မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ ရန်ကုန်မြို့အတွင်း အထိမ်းအမှတ် အခမ်းအနားတွေလုပ်ခဲ့တာတွေရှိပြီး၊ လူငယ်အဖဲ့ွအစည်းတွေ ပေါင်းပြီး လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေကို ကိုသားညွန့်ဦးက မေးမြန်းဆက်သွယ်ထားပါတယ်။
Generation Wave မျိုးဆက်သစ်လူငယ် အစည်းအရုံးဆိုတဲ့ လူငယ်အဖွဲ့နဲ့ အခြားလူငယ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ ရန်ကုန်နေရာ အတော်များများမှာ လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ တခုကတော့ ရန်ကုန်မြို့မှာရှိတဲ့ တန်ခိုးကြီး ဘုရားတွေမှာ ဖယောင်းတိုင်မီး ထွန်းညှိကပ်လှူခဲ့ကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး GW မျိုးဆက်သစ်လူငယ်အဖွဲ့က ကျော်ကျော်က အခုလို ပြောပြတယ်။
“ဒီနေ့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီလို နေ့ထူးနေ့မြတ်မှာ ကျောင်းသားလူငယ်တွေ၊ ပြည်သူပြည်သားတွေအားလုံး မေ့ပျောက်အောင် ကြိုးစားနေတဲ့ နအဖကို ကျွန်တော်တို့အနေနဲ့ ဆန့်ကျင်ရပါမယ်။ အဲဒီလို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့မှာ ရှိနေတဲ့ တန်ခိုးကြီးဘုရားတွေမှာ အလင်းတိုင်ကို ကျွန်တော်တို့ ထွန်းညှိပူဇော်မှုတွေ လုပ်တာပါ။ ဒီလို လုပ်ရတဲ့ရည်ရွယ်ချက်ကလည်း ပိန်းပိတ်အောင် အမှောင်ဖုံးခံနေရတဲ့ ပြည်သူတွေရဲ့ ကိုယ်စား အားလုံး အလင်းဓာတ်တွေ ရရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်။ ဒုတိယ အချက်အနေနဲ့က ရွှေဝါရောင်တော်လှန်ရေးကာလ အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဟန်းရှင် ကျောင်းသားပြည်သူတွေ အများကြီးရှိပါတယ်။ အဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူတွေရဲ့ မိသားစုဝင်တွေနဲ့ စုပေါင်းပြီး အကျဉ်းချခံနေရတဲ့လူတွေ လွတ်မြောက်ဖို့၊ မလွတ်မြောက်ခင် အချိန်တွင်းမှာလဲ သူတို့ ဘဝ၊ သူတို့ နေရေးထိုင်ရေး၊ သူတို့ ကျန်းမာရေး အစစအရာရာ အဆင်ပြေစေဖို့ ကျွန်တော်တို့ ဘုရားကို တိုင်တည်ရင်းနဲ့လည်း ဆုတောင်းပွဲတွေ ပြုလုပ်လိုက်တာဖြစ်ပါတယ်။”
ဒီနေ့ အလင်းတိုင်ထွန်းပွဲက ဘယ်ဘုရားတွေမှာ အဓိကထားပြီးလုပ်ခဲ့တာလဲခင်ဗျ။
“မယ်လမုဘုရား၊ ဆူးလေဘုရား၊ ရွှေတိဂုံဘုရား၊ ဗိုလ်တထောင်ဘုရား၊ ကမ္ဘာအေး ဘုရားတွေမှာ အဓိကလုပ်ခဲ့ပါတယ်။ ကျန်တဲ့ မထင်မရှားစေတီတော်တွေမှာလည်း ပူဇော်တာတွေ လုပ်ခဲ့ပါတယ်။”
ကိုကျော်ကျော်တို့ ဒီနေ့ လှုပ်ရှားမှုမှာ လူအင်အား ဘယ်လောက်လောက်ရှိလဲ၊ ခွဲပြီးလုပ်တာလား။ တပြိုင်နက်ထဲ လုပ်ကြတာလား။
“ရန်ကုန်မြို့မှာ ရှိနေတဲ့ တင်းကျပ်တဲ့ လုံခြုံရေးတွေအရ ကျွန်တော်တို့ တပြိုင်နက်ထဲ တနေရာထဲတော့ တစုတစည်းထဲ လုပ်လို့ မရလိုက်ပါဘူး။ ကျွန်တော်တို့ အဖွဲ့ငယ်လေးတွေ ခွဲပြီး ဘုရား တဆူစီမှာပဲ ကျွန်တော်တို့ လုပ်လိုက်ရပါတယ်။ ဒီနေ့လုပ်သွားတဲ့ အလုပ်က ကျွန်တော်တို့ တဖွဲ့တည်း မဟုတ်ပါဘူး။ တခြားအဖွဲ့ပေါင်းစုံတွေရဲ့ အကူအညီတွေလည်း ပါပါတယ်။ ဒါပေမဲ့ အဓိက အင်အားအနေနဲ့ကတော့ အကျဉ်းကျခံနေရတဲ့ သူတွေရဲ့ မိသားစုဝင်တွေ ပါဝင်လာခြင်းဖြစ်ပါတယ်။ သူတို့တွေ ပါဝင်လာတဲ့ အတွက်ကြောင့် ကျွန်တော်တို့တွေဟာ ပိုပြီးတော့ အင်အားများလာရတာဖြစ်ပါတယ်။ ကျွန်တော်တို့ လူအင်အား နှစ်ရာကျော်နဲ့ ဒီနေ့ ဆုတောင်းပွဲကို ကျင်းပခဲ့တယ်လို့ ပြောလို့ ရပါတယ်။”
ဒီနေ့ ဆုတောင်းပွဲတွေ လုပ်တဲ့အခါ ပတ်ဝန်းကျင်က ရိပ်မိလား၊ ဒါနဲ့ ပတ်သက်ပြီး ဘာတွေများ တုန့်ပြန်မှုတွေ ရှိပါသလဲ။
“တချို့စေတီတွေမှာကတော့ သိသာထင်ရှားမှုတွေတော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်လိုက်တဲ့အချိန်မှာ ဘယ်သူသိသိ မသိသိ ဂေါပကလူကြီးတွေတော့ သိသွားပါတယ်။”
ဘယ်လိုဖြစ်လို့ပါလဲ။
“ရွှေတိဂုံမှာ ထောင့် ၈ထောင့် စလုံးမှာ အလင်းတိုင်တွေ ထွန်းညှိပါတယ်။ ဒါပေမဲ့ လူအုပ်စု တစုကလာပြီး ကျွန်တော်တို့ကို စောင့်ကြည့်ပါတယ်။ ဘုရားမှာ ဖယောင်းတိုင်ထွန်း ဆုတောင်းတဲ့အတွက်ကြောင့် ဘာမှ အနှောက်အယှက်တွေတော့ မကြုံခဲ့ရပါဘူး။”
ဒါ့အပြင် ရန်ကုန် လှည်းတန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံနဲ့ စစ်အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ စာသားတွေ ပါတဲ့ လက်ကမ်းစာစောင်ဖြန့်ဝေမှုတွေရှိတယ်လို့ သိရပါတယ်။ ဒါကိုလည်း ဒီလူငယ်အဖွဲ့တွေ လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီကနေ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ အခုချိန်ထိ ဖမ်းဆီးသတင်းတွေ မကြားသေးရပါဘူး။ လှည်းတန်းနဲ့ ရွှေတိဂုံ ဘုရားပေါ်မှာတော့ လှုပ်ရှားမှုအပြီး အရပ်ဝတ် အာဏာပိုင်တွေ ရောက်လာကြတယ်လို့ သိရပါတယ်။