သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဘက်ပေါင်းစုံက ပါဝင်ဖို့ လိုတယ်လို့ ကုလ အတွင်းရေးမှူးချုပ်ကဆို


မနေ့တုန်းက ကုလသမဂ္ဂမှာ မြန်မာ့အရေးနဲ့ပတ်သက်
ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Ban Ki-moon) ကမကထလုပ် ဖွဲ့စည်းထားတဲ့
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ
အဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အကြောင်းစုံ
ကို ကိုသားညွန့်ဦးက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲတွေ လုပ်တော့
မယ်လို့ စစ်အစိုးရက ကြေညာပြီးနောက်ပိုင်းမှာပဲ ကုလသမဂ္ဂဘက်မှာလည်း မြန်မာ့အရေးနဲ့ပတ်သက်
ပြီး ပြန်ပြီးတော့ ရုတ်ရုတ်သဲသဲ ဖြစ်လာတယ်လို့
ပြောရမှာပါ။ စစ်အစိုးရက ဆန္ဒခံယူပွဲလုပ်မယ်၊ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကြေညာပြီး နောက်မှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
က ဒီအပေါ်မှာ ထုတ်ပြန်ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။ ကုလသမဂ္ဂက အစဉ်
တစိုက်ပြောလာတဲ့ မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေကိုပါ ထည့်သွင်းဖို့ သူတို့တွေ့ဆုံဆွေးနွေးဖို့ဆိုတာကိုပဲ ထပ်လောင်းပြောခဲ့တာပါ။ အခုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မနေ့က
နယူးယောက်ခ် ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာ့အရေးမိတ်ဆွေများအဖွဲ့ ဆွေးနွေးပွဲကို
ခေါ်ယူခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုး
သမီး မစ်ရှဲမွန်းတပ်စ် (Michelle Montas) က အခုလိုပြောပါတယ်။

“ဒါဟာ ဒုတိယအကြိမ်ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံအရေးနဲ့
ပတ်သက်ပြီး အလွတ်သဘော ဖွဲ့ထားတဲ့အဖွဲ့ပါ။ လွန်ခဲ့တဲ့လအတန်ငယ်ကတော့ ပထမ အကြိမ်ဆွေးနွေးပွဲ လုပ်ဖြစ်ပါတယ်။ ဒါဟာ အလွတ်သဘောနဲ့ တံခါးပိတ်ဆွေးနွေးပွဲ သဘောဖြစ်ပါတယ်” လို့ ပြောခွင့်ရအမျိုးသမီး မစ်ရှဲမွန်းတပ်စ်က ပြောသွားတာပါ။

ဒီဆွေးနွေးပွဲမှာ မစ္စတာဘန်ကီမွန်းကိုယ်တိုင် သဘာပတိလုပ်ခဲ့ပြီး အတွင်းရေးမှူးချုပ်
ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် မစ္စတာအီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim
Gambari) လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးပြီးတဲ့နောက် မစ္စတာဂမ်ဘာရီအနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၁၈၊ ၁၉ မှာ တရုတ်နိုင်ငံကို သွားဖို့
ရှိပြီး အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတို့ကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ဘယ်တော့သွားနိုင်မလဲလို့ သတင်းထောက်တွေက မေးကြတော့ ပြောခွင့်ရအမျိုးသမီး မစ္စမွန်းတပ်စ်က မစ္စတာဂမ်ဘာရီရဲ့ မြန်မာနိုင်ငံခရီးစဉ် ရက်
အတိအကျ မသတ်မှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ မစ္စတာ
ဘန်ကီမွန်းအနေနဲ့ မနေ့ကပဲ အာရှနိုင်ငံခေါင်းဆောင်အချို့နဲ့ ဖုန်းဆက်ပြီး မြန်မာ့
အရေး ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ သူမက အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်အနေနဲ့ ဖုန်းအတော်များများ ဆက် ပြောဖြစ်ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်း ယူဟိုယူနို (Susilo Bambang
Yudhoyono) နဲ့ ဖုန်းစကားပြောတော့ အဓိကအကြောင်းနှစ်ရပ် ဆွေးနွေးပါတယ်။
ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကိစ္စနဲ့ မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးကြတာပါ။ မြန်မာ
စစ်အစိုးရက သူတို့ရဲ့လမ်းပြမြေပုံနဲ့ပတ်သက်ပြီး မကြာခင်က ကြေညာခဲ့တဲ့အပေါ်မှာ နှစ်ဖက်အပြန်အလှန် သဘောထားတွေ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ ဒီအခြေအနေ
ကိုလည်း ကုလသမဂ္ဂကနေ အနီးကပ်ကို စောင့်ကြည့်နေပါတယ်။ အတွင်းရေးမှူးချုပ်
အနေနဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ရော၊ အိန္ဒိယနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး
နဲ့ပါ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး ဖုန်းဆက်ဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်” လို့
ကုလသမဂ္ဂရဲ့ ပြောခွင့်ရအမျိုးသမီး မစ်ရှဲမွန်းတပ်စ်က ပြောသွားတာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအနေနဲ့ အခုလို မြန်မာနိုင်ငံကိစ္စကို အရေးတယူလုပ်တဲ့အချိန်မှာပဲ မြန်မာစစ်အစိုးရကတော့ နိုင်ငံတကာက တောင်းဆို
ထားတာတွေကို လျစ်လျူရှုပြီး သူတို့ရဲ့လမ်းပြမြေပုံကိုပဲ ဆက်ပြီးလုပ်သွားဖို့ ပြင်ဆင်
နေပါတယ်။ ကုလသမဂ္ဂရဲ့ အခုခြေလှမ်းတွေနဲ့ပတ်သက်လို့ တကယ်ပဲ ထိရောက်မှု
ရှိနိုင်ပ့ါမလားဆိုတဲ့ အယူအဆကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ
ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေများအဖွဲ့ စတင်ဖွဲ့ကတည်းက ကျနော်တို့
စိတ်ဝင်စားပါတယ်။ အဲဒီမိတ်ဆွေများအဖွဲ့အနေနဲ့က မြန်မာနိုင်ငံအရေးမှာ ကူညီနိုင်ဖို့
ဖွဲ့တယ်လို့ နားလည်တယ်။ အခုလိုအခြေအနေမှာ ဒီအဖွဲ့ကို အစည်းအဝေးခေါ်တယ်၊
ဒီအဖွဲ့ကနေ တိတိကျကျ မသိရသော်လည်း ဆောင်ရွက်ချက်များဟာ အခုမြန်မာနိုင်ငံ
မှာ လက်ရှိ နောက်ဆုံးဖြစ်ပေါ်နေတဲ့ မရေရာမှုတွေကို ချိုးဖောက်ပြီး ဆောင်ရွက်ပေး
နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်”

လုံခြုံရေးကောင်စီလိုမျိုးရှိထားပြီး မြန်မာနိုင်ငံအကြောင်းကိုလည်း လုံခြုံရေးကောင်စီ
မှာ ဆွေးနွေးနေလျက်နဲ့ တဖက်က မိတ်ဆွေများအဖွဲ့လိုဖွဲ့ပြီး ဆွေးနွေးနေတာနဲ့
ပတ်သက်လို့ အန်ကယ်တို့ ဘယ်လိုယူဆလဲ။ ဒါ ပိုပြီးတော့ ထူးခြားမယ်လို့ထင်လား။

“ကျနော်တို့တော့ ထူးခြားမယ်လို့ထင်တယ်။ မိတ်ဆွေများအဖွဲ့ဆိုတာ Think Tank လို
ဟာမျိုးပေါ့။ ဘာလုပ်ပါ၊ ညာလုပ်ပါဆိုတာထက် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်
ပေးနိုင်ဖို့၊ ဝိုင်းဝန်းအကြံပေးကြဖို့ ကျနော် ဒီလို သဘောပေါက်ပါတယ်။ ဒါကြောင့်
ဒီဥစ္စာဟာ အရေးပါတဲ့အဖွဲ့တခုလို့လည်း ကျနော်တို့ ယူဆပါတယ်”

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုနေတဲ့ လက်ရှိ မြန်မာနိုင်ငံ စစ်အစိုးရ
အနေနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ပါ၊ လက်ရှိလုပ်နေတဲ့ နိုင်ငံရေးလမ်းပြမြေပုံမှာလည်း နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးပါဝင်နိုင်အောင်
ကြိုးစားပါလို့ ပြောနေတဲ့ကြားထဲက စစ်အစိုးရက သူ့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို သူ့ဘာသာဆုံးဖြတ်ပြီး လုပ်နေတာ တွေ့ရပါတယ်။ အဲတော့ ကုလသမဂ္ဂရဲ့ဆောင်ရွက်
ချက်တွေက မထိရောက်ဘူးလို့ရော မပြောနိုင်ဘူးလား။ အခုအနေအထားက။

“ဟုတ်ကဲ့၊ ကျနော်တို့ ဇာတ်မသိမ်းသေးဘူးလေ။ အခု ကုလသမဂ္ဂက ဝင်ပါ
ဆောင်ရွက်တဲ့ကိစ္စရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ ကိစ္စ
ရယ်က ပြီးပြတ် ဇာတ်သိမ်းသွားတာ မဟုတ်သေးတဲ့အတွက် ကျနော်တို့ မျှော်လင့်စရာ
ရှိပါတယ်၊ လုပ်ငန်းလည်းရှိနေပါတယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်”

အခုဆိုရင် ကျနော်သတိထားမိသလောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရော မစ္စတာ ဂမ်ဘာရီရောက အာရှနိုင်ငံတွေကို သွားနေတာတွေ့ရပါတယ်။ အထူးသဖြင့် တရုတ်
နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေ သွားနေတဲ့အခါကျတော့ ဒါတွေ
က ဘယ်လောက်အထိ ထိရောက်နိုင်မယ်လို့ ယူဆရလဲခင်ဗျ။ မြန်မာ့အရေးနဲ့
ပတ်သက်လို့။

“ကျနော်တို့ မြန်မာနိုင်ငံရဲ့အရေးဟာ တချို့ကပြောသလိုပေါ့၊ ပြည်တွင်းရေးပဲ၊ နိုင်ငံ
တကာနဲ့ သိပ်ပြီးမဆက်စပ်သလို ပြောနေကြတယ်။ တကယ့်လက်တွေ့မှာတော့ မြန်မာ
နိုင်ငံဟာ တရုတ်ပြည်နဲ့ရော အိန္ဒိယနဲ့ရော ဆက်စပ်ဘော်ဒါလိုင်းက အရှည်ကြီးပဲ။ အဲဒီလိုအခြေအနေမှာ ပတ်ဝန်းကျင်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အရေးဟာ ဆက်စပ်
လာမှာ၊ ထိခိုက်လာမှာ၊ အကျိုးသက်ရောက်လာမှာကို အထူးဂရုစိုက်မယ်လို့ ကျနော်
တို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ အခု ဆက်စပ်နိုင်ငံများကို အာရှမှာ အင်အားကြီးနိုင်ငံများကို ကုလသမဂ္ဂက ချဉ်းကပ်ဆောင်ရွက်ခြင်းဟာ အကျိုးကျေးဇူး
ရှိနိုင်တယ်လို့ ကျနော်တို့ ယုံကြည်နေပါတယ်”
အန်အယ်လ်ဒီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့ထဲမှာ သြစတြေး
လျ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊
အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်နဲ့ ဥရောပသမဂ္ဂတို့ ပါဝင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG