မြန်မာစစ်အစိုးရဟာ တိုင်းပြည်လူထုပေါ် ဖိနှိပ်အုပ်ချုပ်နေတာတွေကို အဆုံးမသတ်ဘဲ
နဲ့တော့ မေလမှာကျင်းပမယ်ဆိုတဲ့ အခြေခံ ဥပဒေသစ်အတွက် လူထုဆန္ဒခံယူပွဲဆိုတာ
ဟာ အတုအယောင်ပဲဖြစ်လိမ့်မယ်လို့
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး
အဖွဲ့ (Human Rights Watch) က ပြော
လိုက်ပါတယ်။ ဒီဆန္ဒခံယူပွဲပေါ် ဘယ်လောက် ယုံကြည်ရမလဲဆိုတာဟာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အစိုးရက
ဘယ်လောက် အာမခံချက်ပေးမလဲဆိုတာ
ပေါ်မှာ မူတည်နေတယ်လို့လည်း ဆိုပါတယ်။
အပြည့်အစုံကို ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။
မေလမှာကျင်းပမယ်ဆိုတဲ့ လူထုဆန္ဒခံယူပွဲကို လွတ်လပ်မှုနဲ့ အခြေခံအခွင့်အရေးတွေ
ကို လေးစားလိုက်နာမှုရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာပဲ ကျင်းပသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင် ဆန္ဒခံယူပွဲရဲ့ စစ်မှန်မှုနဲ့ လူထုရဲ့ အခြေခံအခွင့်အရေး
တွေကို ချိတ်ဆက်ထားတာပါ။ လူထုဟာ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို ကျင့်သုံး နိုင်တဲ့အခြေအနေမျိုးမှာ ရှိမှသာ ဆန္ဒခံယူပွဲဟာ စစ်မှန်မယ်၊ ဒီလိုမဟုတ်ရင်တော့
ဆန္ဒခံယူပွဲဟာ စစ်မှန်မှုမရှိဘူးလို့ ဆိုလိုချင်တာပါပဲ။ ဒါနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ၀ါရှင်တန်ဒီစီအခြေစိုက် လှုံ့ဆော်စည်းရုံးရေးဆိုင်ရာ
ညွှန်ကြားရေးမှူး တွမ် မယ်လင်နောစကီး (Tom Malinowski) က ဗွီအိုအေကို အခုလို
ပြောပြခဲ့ပါတယ်။
“လူတွေကို လွတ်လွတ်လပ်လပ် စုဝေးခွင့်မပြုဘူး၊ ပြောဆိုခွင့်မပြုဘူး၊ သူတို့ဆန္ဒရှိတဲ့
အတိုင်း ထုတ်ဖော်ခွင့်မပြုဘူးဆိုရင် ဒီဆန္ဒခံယူပွဲဟာ ယုံကြည်ရလောက်တဲ့ အခြေ
အနေမှာမရှိပါဘူး။ အတိုက်အခံတွေ၊ မြန်မာပြည်က သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့
အစည်းတွေအားလုံးအနေနဲ့ အခြေခံဥပဒေ ပေါ်ထွက်လာရေး လုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက်ခွင့်မရဘူးဆိုရင် စစ်ဖက်က တဖက်သတ်ရေးဆွဲထားတဲ့ စာရွက်စာတမ်း
တခုကိုပဲ ရလာမှာပါ။ အခြေအနေတွေကို မပြောင်းလဲဘူးဆိုရင် ရွေးကောက်ပွဲမှာ
လည်း လူတွေဟာ သူတို့ဆန္ဒအတိုင်း ထုတ်ဖော်ခွင့်ရမှာမဟုတ်ပါဘူး”
လွတ်လပ်ပြီး တရားမျှတတဲ့ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲမျိုးတွေဖြစ်ဖို့ လိုအပ်တဲ့ ဘယ်လိုအခြေခံလွတ်လပ်ခွင့်မျိုးကိုမှ မြန်မာလူထုအနေနဲ့ လက်ရှိအခြေအနေမှာ ရရှိ
ခံစားနိုင်ခြင်း ရှိမနေပါဘူးလို့လည်း တွမ် မယ်လင်နောစကီးက ဆက်ပြောပါတယ်။ ဘယ်လိုလွတ်လပ်ခွင့်မျိုးတွေကို မြန်မာလူထု ခံစားမနေရဘူးလဲဆိုတော့ သူက အခုလို
ဖြေပါတယ်။
“အစိုးရကို ဝေဖန်ပြောဆိုတာမျိုး သူတို့ကို ခွင့်မပြုပါဘူး၊ စုဝေးဆွေးနွေးခွင့် သူတို့မရ
ပါဘူး၊ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို သတင်းအချက်အလက်တွေ ရယူနိုင်
အောင် လွတ်လပ်တဲ့သတင်းစာတွေ ဖတ်ခွင့်မရပါဘူး၊ ဒီအခြေခံဥပဒေပဲဖြစ်ဖြစ်၊
အစိုးရကပြောတဲ့ တခြား ဘယ်လိုလုပ်ငန်းစဉ်မျိုးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဒါဟာ
တိုင်းပြည်အတွက် ကောင်းသလား၊ ဆိုးသလားဆိုတာကို ငြင်းခုံဆွေးနွေးခွင့်မရပါဘူး”
တကယ်ကတော့ မြန်မာပြည်မှာ အခြေခံအခွင့်အရေးတွေ မရှိဘူးဆိုတာကို ဒီ လူ့အခွင့်
အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တခုထဲက ပြောတာတော့မဟုတ်ပါဘူး။ ပြည်တွင်း
ပြည်ပက ဒီမိုကရေစီရေးလှုပ်ရှားသူတွေအစ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အပါအ၀င် နိုင်ငံ
တကာ အစိုးရအများအပြားက မြန်မာလူထုရဲ့ အခြေခံလူ့အခွင့်အရေးတွေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ စစ်အစိုးရကို အခါမလပ် တောင်းဆိုတိုက်တွန်း
နေခဲ့ကြတာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကဆိုရင် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၅ ရက်
နေ့က အထူးအစည်းအဝေးခေါ်ယူပြီး မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ အကျယ်
တ၀င့် ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတဲ့နောက်မှာတော့ မြန်မာအစိုးရရဲ့ အကြမ်းဖက်
နှိမ်နင်းမှုတွေကို အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ အပါအ၀င် နိုင်ငံရေးအရ ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်
တွေကို အပြည့်အ၀ လေးစားလိုက်နာဖို့ ကောင်စီအဖွဲ့ဝင်နိုင်ငံအားလုံးက တညီ
တညွတ်ထဲ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပါတယ်။
မြန်မာစစ်အစိုးရကတော့ တိုင်းသူပြည်သားတွေရဲ့ စားဝတ်နေရေး ပြေလည်အောင်
လုပ်ပေးတာဟာ အခြေခံအခွင့်အရေးတွေကို အာမခံပေးတာပဲလို့ ကိုယ်ပိုင်အဓိပ္ပာယ်
ဖွင့်ဆိုပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က တွမ် မယ်လင်နောစကီးကတော့ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံဖော်တဲ့နေရာမှာ ပြည်သူလူထုကိုယ်တိုင်ပါဝင်ပြီး အခြေခံ ဥပဒေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးဝေဖန်ခွင့်ရဖို့ရာဟာ အရေးအကြီးဆုံးပါပဲ
တဲ့။
သိပ်မကြာတော့တဲ့ ကာလတခုမှာ မြန်မာပြည်လူထုရဲ့ အခြေခံလွတ်လပ်ခွင့်တွေ
တိုးတက်လာမယ့် အလားအလာ မြင်မိပါသလားလို့ သူ့ကိုမေးတော့ …
“ကျနော် မသိဘူးဗျ၊ ဒါပေမယ့် အခြေခံအခွင့်အရေးတွေ တိုးတက်လာစေဖို့ အစိုးရရဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးမှ မတွေ့ရသလို အဲဒီလိုလုပ်ဖို့ အခိုင်အမာ ရည်ရွယ်ထားတဲ့ အရိပ်လက္ခဏာမျိုးလည်း မတွေ့ရပါဘူး”
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က တွမ် မယ်လင်နောစကီးပါ။
အခု လူထုရဲ့ဆန္ဒသဘောထားကို ခံယူမယ်ဆိုတဲ့ အခြေခံဥပဒေမူကြမ်းကို စစ်အစိုးရက
၁၄ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့တာပါ။ ဒါပေမယ့် အခြေခံဥပဒေရေးဆွဲဖို့ ကျင်းပတဲ့ အမျိုးသားညီလာခံကိုတက်ရောက်တဲ့ ကိုယ်စားလှယ်အများစုကို စစ်အစိုးရက သူတို့
စိတ်ကြိုက် ရွေးချယ်ခဲ့တယ်၊ ၁၉၉၀ ပြည့်နှစ်မှာ စစ်အစိုးရကပဲ ကြီးမှူးကျင်းပပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့
တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစု မပါဝင်ခဲ့ဘူး၊ ဒါ့ကြောင့် ဒီအခြေခံဥပဒေ
မူကြမ်းဟာ စစ်အစိုးရက သူတို့အလိုကျရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမူကြမ်းဖြစ်တယ်လို့
ဝေဖန်ကြပါတယ်။
အခြေခံဥပဒေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ထဲမှာ ဒေါ်အောင်ဆန်းစု
ကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေကိုပါ
ထည့်သွင်းပြီး စစ်အစိုးရနဲ့အတူ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြဖို့ ကမ္ဘာ့ကုလသမဂ္ဂ
အဖွဲ့ကြီးကလည်း တိုက်တွန်းထားပါတယ်။