မကြာခင်ကမှ ရွေးချယ်တင်မြှောက်ခံရတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်စမတ်ဆန်ဒရာဝေဟာ သူ့ရဲ့ ပထမဆုံး ဝန်ကြီးအဖွဲ့ အစည်းအဝေးကို သောကြာနေ့က တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် သတင်းစာ ရှင်းလင်းပွဲတခုကိုပြုလုပ်ပြီး၊ အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ပြောဆိုသွားပါတယ်။
အဲဒီမှာ ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ၆နိုင်ငံဆွေးနွေးပွဲအကြောင်း ဝန်ကြီးချုပ်သစ် စမက်က အခုလို ပြောပါတယ်။
“အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် အမြဲတမ်း ပြင်းထန်တဲ့ ဖိအားတွေ ပေးနေတယ်။ ဘာကြောင့်လဲဆိုတာကျွန်တော်မေးချင်ပါတယ်။ ဘာကြောင့်ပျော့ပြောင်းတဲ့ ဖိအားတွေ ကျွန်တော်တို့ မသုံးနိုင်ရမှာလဲ။ နိုင်ငံခြောက်နိုင်ငံ ပေါင်းပြီး စစ်အစိုးရခေါင်းဆောင်တွေကို စကားပြောဖို့ ဘန်ကောက်ကို ဖိတ်ခေါ်ပြီးလည်း စစ်အစိုးရကို ဖိအားပေးနိုင်တာပါပဲ။ စစ်အစိုးရ အရာရှိတွေဟာ အခုလို ဆွေးနွေး ပွဲကို လက်ခံရမှာပါပဲ။”
ဝန်ကြီးချုပ်စမတ်က သူဟာ ဝန်ကြီးအဖွဲ့ဝင်တွေနဲ့ တိုင်ပင်ပြီး၊ မြန်မာစစ်အစိုးရကို ဖိအားပေးတဲ့အခါမှာ အရှေ့တောင်အာရှ အာစီယံအဖွဲ့ကြီးရဲ့ ကျင့်ထုံးကျင့်ဝတ်တွေနဲ့ ညီအောင် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
စမတ်ဆန်ဒါရာဝေရဲ့ ပြည်သူ့ပါတီဟာ အရင် ၂၀၀၆စက်တင်ဘာလတုန်းက ထိုင်းစစ်တပ်ကနေ အင်အားသုံးပြီး ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှိနာဝက်ရဲ့ ထိုင်း ရက် ထိုင်း ပါတီဟောင်းကို ပြန်လည်တည်ထောက်ထားတဲ့ ပါတီပါ။ အခု ဝန်ကြီးချုပ်သစ်ဆန်ဒရာဝေက တက်ဆင်ရဲ့ ဝန်ကြီးအဖွဲ့ဝင်ဟောင်းတွေနဲ့ ပါတီကို အနိုင်ရရှိထားတာကြောင့် ပြည်သူအများက ဆန်ဒါရာဝေဟာ တက်ဆင်ရဲ့ ကိုယ်စားလှယ်အဖြစ် ရပ်တည်နေမှာကို စိုးရိမ်မကင်းဖြစ်နေ ကြပါတယ်။
စမတ် ဆန်ဒါရာေ၀ ကတော့ လက်ရှိအစိုးရကို သူကပဲ ဦးစီးမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
“ကျွန်တော်ဟာ ပြည်သူ့ပါတီရဲ့ ခေါင်းဆောင် အမှန်တကယ်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကပဲ တိုင်းပြည်တခုလုံးကို တာဝန်ယူ အုပ်ချုပ်သွားမှာဖြစ်ပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားသွားတာပါ။
ဝန်ကြီးချုပ်ရာထူးကနေဖယ်ရှားခံရပြီး နိုင်ငံခြားမှာ ခတ္တတိန်းရှောင်နေတဲ့ တာဆင် ရှီနာဝက်ဟာ လာမယ့် လပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံကို ပြန်လာတော့မှာဖြစ်ပါတယ်။ တက်ဆင်ရဲ့ အရှိန်အဝါဟာအခုချိန်ထိ လက်ရှိ ဝန်ကြီးအဖွဲ့ဝင်တွေပေါ်မှာရော၊ ထိုင်းနိုင်ငံ ကျေးရွာ၊ နယ်ဒေသတွေပေါ်မှာပါရှိနေသေးတာကြောင့် တကယ်လို့သာ ဝန်ကြီးချုပ်သစ် ဆာမတ်ဟာ တက်ဆင်ရဲ့ ညွန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင် သူ့အတွက် အန္တရယ်ကျရောက်နိုင်တယ်လို့ ယူဆနေကြပါတယ်။
ဆမတ်ကတော့ တက်ဆင်ဟာ သူ့ရဲ့ မိတ်ဆွေကောင်းဖြစ်တာကြောင့် သူ့ကို ခြိမ်းခြောက်မဲ့သူ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။
“သူဟာကျွန်တော်ရဲ့ရန်သူလား။ ကျွန်တော့်ကို မကောင်းတာတွေ လုပ်မဲ့သူလား။ သူဟာ ကျွန်တော်ရဲ့ မိတ်ဆွေကောင်းပါ။ သူပြန်လာတာဟာ ဘာကြောင့် ကျွန်တော်အတွက် ချိန်းခြောက်စရာဖြစ်နိုင်မှာလဲ။ သူဟာ တရားရုံးမှာ သူ့ရဲ့ လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်ရမယ့်သူဖြစ်တယ်။ ကျွန်တော်တို့ ဝန်ကြီး အချင်းချင်း သိနေတာပဲ”လို့ ပြောသွားတာပါ။
ဝေဖန်သူတွေကတော့ သတင်းမီဒီယာတွေကတဆင့် ဝန်ကြီးချုပ်သစ် စမတ်ဟာ ဝန်ကြီး နေရာအတွက် အရည်အချင်း မပြည့်ဝသူ၊ မသင့်တော်သူ၊ လာဘ်စားမှုတွေနဲ့ နာမယ်ပျက်နေသူရယ်လို့ ပြောဆိုနေကြပါတယ်ခင်ဗျား။