သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း အမှတ်ရစေဖို့ NLD က မြန်မာနိုင်ငံကလေးများနေ့ ကျင်းပ


ဒီကနေ့ဟာဆိုရင် မြန်မာ့တပ်မတော်ဖခင်လည်းဖြစ် အာဇာနည်ခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံရဲ့ ကလေးများနေ့လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း တိမ်ကောပျောက်ကွယ်လာနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမိုင်းကြောင်းတွေကို သိနားလည်စေဖို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့၊ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။

မြန်မာ့တပ်မတော်ရဲ့ဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့တာ ဒီနေ့ဆိုရင် နှစ်ပေါင်း (၆၁) နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့တာတွေကို အခုအချိန်မှာ တဖြည်းဖြည်း လျစ်လျူရှု မေ့လျော့ခံလာနေရတဲ့ အခြေအနေမျိုး ဆိုက်ရောက်နေတာမို့လည်း သူ့ကိုလေးစား ကြည်ညိုတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မြန်မာနိုင်ငံရဲ့ ကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့ ဗိုလ်ချုပ်ရဲ့မွေးနေ့ကို ကျင်းပခဲ့ကြတာပါ။ ဒီလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြဖို့ ကျင်းပကြတဲ့အထဲမှာ ဗိုလ်ချုပ်ရဲ့ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီလည်း အပါအဝင်ဖြစ်ပါတယ်။

“အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်း ကို မမေ့ဖို့၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်စွန့်ပြီး တိုင်းပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်ချက်တွေ နောင်လာနောက်သားလူငယ်တွေ သိဖို့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးရင် ဒီမိုကရေစီ တိုင်းပြည်ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေကို လူငယ်တွေကို သိစေချင်တဲ့ ဆန္ဒနဲ့ပေါ့။ ခင်ဗျားတို့ သိတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာတွေကို ပိုက်ဆံတွေကအစ ဗိုလ်ချုပ်ပုံတွေမရှိတော့ဘူး။ တကယ်တမ်း လွတ်လပ်ရေးကို ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ဟာ လွတ်လပ်ရေးရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကျွန်တော်တို့ ရှေ့မှီ နောက်မှီတွေလောက်ပဲ သိကြတာ။ နောက်ပိုင်းကလေးတွေဆိုတာ အာဇာနည်ဆိုတာ ဘယ်သူလဲမေးရင် အဆိုတော် Rဇာနည်လို့ ပြောကြတာ။ အာဇာနည် ခေါင်းဆောင်ဆိုတဲ့ အဓိပ္ပါယ်ကို သူတို့ နားမလည်ကျတော့ဘူး။ အဓိကအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်း ဂုဏ်သတင်းကို မှေးမှိန်စေချင်တဲ့ သဘောကို တွေ့နေရတယ်။ တကယ်တမ်း ဒီအချိန်မှာ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်နဲ့ နေနိုင် ထိုင်နိုင် သွားနိုင်။ လွတ်လပ်ရေးရတယ်ဆိုတာ ဘာကြောင့်လဲ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တို့လို ခေါင်းဆောင်ကြီးတွေ ကြိုးပမ်းမှုကြောင့် ရခဲ့တယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်။ အဲဒါကြောင့် လုပ်တယ်။ တဖက်ကတော့ ဒါကို သိစေချင်ပုံ မရဘူးပေါ့။ နောင်လားနောက်သားတွေလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ခေါင်းထဲကို ထည့်မပေးချင်ဘူးပေါ့။ ဒီလို စေတနာ ဆန္ဒမရှိဘူးပေါ့”လို့ ရန်ကုန်မြို့က အန်အယ်လ်ဒီ ရုံးချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့မွေးနေ့ ကလေးများနေ့ အခမ်းအနား ကျင်းပခဲ့တာနဲ့ ပတ်သက်လို့ ပြန်ကြားရေးတာဝန်ခံ တဦးဖြစ်တဲ့ ဒေါက်တာ ဝင်းနိုင် က ပြောခဲ့ပါတယ်။

တပ်မတော်ရဲ့ဖခင်၊ တိုင်းပြည်အာဇာနည်တဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ထားပေမယ့်လည်း ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာတော့ တစုံတရာ ဖော်ပြတာမျိုးမတွေ့ရပဲ မနေ့က ကျင်းပပြီးစီးသွားတဲ့ ပြည်ထောင်စုနေ့မှာ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပြောကြားချက်တွေကိုပဲ ဝေေ၀ဆာဆာ တွေ့ကြရတာပါ။ ဒီလိုအခြေအနေတွေအောက်မှာ ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍကို အများပြည်သူ အထူးသဖြင့် ကလေးတွေ၊ လူငယ်တွေကို လက်ဆင့်ကမ်း သိနားလည်စေဖို့ ရည်ရွယ်လိုတယ်လို့လည်း ရန်ကုန်တိုင်း ဒဂုံမြို့သစ်မှာလည်း ကလေးများနေ့ကို ဦးစီးကျင်းပခဲ့တဲ့ အန်အယ်လ်ဒီ လူငယ် အဖွဲ့ဝင် တဦး ကပြောပါတယ်။

“ကျွန်တော်တို့ရဲ့ အဖိုး၊ အဖေ၊ သားသမီးတွေ၊ မြန်မာပြည်တပြည်လုံးမှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ အကြည်ညိုဆုံး၊ အလေးစားဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ပြရမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံ ခေါင်းဆောင် ပီသမှုတွေကြောင့်ပေါ့။ သူ့ရဲ့ လုပ်ရပ်တွေကိုလည်း ပြန်ကြည့်မယ်ဆိုရင် နှစ်ပေါင်းတရာနီးပါး နယ်ချဲ့ ကိုလိုနီ အုပ်ချုပ်သူများရယ်၊ နောက်ထပ် ပေါ်လာတဲ့ ဖက်ဆစ်တွေကို ပြတ်ပြတ်သားသား တွန်းလှန် ခဲ့တဲ့၊ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူတပ်မတော်ကို ဦးဆောင်ခဲ့တယ်။ ကချင်၊ ကယားစတဲ့ တိုင်းရင်းသားများ စည်းလုံးညီညွတ်အောင် ဆောင်ကျဉ်းပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံ ကမ္ဘာမှာ လွတ်လပ်တဲ့ နိုင်ငံအဖြစ်နဲ့ ရပ်တည်နိုင်အောင် လုပ်ပေးခဲ့တယ်။ အမျိုးသားခေါင်းဆောင်လဲဖြစ်တယ်။ တပ်မတော် ဖခင်လည်း ဖြစ်တယ်။ လွတ်လပ်ရေး ဗိသုကာလည်း ဖြစ်တယ်။ ဒါကြောင့် ကလေးတွေ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးဖြစ်အောင် ဗိုလ်ချုပ်အောင်ဆန်းကို အံတုနိုင်အောင် ဒီလို အထိမ်းအမှတ်ပွဲတွေ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။”

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကလေးများနေ့ အခမ်းအနားတွေကို ဒီကနေ့ ကျင်းပကြရာမှာတော့ အာဏာပိုင်တွေဖက်က အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုတွေ ရှိပေမယ့်လည်း တစုံတရာ အနှောက်အယှက်ပေးတာမျိုးတော့ မကြားသိရဘူးလို့ အန်အယ်လ်ဒီ အသိုင်းအဝိုင်းက ပြောကြပါတယ်။ အခုအခမ်းအနားတွေမှာ ကလေးငယ်တွေက ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးသား ပြောဆိုတာတွေ၊ ကလေးတွေ လူငယ်တွေကို ဗိုလ်ချုပ်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ဟောပြောမှုတွေနဲ့ အတူ သူ့ရဲ့ တိုင်းပြည်အကျိုးဆောင်ရွက်ချက်တွေကို ပြန်ပြောင်း သိရှိစေမယ့် လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG