မြန်မာ့အသံကနေ ဒီနေ့ညမှာ မြန်မာနိုင်ငံရဲ့ လမ်းပြမြေပုံ အဆင့် ၇ ဆင့်ရဲ့ ၄ ဆင့်
မြောက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို အခုနှစ် မေလအတွင်းမှာ ပြုလုပ်
မယ်လို့ ကြေညာသွားတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့
ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ဒေါ်အေးအေးမာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းတို့ကို ဗွီအိုအေဝိုင်းတော်သား ဦးသားညွှန့်ဦးက တိုက်ရိုက်ဆက်သွယ် မေးမြန်းထားပါတယ်။
မအေးအေးမာရေ၊ ဒီနေ့ည ကြေညာသွားတဲ့သတင်းလေးအကြောင်း ပြောပါအုံး။ -
“ဟုတ်ကဲ့၊ မြန်မာစစ်အစိုးရရဲ့ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ လက်မှတ်နဲ့ ဒီနေ့ ထုတ်ပြန်ကြေညာချက်နှစ်ခု ထုတ်ပါတယ်။ တစ်ခုကတော့ ၁/၂၀၀၈ ပါ။ ဒီကြေညာချက်ထဲမှာတော့ ဒီနှစ် ၂၀၀၈ ခုနှစ် မေလထဲမှာ မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပသွားမယ် ဆိုတဲ့အကြောင်းကို ပြောသွားပါတယ်။ နောက်တစ်ခုကတော့ ၂/၂၀၀၈ ကြေညာချက် ဖြစ်ပါတယ်။ ဒီကြေညာချက်ထဲမှာတော့ ၂၀၁၀ ခုနှစ်မှာဆိုရင်တဲ့ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပပေးသွားမယ် ဖြစ်ကြောင်းကို ကြေညာထားပါတယ်ရှင့်။”
ဟုတ်ကဲ့။ မအေးအေးမာရေ - တဆက်တည်းမှာပဲ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အဲန်အယ်လ်ဒီ ပါတီက ပြောရေးဆိုခွင့်ရှိတဲ့ ဦးဉာဏ်ဝင်းကိုလည်း ကျနော်တို့ ဆက်သွယ်မေးမြန်းနိုင်ဖို့ ကျနော်တို့ အခု ဆက်သွယ်ထားပါတယ်။ အဲန်ကယ်လ် ဦးဉာဏ်ဝင်း ကြားရပါလားခင်ဗျာ။ -
“ဟုတ်ကဲ့။ ကြားပါတယ်။”
အခု မြန်မာစစ်အစိုးရရဲ့ ကြေညာချက်နဲ့ပတ်သက်လို့ အဲန်အယ်လ်ဒီအနေနဲ့ ဘယ်လို သဘောထား ရှိလဲခင်ဗျ။ -
“ကျနော်တို့ ဒီကြေညာချက်ကို ကြည့်လိုက်တဲ့အခါကျတော့ ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီးတော့ အထူးအရေးကြီးတဲ့ ဘယ်နေ့ ကျင်းပမယ်ဆိုတာရယ်၊ ဘယ်နည်းစနစ်တွေနဲ့ ကျင်းပမယ် ဆိုတာရယ်၊ ပြီးတော့ ဒီဥစ္စာဟာ ပြည်သူတွေ ဆန္ဒအမှန် ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ ကျင့်သုံးမှာလား ဆိုတာတွေ အဲဒါကို ကျနော်တို့ တစ်ခုမှ မတွေ့ရဘူး။ ဒါက နံပါတ် (၁) အချက်။ နံပါတ် (၂) အချက် ကျနော် လောလောဆယ် တွေ့တာက ၂၀၁၀ ခုနှစ်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်။ အဲဒီ ကျင်းပမယ် ဆိုတာ အခု ၂၀၀၈ ခုနှစ် မေလမှာ ကျင်းပမယ်ဆိုတဲ့ ဆန္ဒခံယူပွဲရဲ့ ရလဒ်ပေါ်မှာ သွားမှာလို့ပဲ ကျနော် နားလည်တယ်။ အဲတော့ ၂၀၀၈ ခုနှစ် မေလမှာကျင်းပမယ့် ဆန္ဒခံယူပွဲရဲ့ ရလဒ်၊ အဖြေက တစ်ခုတည်းမဟုတ်ဘူး။ နှစ်ခုရှိရမယ်လေ။ ဟုတ်လား၊ ကျနော်တို့ အောင်မြင်တယ်၊ မအောင်မြင်ဘူး။ အောင်မြင်လို့ရှိရင် ၂၀၁၀ ခုနှစ်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပလို့ ရမယ်။ မအောင်မြင်ရင် ဘာဆက်လုပ်ကြမလဲ။ အဲဒီတော့ မသိသေးတဲ့အဖြေပေါ်မှာ အခုလို ကြေညာတာ ကျနော်တို့ အထူးပဲ အံ့သြနေပါတယ်။”
ဟုတ်ကဲ့ခင်ဗျာ။ ကျနော် တစ်ချက်မေးချင်တာက အဲန်အယ်လ်ဒီ ပါတီအနေနဲ့က ပြီးခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ညောင်နှစ်ပင်ညီလာခံကို မတက်ရောက်ဘဲနဲ့ နေခဲ့တဲ့အခါကျတော့ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ဆန္ဒခံယူပွဲတွေ လုပ်လို့ရှိရင် လူထုက ထောက်ခံလိုက်မယ်ဆိုရင်၊ အကယ်၍ ဒီဖွဲ့စည်းပုံကြီး ထွက်လာမယ်ဆိုရင်ရော အဲန်အယ်လ်ဒီရဲ့ သဘောထားက ဘယ်လိုရှိလဲခင်ဗျ။ -
“ကျနော်တို့ လူထုရဲ့ ဆန္ဒကို ကျနော်တို့ အမြဲတမ်း လေးစားမယ်။ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုရဲ့ ဆန္ဒတွေပါလာရင် ကျနော်တို့ လေးစားမယ်။ ဆန္ဒလုယူတာကိုတော့ ကျနော်တို့ မလေးစားနိုင်ဘူး။”
ဟုတ်ကဲ့ခင်ဗျ။ ဆိုတော့ အဲန်ကယ်လ်တို့ ဘယ်လို ယူဆသလဲ။ ဒါဟာ လွတ်လွတ်လပ်လပ် မျှမျှတတ ဖြစ်မယ့် ဆန္ဒခံယူပွဲ ဖြစ်မယ်လို့ ယူဆလို့ ရနိုင်လားခင်ဗျ။ -
“အခုအချိန်မှာ အဲဒါကို ပြောဖို့ စောသးတယ်။ ဘယ်နေ့လဲ ဆိုတာရယ်၊ ဘယ်စနစ်လည်း ဆိုတာရယ်၊ နောက် ဘယ်လို ကျင်းပမယ်ဆိုတာရယ် ကျနော်တို့ မသိရသေးတဲ့အတွက် ဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့ မှတ်ချက်ပေးလို့ မရသေးပါဘူး။”
အဲန်အယ်လ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရော ဒါတွေနဲ့ပတ်သက်လို့ အစိုးရက ဒီ့မတိုင်ခင်မှာ အကြောင်းကြားတာ၊ အသိပေးတာ ဒီလိုသဘောမျိုးရော ရှိလား။ -
“ကျနော်တို့ လုံး၀ မရှိပါဘူးခင်ဗျ။”
ဟုတ်ကဲ့။ တဆက်တည်းမှာပဲ အခု ဒုတိယ စောစောက မအေးအေးမာ ပြောတဲ့အထဲမှာ ၂/ ၂၀၀၈ မှာ ၂၀၁၀ ခုနှစ်မှာ ပါတီစုံရွေးကောက်ပွဲ ကျင်းပမယ်လို့ သူတို့ ပြောထားတဲ့အခါကျတော့ အဲန်အယ်လ်ဒီအနေနဲ့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ သဘောထားကရော ဘယ်လို ရှိလဲခင်ဗျ။ -
“ကျနော်တို့ သဘောထားကတော့ ကျနော်တို့ ၁၉၉၀ ခုနှစ်မှာ ကျနော်တို့ ရွေးကောက်ပွဲ လုပ်ခဲ့ပြီးပြီ။ တရားမျှတတဲ့ ရွေးကောက်ပွဲလို့လည်း ပြောတယ်။ အဖြေတွေလည်း ထွက်ပြီးပြီ။ အဲဒါကို ဘာမှ အသိအမှတ်မပြုဘဲနဲ့ ၂၀၁၀ ခုနှစ်မှာ နောက်ထပ် ရွေးကောက်ပွဲလုပ်ရင် မြန်မာပြည် နိုင်ငံရေးသမိုင်းမှာ ရွေးကောက်ပွဲဟာ ဘာမှ အဓိပ္ပါယ် မရှိဘူးဆိုတဲ့ သဘောပဲ ဖြစ်နေမှာ။”
ဟုတ်ကဲ့ခင်ဗျ။ အဲန်အယ်လ် ဦးဉာဏ်ဝင်း ကျေးဇူးတင်ပါတယ်။
မအေးအေးမာရေ၊ ဒါနဲ့ပတ်သက်ပြီးတော့ အဲဒီ နယ်စပ်ဘက်မှာရော တုံ့ပြန်ချက်တွေ၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားတွေရဲ့ အမြင်တွေရော ဘယ်လို ကြားရလဲခင်ဗျ။ -
“ဟုတ်ကဲ့။ စောစောတုန်းက အဲန်အယ်လ် ဦးဉာဏ်ဝင်း ပြောသွားသလိုပါပဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကိုတောင်မှ အကောင်အထည် မဖော်နိုင်သေးဘဲနဲ့ အခုလို ၂၀၁၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ထပ် ကျင်းပမယ်ဆိုတာက ဘာမှ အဓိပ္ပါယ် မရှိဘူးလို့တော့ ပြောနေကြပါတယ်ရှင့်။”
ဟုတ်ကဲ့။ မအေးအေးမာရေ ကျေးဇူးတင်ပါတယ်ခင်ဗျ။ အဲန်ကယ်လ် ဦးဉာဏ်ဝင်းကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ။