သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပရေး ကြေညာချက်က ကုလသမဂ္ဂ ကြားဝင် ကြိုးပမ်းချက်ကို ပစ်ပယ်သလိုဖြစ်၊ အတိုက်အခံတွေ ဝေဖန်


လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရဖက်က ကြေညာလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေရေးကို ပစ်ပယ်လိုက်သလို ဖြစ်နေတယ်ဆိုပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန် ပြောဆိုပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ချက်တွေကိုပါ လက်မခံနိုင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ စစ်အစိုးရဖက်က အတည်ပြု ကြေညာလိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်ဆိုပြီးတော့လည်း ပြောဆိုကြပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ အကြောင်းစုံကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အသစ်ရေးဆွဲနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ရေးအတွက် လာမယ့် မေလမှာ နိုင်ငံတဝှမ်းလုံး လူထုဆန္ဒခံယူပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက လူထုဆန္ဒခံယူပွဲရဲ့ ရလဒ်ကို မသိဘဲနဲ့ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို ကြေညာတာဟာ သိပ်ကို စောနေသေးတယ်လို့ ပြောဆိုပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ အံသြမိတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီကြေညာချက်ကို ကြည့်လိုက်တဲ့အခါကျတော့ ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီးတော့ အထူးအရေးကြီးတဲ့ ဘယ်နေ့ ကျင်းပမယ် ဆိုတာရယ်၊ ဘယ်နည်းစနစ်တွေနဲ့ ကျင်းပမယ် ဆိုတာရယ်၊ ပြီးတော့ ဒီဥစ္စာဟာ ပြည်သူတွေ ဆန္ဒအမှန် ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ ကျင့်သုံးမှာလား ဆိုတာတွေ အဲဒါကို ကျနော်တို့ တစ်ခုမှ မတွေ့ရဘူး။ ဒါက နံပါတ် (၁) အချက်။ နံပါတ် (၂) အချက် ကျနော် လောလောဆယ် တွေ့တာက ၂၀၁၀ ခုနှစ်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်။ အဲဒီ ကျင်းပမယ်ဆိုတာ အခု ၂၀၀၈ ခုနှစ် မေလမှာ ကျင်းပမယ်ဆိုတဲ့ ဆန္ဒခံယူပွဲရဲ့ ရလဒ်ပေါ်မှာ သွားမှာလို့ပဲ ကျနော် နားလည်တယ်။ အဲတော့ ၂၀၀၈ ခုနှစ် မေလမှာ ကျင်းပမယ့် ဆန္ဒခံယူပွဲရဲ့ ရလဒ်၊ အဖြေက တစ်ခုတည်းမဟုတ်ဘူး။ နှစ်ခုရှိရမယ်လေ။ ဟုတ်လား၊ ကျနော်တို့ အောင်မြင်တယ်၊ မအောင်မြင်ဘူး။ အောင်မြင်လို့ရှိရင် ၂၀၁၀ ခုနှစ်မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပလို့ရမယ်။ မအောင်မြင်ရင် ဘာဆက်လုပ်ကြမလဲ။ အဲဒီတော့ မသိသေးတဲ့ အဖြေပေါ်မှာ အခုလို ကြေညာတာ ကျနော်တို့ အထူးပဲ အံ့သြနေပါတယ်။”

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ကြားဝင် ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံကို သွားရောက်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ကြိုးစားနေတဲ့ အချိန်မှာပဲ စစ်အစိုးရဖက်က လူထုဆန္ဒခံယူပွဲ ကျင်းပမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

အဲန်စီဂျီယူဘီ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ပြည်ပရောက် အစိုးရအဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း ကတော့ ဒီလို စစ်အစိုးရဖက်က ကြေညာလိုက်တာဟာ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ချက်တွေကို ပစ်ပယ်လိုက်သလို ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။

