သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွန်ထွန်ဦးလွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှု


ပူတာအိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရှမ်းအမျိုးသားခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ရှမ်းခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ပြည်ပရောက်ရှမ်းအမျိုးသားတွေက နိုင်ငံပေါင်း၁၀နိုင်ငံမှာ ဆုတောင်းပွဲတွေကို ကျင်းကြပါတယ်။ ထိုင်းနိုင်ငံမှာ ချင်းမိုင်မြို့ ဒီဆုတောင်းပွဲကျင်းပခဲ့ပုံကို ထိုင်းအခြေစိုက်သတင်းထောက် ဦးမိုးဇော်က အခုလို တင်ပြထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အဖမ်းခံရတာ သုံးနှစ်မြောက် ပြီးတဲ့နေ့မှာ ပြည်ပရောက် ရှမ်းအမျိုးသားတွေက ဒီလို ဆုတောင်းပွဲတွေ ကို တနင်္ဂနွေနေ့မှာ ကျင်းပတာဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၀နိုင်ငံမှာ ဦးခွန်ထွန်းဦးနဲ့ရှမ်းခေါင်းဆောင်တွေ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲတွေ ကျင်းပရတဲ့ အကြောင်းကို ချင်းမိုင်မြို့က ပွဲဖြစ်မြောက်ရေးတာဝန်ခံ မယင်းဇမ်က အခုလို ပြောပါတယ်။

“ဒီကျမတို့ရဲ့ ခေါင်းဆောင် ဒီအဖမ်းခံရတဲ့ခေါင်းဆောင် အထူးသဖြင့် ဦးခွန်ထွန်းဦးပေါ့လေ။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ကမ္ဘာပေါ်မှာရှိတဲ့ အစိုးရတွေကို ပြောပြဖို့။ နောက်တခုက သူတို့လွတ်မြောက်ရေးအတွက် နအဖ စစ်အစိုးရကို ဖိအားပေးဖို့အတွက် ရည်ရွယ်ချက်ပေါ့လေနော်။”

အခုအခါမှာ အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ ဦးခွန်ထွန်းဦးဟာ ပူတာအိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၉၃နှစ်ကျခံနေရပြီး သွေးတိုး၊ ဆီးချိုနဲ့ ဆီးကျိတ်ရောဂါတွေခံစားနေရပါတယ်။

အခြား ရှမ်းခေါင်းဆောင်တွေဖြစ်တဲ့ ရှမ်းပြည် ငြိမ်းချမ်းရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင်ဟာ ခန္တီးထောင်မှာ ထောင်ဒဏ် (၁၀၆)နှစ် ကျခံနေရပြီး မျက်စေ့ရောဂါခံစားနေရပါတယ်။ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှုး ဦးစိုင်းညွန့်လွင်ကတော့ ကလေးထောင်မှာ ထောင်ဒဏ် ၈၅နှစ်ကျခံနေရပြီး ဝမ်းကိုက်ရောဂါ ခံစားနေရပါတယ်။ ကျန်တဲ့ ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့ဝင်တွေဟာလည်း ထောင်ဒဏ် ၇၉နှစ်စီကျခံနေကြရပြီး မြင်းခြံထောင်မှာ ကျခံနေရတဲ့ စိုင်းမျိုးဝင်းထွန်းဟာ စိတ်ဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။

သူတို့တွေဟာ မိသားစုနဲ့အလှမ်းဝေးတဲအကျဉ်းထောင်တွေမှာ ကျခံနေရပြီး ဆေးဝါးကုသမှုလည်း ကောင်းကောင်း မရကြဘူးလို့ မယင်းဇမ်က ဆက်ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာထုတ်ပြန်တဲ့ ရှမ်းအမျိုးသမီးအဖွဲ့နဲ့ ရှမ်းလူငယ်အဖွဲ့ရဲ့ ကြေညာချက် မှာတော့ ရှမ်းခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲ စတင်ဖို့ တောင်းဆိုထားပါတယ်။

ချင်းမိုင်မှာ ကျင်းပတဲ့အခမ်းအနားကို ဗုဒ္ဓဘာသာထုံးစံနဲ့အညီကျင်းပခဲ့တာဖြစ်ပြီး စုစုပေါင်း လူ ၈၀ကျော် လောက်တက်ရောက်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မနေ့မနက်ပိုင်းက ဗုဒ္ဓဘာသာဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့သလို ညနေပိုင်းမှာတော့ ခရစ်ယာန်ဘာသာ ဝတ်ပြုဆုတောင်းပွဲကျင်းပခဲ့ပါတယ်။ ဒါအပြင် စင်္ကာပူ၊ ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ကနေဒါ စတဲ့နိုင်ငံတွေမှာလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းခေါင်းဆောင် (၈)ယောက်ဟာ ရှမ်းပြည်အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းရေးနဲ့ မြန်မာပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရေး အတွက် ဆွေးနွေးပြီး နောက် ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလမှာ အဖမ်းခံရတာပါ။ သူတို့တွေကို နိုင်ငံတော်ပုန်ကန်မှုအပါအဝင် အခြား စွဲဆိုချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေး အခြေအနေ ဆိုးေနေပေမယ့် ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ တန်းတူညီမျှရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်ဆဲ ဖြစ်တယ်လို့ ဦးခွန်ထွန်းဦးက ထောင်ထဲက ပြောဆိုလိုက်ေကြောင်းကို ရှမ်းအမျိုးသမီးနဲ့ လူငယ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ အလေးထား ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG