သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေး ဆိုးရွားနေတဲ့ သံဃာတော်၊ သီလရင်တွေကို ရုံးထုတ်စစ်ဆေး


ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့အထဲက ရဟန်းတော်တွေ သီလရင်တွေကို ရုံးထုတ် စစ်ဆေးမှုတွေ လုပ်ဆောင်နေရာမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ သက်ကြီးရွယ်အို သံဃာတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီလို ကျန်းမာရေး မကောင်းပေမယ့်လည်း ဆေးဝါးအကူအညီကလည်း မရတဲ့အတွက် အခက်ကြုံခဲ့ရတယ်လို့လည်း သိရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီး ခံထားရသူတွေကို အာဏာပိုင်တွေက အခုရက်ပိုင်းတွေအတွင်း ရုံးတင်စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။ ဒီအထဲမှာ သံဃာတော်တွေလည်း ပါဝင်နေပြီး တချို့ဟာဆိုရင် အသက်အရွယ် ကြီးရင့်ပြီး ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြသူတွေ ဖြစ်ပါတယ်။ မနေ့က ဆိုရင်လည်း ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်က တရားရုံးမှာ ဒီလို အသက်အရွယ် ကြီးရင့်နေတဲ့ သံဃာတော်တွေနဲ့ သီလရင် ဆရာတော်တွေကို ရုံးတင်စစ်ဆေးခဲ့တာကို ကိုယ်တွေ့မြင်ခဲ့ရာသူ တစ်ဦးက အခုလို ပြောပြပါတယ်။

“မနေ့ကတုန်းက သံဃာက ၇ ပါး၊ သီလရှင်က ၇ ပါး၊ ၁၄ ပါးစလုံးက ကျောင်းတစ်ကျောင်းထဲကပဲ။ သစ္စာသရဖူ ကျောင်း၊ မြောက်ဥက္ကလာကလေ။ မြောက်ဥက္ကလာ တရားရုံးမှာ ရုံးထုတ်တာ။ အကုန်လုံးက ဘုန်းကြီးထဲမှာလည်း အသက် ၈၀ ကျော်တွေ ပါတယ်။ သီလရှင်ထဲမှာဆိုရင်လည်း အသက် ၈၀ ကျော်တွေ ပါတယ်လေ။ လူဝတ်တွေနဲ့ပါပဲ။ ဒါပေမယ့် ဘုန်းကြီးတွေက ဝတ်ထားတာကတော့ ပုဆိုးကို သင်္ကန်း ခါးမှာချည်သလိုမျိုး ချည်ထားတယ်။ သင်းပိုင်ပေါ့နော်။ အဲဒီလိုမျိုး ဝတ်ထားတယ်။ ဆရာလေးတွေကလည်း ဒီအတိုင်းပဲ။ သူတို့ရဲ့ အတွင်းခံ အင်္ကျီတွေဘာတွေ အကုန်လုံးက သီလရှင် ဝတ်စုံတွေလိုမျိုးပဲ အဲဒီလို ဝတ်ထားတယ်။ အကုန်လုံး အများစုကတော့ အသက်ကြီးပိုင်းတွေပဲ။ အကုန်လုံး ၆၀ ကျော်လောက်၊ အငယ်ဆုံးက ၄၀ ကျော်လောက် ရှိတာကိုး။ ၄၈ နှစ်က အငယ်ဆုံးပဲဆိုတော့ အသက်ကြီးတဲ့သူတွေချည်းပဲ။ အဲဒီထဲမှာ ဘာကို စိတ်မကောင်းဖြစ်စရာ မြင်ရလဲဆိုတော့ အချုပ်ခန်းလေးထဲကနေပြီးတော့ ရုံးထုတ်မယ်။ တရားခွင်ကို သွားမယ်ဆိုတဲ့အခါ ဒီ သက်ကြီးဝါကြီးတွေ ဖြစ်တော့ အဲဒီထဲမှာ ပါလာတာ အကုန်လုံးက အပြင်ကိုထွက်တဲ့အခါကျတော့ အကုန်လုံး ငုတ်တုတ်ကလေးတွေ ထိုင်ရတယ်။ အကုန်လုံး မြင်ရတာ စိတ်မကောင်းစရာပဲလေ။ ဒီကြားထဲမှာမှ လေဖြတ်နေကြတာက ၅ ယောက်လောက် ပါတယ်။ အဲဒီထဲမှာ ဆရာတော် ဦးအာနန္ဒါ ဆိုလိုရှိရင် သူက နှလုံးရောဂါ ဖြစ်နေတယ်။ ဖြစ်နေတာကို သူတို့က ကုခွင့်မရဘူး။”

ဒီလို အသက်အရွယ် ကြီးရင့်ပြီး ကျန်းမာရေး ယိုယွင်းနေတဲ့အပြင် အခုလို တရားရုံးထုတ် စစ်ဆေးဖို့အတွက် ရဲအချုပ်အခန်းအတွင်း စောင့်ဆိုင်းနေရတာကြောင့် ကျန်းမာရေး ပြဿနာတွေနဲ့လည်း ကြုံခဲ့ရတာပါ။

“အခြား ပြစ်မှုကျနေတဲ့သူတွေလည်း ရုံးထုတ်တဲ့သူတွေလည်း ပါတဲ့အခါကျတော့ ဒီမှာ ကျပ်နေတဲ့အခါကျတော့ အဲဒီအထဲမှာ ဘွဲ့နံမည်က ဒေါ်သိင်္ဂီ၊ လူနံမည်က ဒေါ်သန်းရီပေါ့။ သူက အသက် ၆၄ နှစ် ရှိပြီ။ အဲဒီ သီလရှင် ဆရာကြီးက အဲဒီထဲမှာ အရမ်းကျပ်လွန်းအားကြီးတော့ ပူတာရောဘာရော ပေါင်းသွားတာရယ်၊ နောက်တစ်ခုက သူက နှလုံးရောဂါ အခံလည်းရှိတယ်။ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါလေ၊ အဲဒီလို အခံရှိတဲ့အခါကျတော့ အဲဒီမှာ တနေ့တုန်းက တက်တာ။ လေးကြိမ်လောက် တက်သွားတယ်။ အဲဒီ အချုပ်ခန်းထဲမှာပဲ။ တက်တဲ့အခါကျတော့ ကျမတို့တွေ အပြင်က တခြားသူတွေ အကုန်လုံးကနေပြီးတော့ ဒီထဲမှာစောင့်နေတဲ့ ရဲတွေကိုပဲ ဝိုင်းပြီး မေတ္တာ ရပ်ခံတာပေါ့။ ဒေါ်သိင်္ဂီကို ထုတ်ပေးပါပေါ့။ ထုတ်ပေးပါဆိုတော့ သတိမရဘဲနဲ့ ဒီ ရဲတွေနားက ရုံးခန်းလေးထဲမှာပဲ ခေါ်ပြီးတော့ ထုတ်ပေးကြတယ်။ ထုတ်ပေးပြီးတော့ အဲဒီမှာ အအေးတွေဘာတွေတိုက်၊ ရေလေးဘာလေးပဲ တိုက်လိုက်တယ်။”

ဒီလို ကျန်းမာရေး ဆိုးရွားတဲ့ အခြေအနေမျိုး ရှိခဲ့ပေမယ့်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့်မပြုခဲ့တာကြောင့် လိုအပ်တဲ့ ဆေးဝါး ကုသစောင့်ရှောက်မှုကတော့ မရခဲ့ဘူးလို့လည်း တရားခွင်ကို ကိုယ်တိုင် ရောက်ရှိခဲ့သူ မျက်မြင်ကပဲ ပြောပါသေးတယ်။

“သူတို့က ဘယ်လို ပြောလဲဆိုတော့ ဆေးခန်းကို ထွက်ပြုတော့ ကုခွင့် မပြုနိုင်ဘူး။ ဒါပေမယ့် ဆရာဝန်ကို ခေါ်ပါ။ ဆရာဝန်လာလို့ရှိရင် ခွင့်ပြုမယ် ဆိုတော့ ဒီ မြောက်ဥက္ကလာ တရားရုံးနားမှာရှိတဲ့ ဆေးခန်းတွေက ဘယ်သူမှ မလိုက်ဘူး။ တရားရုံးကမိုလို့ ဆိုပြီးတော့ လူနာကို ခေါ်ရင်ခေါ်ခဲ့၊ မခေါ်ခဲ့လိုရှိရင် မကုပေးဘူးဆိုပြီးတော့ ကုမပေးတဲ့အတွက် နောက်ဆုံးတော့ ဒီဆရာလေးက ဒီပုံစံအတိုင်းပဲ သတိ မေ့တစ်ချက်၊ လျော့တစ်ချက်နဲ့ပဲ နောက်ဆုံး တရားခွင်ကို ဝင်ရတယ်လေ။”

ဒီသံဃာတော်တွေထဲမှာ အများစုက မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရှိတဲ့အတွက်မို့လည်း အစားအစာ ဆေးဝါး ထောက်ပံ့ကူညီမှုတွေ မရနိုင်ကြဘဲ ဖြစ်နေရတာလို့လည်း သံဃာတော်တွေက သူ့ကိုပြောပြတယ်လို့လည်း ဆိုပါတယ်။ အခု ရုံးတင်စစ်ဆေးခံနေရတဲ့ သံဃာတော်တွေ သီလရင်တွေကိုတော့ သံဃာအယောင်ဆောင်မှု၊ လောင်းကစားမှု၊ တရားမဝင် ဗွီဒီယိုအခွေ
လက်ဝယ်တွေ့ရှိမှုစတဲ့ စွပ်စွဲချက်တွေ အပါအဝင် ရာဇဝတ်ပြစ်မှုတွေနဲ့ အာဏာပိုင်တွေဖက်က တရားစွဲဆို ထားတာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ထောင်ချီရှိခဲ့ပေမယ့် ဒီအထဲက အများစုကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်ထဲကပဲ ပြောဆိုခဲ့တာပါ။ ဒါပေမယ့်လည်း ထောင်ချီပြီး ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး သူတို့တွေ အနေနဲ့ ဥပဒေကြောင်းအရ အကာအကွယ်တွေ ရရှိခံစားနိုင်တဲ့ အခြေအနေတွေ မရှိဘူးလို့လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရး အထူး ကိုယ်စားလှယ် ပေါလို ဆာဂျီယို ပီညဲရိုး ကိုယ်တိုင် မကြာသေးခင်ကပဲ ပြစ်တင် ပြောဆိုထားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG