ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီ ဘူတို သေဆုံးခဲ့တာဟာ သေနတ်ဒဏ်ရာကြောင့် မဟုတ်ဘဲ အသေခံ ဗုံးဖောက်ခွဲရေးသမားရဲ့ လက်ချက်ကြောင့် ဖြစ်တယ်လို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ပါကစ္စတန်နိုင်ငံကို ရောက်နေတဲ့ ဗြိတိန်နိုင်ငံ စကော့တလန် ယဒ်အဖွဲ့က ပြောပါတယ်။ ဒီ စုံစမ်း စစ်ဆေးချက်ရဲ့ ရလဒ်ကို အစ္စလာမ် မာဘတ်မှာရှိတဲ့ ပါကစ္စတန်အစိုးရ အရာရှိတွေကို ပေးအပ်ခဲ့တဲ့အကြောင်း ဗွီအိုအေသတင်းထောက် Meredith Buel သတင်းပေးပို့ထားတာကို
ဦးဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
စကော့တလန် ယဒ်အဖွဲ့ရဲ့ အခု ထွက်ပေါ်လာတဲ့ ရလဒ်က ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီ ဘူတိုကို ပြီးခဲ့တဲ ဒီဇင်ဘာလတုန်းက Rawalpindi မြို့မှာ နိုင်ငံရေးမဲဆွယ် စည်းရုံးပွဲ လုပ်နေတုန်း အသေခံ ဗုံးဖောက်ခွဲရေးသမားက လုပ်ကြံသတ်ဖြတ်လိုက်တာလို့ ပါကစ္စတန်အစိုးရရဲ့ ပြောဆိုချက်ကို အတည်ပြု ပေးလိုက်တဲ့သဘော သက်ရောက်နေပါတယ်။
သူမကို လုပ်ကြံ သတ်ဖြတ်ခြင်းမခံရခင် အချိန်ပိုင်းလေးအထိ ထောက်ခံသူတွေကို မစ္စဘူတို က အမိုးဖွင့် ကားပေါ်ကနေ လက်ဝှေ့ယမ်း ပြနေခဲ့ပါတယ်။ စကော့တလန် ယဒ်ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေအရတော့ အသေခံ ဗုံးခွဲသမားရဲ့ လက်ချက်ကြောင့် သူမရဲ့ခေါင်းကို ထိမှန်ပြီး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ဗြိတိသျှ ရောဂါဗေဒပညာရှင်တွေရဲ့ စုံစမ်းတွေ့ရှိချက်ကို ပါကစ္စတန်အစိုးရရဲ့ လုပ်ကြံသတ်ဖြတ်မှု စုံစမ်း စစ်ဆေးရေးဆိုင်ရာ အကြီးအကဲ Abdul Majeed က ဖတ်ကြားပြပါတယ်။
“ပေါက်ကွဲမှုကနေ လွင့်စင်လာတဲ့ ကားရဲ့ဘောင်က သူမရဲ့ ခေါင်းပိုင်းကို အကြီးအကျယ် ရိုက်မိပြီးတော့ ပြင်းပြင်းထန်ထန်ကိုပဲ ဦးခေါင်းပိုင်းမှာ ထိခိုက်ပြီး သေဆုံးခဲ့ရတာပါ။”
သူမ မသေခင်ကလေးက ရိုက်ကူးထားတဲ့ ရုပ်မြင်သံကြား မှတ်တမ်းတွေထဲမှာလည်း သေနတ်သမားတစ်ယောက်က သူမကို ပစ်ခတ်နေတဲ့ပုံကို တွေ့ရှိရပါတယ်။ အဲဒီ သေနတ်သမားဟာ အသေခံ ဗုံးခွဲခဲ့တဲ့သူ ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ယူဆနေကြပါတယ်။
မစ္စဘူတိုကို ထောက်ခံသူတွေက အစိုးရအနေနဲ့ ဒီ လုပ်ကြံ သတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်ပြီး ဖုံးကွယ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ စွပ်စွဲ ပြောဆိုခဲ့ကြတဲ့အတွက် သမ္မတ Pervez Musharraf က စကော့တလန် ယဒ်က စုံးစမ်း စစ်ဆေးရေးအဖွဲ့ကို ခေါ်ယူ စုံစမ်းခိုင်းခဲ့တာပါ။
မစ္စဘူတိုရဲ့ ပါကစ္စတန် ပြည်သူ့ပါတီက အရာရှိတွေကတော့ သူမဟာ သေနတ်ဒဏ်ရာကြောင့် သေဆုံးရတာလို့ အခုအချိန်အထိ ယူဆနေကြတုန်းဖြစ်ပါတယ်။
သူမဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ စကော့တလန် ယဒ်အဖွဲ့ရဲ့ စုံစမ်း တွေ့ရှိချက် ထွက်ပေါ်လာပြီးတဲ့အထိ ပါတီပြောခွင့်ရပုဂ္ဂိုလ် Sherry Rehman က ပြောဆိုပါတယ်။
“ဒီ ပစ်လိုက်တဲ့ ကျည်ဆံကြောင့် အထဲကို နောက်ပြန်လန်ကျသွားတာကို အခွေထဲမှာ ကျမတို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာပဲလေ။ ဒီဇင်ဘာလ ၂၇ ရက်နေ့က အဖြစ်အပျက်ကို ကုသလမဂ္ဂကနေ အကြီးအကျယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုဖို့အတွက် ကျမတို့မှာ တကယ့်ကို အချက်အလက်တွေ အတော်များများ ပိုလို့တောင် ရှိလာပါတယ်။ ဒီလို လုပ်ကြံပစ်ခတ်မှုရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေတယ်။ ဘယ်သူတွေက ငွေကြေးထောက်ပံ့နေတယ်၊ ဒီ ရာဇဝတ်မှုကို ဘယ်သူတွေက စီစဉ်တယ်။ ပါဝင်ပတ်သက်တယ်ဆိုတာကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးပေးဖို့ လိုပါတယ်ရှင်။”
အခင်းဖြစ်ပွားခဲ့တဲ့နေရာနဲ့ သူမရဲ့ ရုပ်အလောင်းကို ခွဲစိပ် စစ်ဆေးချက်အရ သဲလွန်စတွေ သိပ်မတွေ့ရပေမယ့် ဒီ အဖြေထွက်ဖို့ လုံလောက်တဲ့ အထောက်အထား အချက်အလက်တွေ တွေ့ခဲ့တယ်လို့ စကော့တလန် ယဒ် စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေက သူမရဲ့ဦးခေါင်းကို ရိုက်ထားတဲ့ ဓါတ်မှန်နဲ့ တခြား ဗွီဒီယို မှတ်တမ်းတွေကို အမှီပြု စစ်ဆေးခဲ့တာပါ။ ဒီ ဗြိတိသျှ စုံးစမ်းစစ်ဆေးရေးအဖွဲ့ဟာ သူမ ဘယ်လို သေဆုံးခဲ့တယ်ဆိုတဲ့ အဖြေကို ရှာဖို့ပဲ ဖြစ်ပြီး ဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာ ဘယ်သူပါတယ်ဆိုတဲ့အချက်ကို စုံစမ်းဖို့ မဟုတ်ပါဘူး။
ပါကစ္စတန် အစိုးရကတော့ အာဖဂန်နစ္စတန် နယ်စပ်မှာ အခြေစိုက်တဲ့ al-Qaida အဖွဲ့ ခေါင်းဆောင်တစ်ယောက်က ဒီ လုပ်ကြံမှုမှာ ပါဝင်ပတ်သက်မှုရှိတယ်လို့ စွပ်စွဲထားပါတယ်။
ဒီ လုပ်ကြံမှုနဲ့ပတ်သက်ပြီး လူ ၄ ယောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်ပြီး သူဟာ မစ္စဘူတို ကို လုပ်ကြံဖို့ အထူး ရွေးချယ်ထားတဲ့ ၅ ယောက်အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်လို့ အဲဒီလူငယ်က ပြောခဲ့ပါတယ်။
မစ္စဘူတို အခုလို လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့အတွက် ပါကစ္စတန်နိုင်ငံတဝှမ်း အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲကိုလည်း အခုလ နှောင်းပိုင်းကျမှ ကျင်းပဖို့ ရက်ရွေ့ဆိုင်းခဲ့ရပါတယ်။