“မစ္စတာ ဂမ်ဘာရီ သွားမယ်။ ဧပြီလ သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောနေတာတွေ ရှိတယ်။ အဲဒီ မတိုင်ခင်မှာ ဒီလို ကြေညာခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေဟာ အလကားလို ဖြစ်သွားတယ်။ ဒါဟာ အင်မတန် ဆိုးရွားတဲ့ ဖြစ်ပေါ်မှုပဲလို့ ကျနော်က မြင်ပါတယ်။”

ဗဟု ဖွံ့ဖြိုးရေးအဖွဲ့က မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းကတော့ ဒီ စစ်အစိုးရကျင်းပမယ့် ဆန္ဒခံယူပွဲက မြန်မာနိုင်ငံမှာ အရင်က ကျင်းပခဲ့ဖူးတဲ့ ဆန္ဒခံယူပွဲတွေနဲ့ နိုင်းယှဉ်ရင်တောင် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ အားနည်းနေသေးလိမ့်မယ်လို့ သုံးသပ်ပါတယ်။ နိုင်ငံတကာ စံတွေနဲ့လည်း နိုင်းယှဉ်ပြီး ဆန္ဒခံယူပွဲတွေမှာ လူထုရဲ့ ပါဝင်နိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို သူက မေးခွန်းထုတ်ပါတယ်။

“ဟိုအရင်တုန်းက ၁၉၇၄ ခုနှစ်က ဖွဲ့စည်းပုံ ရေးဆွဲခဲ့တဲ့ စံတွေနဲ့ တိုင်းတာရင်တောင် တော်တော်လေး နိမ့်နေတယ်လို့ ပြောရပါလိမ့်မယ်။ ဆိုတော့ ၇၄ ခုနှစ်တုန်းကဆိုရင် အပြန်ပြန် အလှန်လှန် ပထမ မှုကြမ်း၊ ဒုတိယ မူကြမ်း လူထုကြားထဲမှာ ချပြတာ၊ ဆွေးနွေးတာတွေ ရှိပါတယ်။ အခု ဖွဲ့စည်းပုံမှာ ဒီလို အခြေအနေတွေ လုံး၀ မရှိပါဘူး။ နောက်တစ်ခုက ကျနော့အမြင်က ဖွဲ့စည်းပုံ လက်ရှိ အတည်ပြုမယ်ဆိုတဲ့ ဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ရှိရင် ပြည်သူလူထုဖက်က ဘယ်လောက်အထိ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသလဲ။ နိုင်ငံတကာ အတွေ့အကြုံတွေ ကြည့်လို့ရှိရင် ထောက်ခံတဲ့သူ ဖက်ကလည်း ဆွေးနွေးခွင့်ရှိသလို ကန့်ကွက်မယ့်သူတွေဖက်ကလည်း လွတ်လွတ်လပ်လပ် စည်းရုံးခွင့် ရှိရပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးတွေ ဖြစ်မဖြစ်ဆိုတာ အခုအနေအထားမှာ ကျနော်ထင်တာ တော်တော် မသေချာပါဘူး။”

လူထုဆန္ဒခံယူပွဲကို လာမယ့် မေလမှာ ကျင်းပပြီးတဲ့အခါ မြန်မာနိုင်ငံမှာ လာမယ့် သက္ကရာဇ် ၂၀၁၀ ခုနှစ်ကျရင် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာပါတယ်။ ဒီလို ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာခဲ့ပေမယ့် ၁၉၉၀ ခုနှစ်က အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကိုတော့ စစ်အစိုးရဖက် အသိအမှတ်ပြုဖို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

အဲန်စီဂျီယူဘီ ပြည်ပရောက် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ပစ်ချင်တယ်၊ ကျနော်တို့ ပြောတာက ပထမ ရွေးကောက်ပွဲကိုတောင်မှ ဘာမှ အသိအမှတ် မပြုခဲ့လို့ရှိရင် နောက်ရွေးကောက်ပွဲအပေါ်မှာ ဘယ်လို သဘောထားမလဲ၊ ဒါမေးခွန်းကြီး ဖြစ်နေပါတယ်။”

အဲန်စီဂျီယူဘီ ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့က
ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း ပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG