သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေအတွက် ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းတွေ အကြိတ်အနယ် ယှဉ်ပြိုင်


ရီပတ်ဘလီကန်သမ္မတလောင်း ဂျွန်မက်ကိန်း (John McCain) ဟာ သူ့ရဲ့ အဓိကပြိုင်ဘက် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်တ် ရွမ်မ်နီ (Mitt Romney) ရွေးကောက်ပွဲထဲက နုတ်ထွက်သွားတဲ့ အတွက် သူ့ရဲ့ စည်းရုံး လှုံ့ဆော်ရေးလုပ်ငန်းတွေ အခြေအနေ ပိုမို ကောင်းမွန်လာပြီးနောက်ပိုင်း မနေ့က ဗာဂျီးနီးယားပြည်နယ်ကို သွားရောက် မဲဆွယ် စည်းရုံးဖို့ရှိပါတယ်။

ဒီမိုကရက်တစ်ပါတီဘက်မှာတော့ အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ ဘားရက် အိုဘားမား (Barack Obama) တို့ဟာ သူမသာကိုယ်မသာ အခြေအနေ ဖြစ်နေပါတယ်။ ဒီ စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျင်းပမယ့် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေအတွက် နှစ်ယောက်စလုံးက အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။ ဒီအကြောင်း
ဝါရှင်တန်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို
ဦးဇော်ဝင်းလှိုင် က တင်ပြပေးထားပါတယ်။

Massachusetts ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ် ရွန်မနီ အနေနဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း ရွေးချယ်ပွဲတွေကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့အပေါ် Arizona ပြည်နယ် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း က ဂုဏ်ပြုပြောကြားရင်း မစ္စတာ ရွမ်မ်နီကို ထောက်ခံသူတွေကို တပါတည်း စည်းရုံးလိုက်ပါတယ်။

“ခင်ဗျားတို့ တကယ် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြပါတယ်။ ခင်ဗျားတို့အနေနဲ့ ကျနော့်ရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပါဝင်လုပ်ဆောင်ကြဖို့ ကြိုဆိုပါတယ်။”

မစ္စတာ ရွမ်မ်နီ ရွေးကောက်ပွဲထဲက ထွက်သွားတဲ့အတွက် မက်ကိန်းအနေနဲ့ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ သေချာသွားပြီဖြစ်ပေမယ့် သူ့ပါတီထဲက ရှေးရိုးစွဲဝါဒီတွေ သူ့ကို ထောက်ခံလာကြဖို့အတွက်တော့ စည်းရုံးရဦးမှာပါ။ Arkansas ပြည်နယ် အုပ်ချုပ်ရေးမှူး မိုက် ဟပ်ကာဘီ (Mike Huckabee) ဟာ ရွေးကောက်ပွဲထဲမှာ ရှိနေတုန်းဖြစ်ပြီး သူ့ကို လျှော့မတွက်ကြဖို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီ သမ္မတလောင်း ရွေးချယ်ပွဲကို ဝင်ပြိုင်တဲ့အထဲမှာ နှစ်ယောက်ထဲပဲ ကျန်တော့တဲ့အတွက် ကျနော့်အတွက် အခြေအနေ ပိုကောင်းလာပေမယ့် ဘယ်သူနိုင်မယ်ဆိုတာကို ပြောဖို့တော့ အရမ်း စောနေပါသေးတယ်။”

မိုက် ဟပ်ကာဘီဟာ ခရစ်ယာန် Baptist ဂိုဏ်းက တရားဟောဆရာဟောင်း တစ်ယောက်ဖြစ်ပြီး Kansas ပြည်နယ်မှာ ဒီကနေ့ ကျင်းပမယ့် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲအတွက် မဲဆွယ် စည်းရုံးနေပါတယ်။

ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ Delegates လို့ခေါ်တဲ့ ပြည်နယ် အသီးသီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၁,၀၀၀ ကျော်လိုတဲ့အထဲမှာ မက်ကိန်းက ၇၀၇ ကိုယ်စားလှယ် ရထားပြီး ဟတ်ကာဘီ က ၁၉၅ ကိုယ်စားလှယ် အသီးသီး ရရှိထားကြပြီး ဖြစ်ပါတယ်။ နောက်ထပ် ရီပတ်ဘလစ်ကန်ပါတီက ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်တဲ့ ကွန်ဂရက်စ် လွှတ်တော်အမတ် ရွန် ပေါလ် (Ron Paul) ကတော့ ကိုယ်စားလှယ် ၁၄ ယောက် ရရှိထားပါတယ်။

ဟတ်ကာဘီကတော့ ဒီရွေးကောက်ပွဲမှာ သူ့အနေနဲ့ အရွေးချယ်ခံရဖို့ မဖြစ်နိုင်သလောက်ရှိပေမယ့် အဲဒီ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ပြချင်တယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဖြစ်လာရေးအတွက် ယှဉ်ပြိုင်နေကြတဲ့ အထက်လွတ်တော် အမတ် ကလင်တန် နဲ့ အိုဘားမားတို့ကတော့ ပြီးခဲ့တဲ့ စူပါ အင်္ဂါနေ့ ပါတီတွင်း ရွေးကောက်ပွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် အပြတ်အသတ် အနိုင်ရခဲ့ခြင်း မရှိတဲ့အတွက် အခုအချိန်အထိ အကြိတ်အနယ် ယှဉ်ပြိုင်နေကြရတာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း နှစ်ယောက်စလုံးဟာ
ဝါရှင်တန်ပြည်နယ်မှာ ဒီကနေ့ ကျင်းပမယ့် ပါတီတွင်းရွေးကောက်ပွဲနဲ့ Louisiana, Nebraska ၊ Virgin Islands နဲ့ Maine ပြည်နယ်တို့မှာ မနက်ဖြန်ကျင်းပမယ့် ပါတီတွင်း ရွေးကောက်ပွဲတွေအတွက် မဲဆွယ် စည်းရုံးနေကြပါတယ်။

နှစ်ယောက်စလုံးကတော့ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ဖက်က သမ္မတလောင်း ဖြစ်နိုင်ခြေများနေတဲ့ ဂျွန် မက်ကိန်းကို အနိုင်ရဖို့ သေချာတဲ့အကြောင်း ပြောခဲ့ကြပါတယ်။ သမ္မတလောင်း ကလင်တန် က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထောက်ခံသူတွေကို Virginia ပြည်နယ်မှာ အခုလို ပြောပါတယ်။

စင်မြင့်ပေါ်တက်ပြီး အထက်လွှတ်တော်အမတ် John McCain နဲ့ အမျိုးသားလုံခြုံရေးကိစ္စ၊ စီးပွားရေးကိစ္စနဲ့ တခြား အရေးပါတဲ့ အကြောင်းအရာတွေကို ယှဉ်ပြီး ပြောနိုင်ဖို့ရာမှာ ကျမတို့ ဒီမိုကရက်ပါတီအတွက် ဘယ်သူက အကောင်းဆုံး ဖြစ်မယ်လို့ ထင်ကြပါသလဲရှင်၊ ကျမက ကျမဘဝတသက်တာ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောနေတာဖြစ်တဲ့အပြင် ဒီထက်ပိုပြီး အရေးပါတဲ့အချက်က ကျမက ကျမရဲ့ နှလုံးသားကို ပေးအပ်ထားတာပါ။”

ကလင်တန်နဲ့ အိုဘားမား နှစ်ယောက်စလုံးဟာ လာမယ့် အင်္ဂါနေ့မှာ Virginia , Maryland နဲ့ Washington DC တို့မှာ ကျင်းပမယ့် ပါတီတွင်း ရွေးကောက်ပွဲတွေအတွက် ဆိုင်းပြင်းနေကြပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG