သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ စက်တင်ဘာလှုပ်ရှားမှု ဖမ်းဆီးခံရသူ ရဟန်းနဲ့ သီလရင်တွေကို ရုံးထုတ်စစ်ဆေး


မြန်မာပြည်က လူ့အခွင့်အရေးလှုပ်ရှားကြတဲ့ အမျိုးသမီး
တွေထဲမှာ ထင်ရှားတဲ့ လှုပ်ရှားသူ မစုစုနွေးဟာ
စက်တင်ဘာလှုပ်ရှားမှုတွေအပြီး မြန်မာစစ်အစိုးရက
ဖမ်းဆီးတာကို ခံထားရပါတယ်။ အရင်တုန်းကလည်း
မစုစုနွေးဟာ သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကြောင့် အာဏာပိုင်တွေဖမ်းဆီးတာကို အကြိမ်ကြိမ်ခံခဲ့ရတဲ့
အမျိုးသမီးတဦးပါ။ ဒီကနေ့မှာတော့ မစုစုနွေးနဲ့အတူ
အဖမ်းခံခဲ့ရတဲ့ ကိုဘိုဘိုဝင်းလှိုင်တို့ကို တရားရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ အဲဒီနေရာကို အန်အယ်လ်ဒီပါတီ
ဘက်က ရှေ့နေတချို့ကလည်း သွားခဲ့ကြတယ်လို့
ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို
ရှင်းပြပါတယ်။

“မစုစုနွေးကို ပြီးခဲ့တဲ့တပတ်တည်းက အမှုတင်တယ်လို့ ကျနော်တို့ သတင်းကြားတယ်။
ရှေ့နေက ဝင်ခွင့်မရဘူး။ ဒီနေ့ ၁၄ ရက်နေ့ချိန်းတယ်လို့ကြားလို့ တရားရုံးချုပ်ရှေ့နေ
ဦးကြည်ဝင်းရယ်၊ ဦးမြင့်သောင်းရယ်၊ ဒေါ်ခင်ဌေးကြွယ်ရယ် သုံးယောက် ဒီနေ့သွားပါ
တယ်။ ဒီနေ့ အမှုစစ်တဲ့ဆီကို ဝင်ခွင့်ရပါတယ်။ အမှုစစ်တဲ့နေရာမှာလည်း သက်သေ တယောက်စစ်ဖြစ်တယ်လို့ သတင်းရတယ်။ ဒီနေ့ပဲ။ နောက်တခုပြောစရာရှိတာက
မစုစုနွေးနဲ့ ဘိုဘိုဝင်းလှိုင်ကို တမှု၊ နောက်ဆုံးဖမ်းတဲ့ စာတမ်းကပ်တဲ့ကိစ္စပေါ့။ နောက် မစုစုနွေးတယောက်တည်းကို တမှုစွဲတယ်။ အဲဒါက ဘာကိစ္စလည်းဆိုတော့ အရင် သုံးလေးလလောက်တုန်းက အင်းစိန် စော်ဘွားကြီးကုန်းထိပ်မှာ လူအုပ်စုတွေဖမ်းသွား
တယ်။ မစုစုနွေးလည်း အဲဒီတုန်းက အတင်းဖမ်းတော့ ပါသွားပြီး တလလောက်
ထိန်းသိမ်းခံရပြီး ပြန်လွတ်လာတယ်။ ဘာမှလည်းမလုပ်ဘူး။ အခု အဲဒါကိုပါ တမှုတင်
တယ်။ အဲတော့ မစုစုနွေးအတွက်က နှစ်မှုပေါ့။ ဘိုဘိုဝင်းလှိုင်နဲ့တွဲလျက်တမှု၊ သူ့
တယောက်တည်း တမှု။

“နောက် ထူးခြားတဲ့အချက်တခုပြောချင်တာက ရုံးရှေ့မှာ မစုစုနွေးကို လက်ထိပ်ခတ်
ထားတယ်။ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေက တရားရုံးများလက်စွဲ ပြဋ္ဌာန်းချက်နဲ့
အညီ ဒါကိုကန့်ကွက်တယ်။ ရုံးရှေ့မှာ လက်ထိပ်ခတ်ထားခွင့်မရှိဘူး ဆိုတာကို တင်ပြ
တယ်။ တင်ပြတော့ ရုံးတော်က စဉ်းစားပြီး ခဏအကြာမှာ အမိန့်ချပြီး လက်ထိပ်ဖြုတ်
ပေးတယ်။ ဒါ ဒီနေ့ထူးခြားမှုပေါ့။

“ပထမ ဘိုဘိုဝင်းလှိုင်နဲ့အမှုကတော့ အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုတဲ့
၁၂၄(က)၊ သူက တသက်တကျွန်းဒဏ်ထိရှိတယ်။ နောက်တခုက ဝတ္တရားနှောင့်ယှက်
မှုထင်ပါတယ်။ ကျနော် အသေးစိတ်တော့ မမှတ်မိဘူး။ နောက် လူစုလူဝေးနဲ့
ဆောင်ရွက်တယ်ဆိုတဲ့ အမှုတမှုပါတယ်”
လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးတို့ကို ဒီနေ့ ရုံးထုတ်ခဲ့တဲ့အကြောင်း အန်အယ်လ်ဒီ
ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ရှင်းပြခဲ့တာပါ။

ဒီနေ့တရက်တည်းမှာပဲ ရန်ကုန်မြို့ မြောက်ဥက္ကလာပ တရားရုံးမှာလည်း သံဃာတော်
တွေရဲ့ မေတ္တာပို့ ကြွချီလှုပ်ရှားမှုနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံထားခဲ့ရတဲ့ သံဃာ
တော်တွေ၊ သီလရင်တွေကို ဒုတိယအကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ပါသေးတယ်။
ဒီနေ့တရားခွင်နဲ့ သံဃာတော်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အဲဒီတရားခွင်ကို
ရောက်ရှိခဲ့တဲ့ မျက်မြင်သက်သေတဦးက အခုလိုရှင်းပြပါတယ်။

“ဒီနေ့တရားခွင်အနေနဲ့ကတော့ သာသနာရေးဦးစီးမှူး မလာတဲ့အတွက် ၂၁ ရက်ကို ရုံးချိန်းပြန်ချိန်းလိုက်တယ်။ အားလုံး သံဃာက ၇ ပါးအပြင် နောက်ထပ် ၁ ပါးတိုးလို့
၈ ပါးပေါ့။ သီလရင်က ၇ ပါး။ စုစုပေါင်း ၁၅ ပါးပေါ့။ တပြိုင်တည်းပေါ့။ တပြိုင်တည်း
ဆိုတော့ သာသနာရေးဦးစီးဌာနက ဦးစီးအရာရှိ မလာတဲ့အတွက် နောက်ထပ် ရက်ချိန်းထပ်ယူလိုက်တယ်။

“စပြီးဖမ်းတုန်းကလည်း သာသနာရေးဦးစီးကနေပြီး သက်သေအဖြစ် လိုက်လာရ
တယ်။ အဲလိုလိုက်လာတဲ့အခါကျတော့ အခု နှစ်ချိန်းရှိပြီ မလာတာ။ ဒါနဲ့ ဆရာတော်
ကြီးဖြစ်တဲ့ ဦးအာရနာက ထောင်ဝဲစွဲနေတယ်။ ဒီတပတ်ကတော့ နည်းနည်း ဆွမ်းလာ
ကပ်တဲ့ အလှူရှင်တွေလည်းရှိတယ်။ ဆေးဝါးနဲ့ပတ်သက်လို့ လာကပ်တဲ့ အလှူရှင်တွေ
လည်းရှိတယ်”

အခုရုံးတင်စစ်ဆေးခံနေရတဲ့ သံဃာတော်တွေ၊ သီလရင်တွေကို သံဃာအယောင်
ဆောင်မှု၊ လောင်းကစားမှု၊ တရားမဝင် ဗွီဒီယိုခွေတွေ လက်ဝယ်တွေ့ရှိမှု စွပ်စွဲချက်
တွေအပါအဝင် ရာဇဝတ်ပြစ်မှုတွေနဲ့ အာဏာပိုင်တွေဘက်က တရားစွဲဆိုထားတာ
လို့လည်း ဆိုပါတယ်။

ပြီးခဲ့နှစ် စက်တင်ဘာလ သံဃာတော်တွေဦးဆောင်တဲ့ မေတ္တာပို့လှုပ်ရှားမှုမှာ ဖမ်းဆီး ထိန်းသိမ်းခံရသူတွေဟာ ထောင်နဲ့ချီပြီး ရှိခဲ့ပေမယ့် အဲဒီထဲက အများစုကို ပြန်လွှတ်
ပေးပြီးပြီလို့ မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကတော့ ခုချိန်ထိ ဖမ်းဆီး
မှုတွေ ရှိနေတုန်းပဲ၊ နိုင်ငံရေးအကျဉ်းသားတွေလည်း ထောင်နဲ့ချီပြီး မြန်မာပြည်မှာ
ရှိနေတုန်းပဲလို့ ပြောဆိုနေကြတုန်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG