီလိုအနိုင်ရခဲ့တာကြောင့် ပါတီသမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ အရေအတွက် တဝက်ကျော်ရသွားပြီဖြစ်ပြီး သူ့ပြိုင်ဘက်တွေကို ကျော်တက်သွားပါပြီ။ ရီပတ်ဘလီကန်ပါတီရဲ့ ကွန်ဆာဗေးတစ်တွေ အများအပြားက ပါတီတွင်းမှာ အများနဲ့အယူအဆမတူသူအဖြစ် မက်ကိန်းကို သတ်မှတ်ထားကြတာ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ အရင်က လပေါင်းများစွာကြာ နောက်ကလိုက်နေခဲ့ပေမယ့် အားလုံး ပြောင်းလဲသွားပြီလို့ မက်ကိန်းက ပြောခဲ့ပါတယ်။

“အနောက်ဘက်၊ တောင်ဘက်၊ အနောက်အလယ်ပိုင်းနဲ့ အရှေ့မြောက်က ရွေးချယ်ပွဲတွေကို ကျနော်တို့ အနိုင်ရလိုက်ပါပြီ။ နောက်ကလိုက်ရတာကို ကျနော် ဘယ်တုန်းကမှ စိတ်မပူခဲ့ပေမယ့် နောက်ကလိုက်ပြီး အနိုင်ရတဲ့လူ ဘယ်သူမဆို ခံစားရတဲ့ ပျော်ရွှင်မှုကိုတော့ ကျနော် နှစ်သက်ပါ တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတလောင်းရွေးချယ်ပွဲမှာ ကျနော်တို့ဟာ ရီပတ်ဘလီကန် ပါတီဘက်က တစ်ပြေးနေပြီဆိုတဲ့အတွေးကို ဒီညတော့ ကျနော်တို့အသားကျရတော့မယ်လို့ ထင်ပါတယ်။”

ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မိုက် ဟပ်ကာဘီးဟာ တောင်ပိုင်းပြည်နယ်အများစုဖြစ်တဲ့ သူ့ရဲ့ မိခင်ပြည်နယ် အာကင်ဆော၊ အနောက်ဗာဂျီးနီးယား၊ အယ်လာဘားမား၊ ဂျော်ဂျီယာနဲ့ တင်နက်ဆီ ပြည်နယ်တွေမှာ အနိုင်ရခဲ့တာကြောင့် အများက အံ့အားသင့် ခဲ့ကြရပါတယ်။ အဲဒီပြည်နယ်တွေမှာ မက်ကိန်းရဲ့ ရလဒ်တွေက သိပ်မကောင်းလှပါဘူး။

ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း နောက်တဦးဖြစ်တဲ့ မစ်တ် ရွမ်မ်နီကတော့ သူ့ရဲ့မိခင်ပြည်နယ် မက်ဆာချူးဆက်၊ ယူတား၊ ကော်လိုရာဒို၊ မွန်တားနား၊ မင်နီဆိုးတား၊ အလာစကားနဲ့ မြောက်ဒါကိုတာ ပြည်နယ်တွေမှာ အနိုင်ရခဲ့ပြီးတဲ့နောက် ဆက် ယှဉ်ပြိုင် သွားမယ်လို့ သန္နိဋ္ဌာန်ချ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရွမ်မ်နီရော ဟပ်ကာဘီးရောဟာ မက်ကိန်းရဲ့နောက်မှာ အတော်ကွာပြီး ပြတ်ကျန်နေကြကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG