သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်ကို NATO မဟာမိတ်တပ်ဖွဲ့တွေ တိုးပြီး စေလွှတ်နိုင်ရေး အမေရိကန် ကာကွယ်ရေးဝန်ကြီး မျှော်လင့်


အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က NATO မဟာမိတ် အဖွဲ့တွေဟာ သူ တောင်းဆိုတဲ့အတိုင်း အာဖဂန်နစ္စတန်ကို တပ်ဖွဲ့တွေ တိုးပြီး စေလွှတ်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုပါတယ်။ ဥရောပ အစိုးရတွေက ဒီလို တပ်ဖွဲ့တွေ တိုးပြီး စေလွှတ်တာကို ဥရောပနိုင်ငံတွေက သာမန်ပြည်သူတွေ ထောက်ခံလာအောင် လက်ရှိသူ့ရဲ့ ဥရောပ ခရီးစဉ်မှာ တိုက်တွန်းသွားမယ်လိမ့်လည်း ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က လစ်သူဝှေးနီးယား (Lithuania) မှာ NATO ကာကွယ်ရေး
ဝန်ကြီးတွေနဲ့ ဆွေးနွေးပြီးတဲ့နောက် ဂျာမဏီနိုင်ငံ မြူးနစ် (Munich) ကိုအသွား လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို ဗွီအိုအေ သတင်းထောက် အယ်လ် ပက်ဆင် Al Pessin သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

လစ်သူဝှေးနီးယား နိုင်ငံ ဗဲလစ်နတ်စ် (Vlinius) မြို့တော်မှာ ကျင်းပခဲ့တဲ့ NATO ကာကွယ်ရေး
ဝန်ကြီများ အစည်းအဝေးအတွင်း ဆွေးနွေးချက်တွေအရ စစ်ဦးစီးချုပ်တွေ လိုအပ်တယ်လို့ ပြောဆိုထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို မဟာမိတ်နိုင်ငံတွေက တပ်ဖွဲ့တွေပိုပြီး စေလွှတ်နိုင်ရေး အနေအထား နီးကပ်လာပြီလို့ သူ့အနေနဲ့ အကောင်းမြင် မျှော်လင့်တဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်က ပြောပါတယ်။

“မဟာမိတ်နိုင်ငံတွေက သူတို့ ဘာတွေလုပ်နိုင်မလဲ ဆိုတာကို စဉ်းစားနေကြပါတယ်။ ဘယ်သူကမှ ကြေညာချက် ထုတ်တာမျိုး၊ ဘယ်သူကမှ ကတိကဝတ် ပေးပြီး ပြောတာမျိုးတွေတော့ ရှိမယ်လို့ ကျနော် မထင်ပါဘူး။ ကျနော် သူတို့နဲ့ ပြောဆို ဆွေးနွေးချက်တွေအရ ထင်ဟပ်နေတာ၊ ဒီလို ဘာလုပ်နိုင်မလဲ ဆိုတာ စဉ်းစားနေကြတယ်ဆိုတဲ့သဘော သက်ရောက်နေတာကိုပဲ ကျနော် ပြောတာပါ။”

ပြင်သစ်နိုင်ငံဟာ အာဖဂန်နစ္စတန်ကို ပို့ထားတဲ့ သူ့တပ်ဖွဲ့တွေကို ထပ်တိုးမယ်ဆိုတာ မကြာခင် ကြေညာနိုင်တယ်လို့တော့ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်နဲ့ တခြား အရာရှိတွေက အရိပ်အမြွက် ပြောဆိုပါတယ်။ ဒါပေမယ့်လည်း တချို့ ဥရောပနိုင်ငံတွေအနေနဲ့ သူ့ပြည်သူတွေရဲ့ ကန့်ကွက်တာတွေကို ရင်ဆိုင်နေရချိန်မှာ သူတို့လုပ်နိုင်တာတွေ အကန့်အသတ်ရှိတယ် ဆိုတာကို နားလည်တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ ဒီလို ဥရောပအစိုးရနဲ့ ကန့်ကွက်နေတဲ့ ပြည်သူတွေအကြား ကွာဟချက်တွေကို နည်းနိုင်သမျှ နည်းသွားအောင် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

“တနင်္ဂနွေနေ့ မြူးနစ် လုံခြုံရေးညီလာခံမှာ ကျနော် ပြောဆိုမယ့် အကြောင်းအရာတွေထဲက တချို့က ဥရောပ ပြည်သူတွေကို တိုက်ရိုက် ပန်ကြားမှာဖြစ်ပါတယ်။ သူတို့ရဲ့ ဘေးကင်း လုံခြုံရေးဆိုတာ အာဖဂနစ္စတန်ရဲ့ လုံခြုံရေးနဲ့ ဘယ်လို ဆက်နွယ်နေတယ်၊ အာဖဂန်မှာ အောင်မြင်မှုတွေ ရခဲ့မယ်ဆိုရင် မဟာမိတ် နိုင်ငံတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိမယ် ဆိုတာတွေကို ကျနော်ပြောသွားမှာပါ။

တချို့ ဥရောပနိုင်ငံတွေမှာ အာဖဂန်နစ္စတန်ကို တပ်ဖွဲ့တွေ တိုးပြီး စေလွှတ်ရေးကို ကန့်ကွက်နေတာတွေက မသဲကွဲတဲ့ ရှုတ်ထွေးမှုတွေကို အခြေခံပြီး ကန့်ကွက်ကြာတာလို့လည်း ရောဘတ်ဂိတ်စ်က ပြောဆိုပါတယ်။ ဒီလို နားမလည်ဘဲ ဇဝေဇဝါ ဖြစ်တာတွေအပေါ် သူ့အနေနဲ့ စိုးရိမ်မိတဲ့ အကြောင်းနဲ့ ဒီလို အမြင်မရှင်းလင်းတာက စိုးရိမ်သင့်တဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ ပြောဆိုပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန်ပြည်ထောင်စု အတိုက်ခိုက်ခံခဲ့ရတဲ့ အကြမ်းဖက်မှုဟာ အာဖဂန်နစ္စတန်နိုင်ငံဘက်က အဓိက ပြင်ဆင် တိုက်ခိုက်ခဲ့တာလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်က ထောက်ပြပါတယ်။ ဥရောပနိုင်ငံတွေမှာ တိုက်ခိုက်ခံခဲ့ရတဲ့ တိုက်ခိုက်မှုတွေဟာလည်း အလားတူ အာဖဂန်နစ္စတန်ကနေ အစပျိုးခဲ့တာလို့ ဆိုပါတယ်။ တကယ်လို့ အာဖဂန်ကို နိုင်အောင် မကိုင်တွယ်နိုင်ဘူးဆိုရင် နိုင်ငံတကာ အကြမ်းဖက်မှုတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ နယ်မြေ ဖြစ်သွားလိမ့်မယ်လို့ ပြောဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်ရဲ့ တိုက်တွန်းချက်အရ ဧပြီလ ဘူချာရတ်စ် (Bucharest) မှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ NATO မဟာမိတ် ခေါင်းဆောင်တွေ စဉ်းစားနေတဲ့ ၅ နှစ် မဟာဗျုဟာ စီမံချက်ကို NATO အရာရှိတွေ အပြီးသတ် ရေးဆွဲနိုင်အောင် ပြင်ဆင်နေပါတယ်။ ဒီ စီမံချက် မှတ်တမ်းမှာ အာဖဂန်နစ္စတန်မှာ NATO အဖွဲ့အနေနဲ့ ဘာတွေ အောင်မြင်အောင် ဆောင်ရွက်မယ် ဆိုတာတွေကို သတ်မှတ်ရေးဆွဲမှာဖြစ်ပြီး တိုးတက်မှုတွေကို တိုင်းတာဖို့ စံချိန်စံညွှန်းတွေ ချမှတ်ရေးဆွဲမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG