ကုလသမဂ္ဂ အနေနဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင် တွေကို အဆက်အသွယ်တွေ တိုးမြှင့်လုပ်ဆောင်ပြီး မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲလာအောင် လုပ်ဖို့အတွက် ထိုင်းအစိုးရသစ် ဝန်ကြီးချုပ် ဆမတ်(ခ်) ဆွန်ထရာဝပ်က ဒီကနေ့ ပဲ ပြောလိုက်ပါတယ်။ ဘန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောသွားတာပါ။
ဒါဟာ ဝန်ကြီးချုပ်သစ်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေဖြစ်ဖို့ ထိုင်းအစိုးရသစ်ကလည်း အားပေးသွားမယ်လို့ ဆိုနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းကို အရှေ့တောင် အာရှကို မကြာခင် အလည်အပတ် လာရောက်ဖို့ ထိုင်းဝန်ကြီးချုပ်က တိုက်တွန်း လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိုနှိုင်းရေး ကိစ္စတွေကို မစ္စတာ ဘန်ကီမွန်း အနေနဲ့ ထိုင်းကိုအခြေပြုပြီး လုပ်နိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရသစ် အနေနဲ့ မြန်မာပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ချထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အခြားအာဆီယံအသင်းဝင် နိုင်ငံတွေလိုပဲ အားပေးထောက်ခံသွားမယ်လို့ ပြောထားပါတယ်။