သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခံရ


မြန်မာစစ်အစိုးရက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ
လုပ်ဖို့ဆိုပြီး တဆင့်ပြီးတဆင့် တိုးသွားနေတာ အခု ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေလုပ်မယ်လို့
တဖက်မှာ ပြောနေပေမယ့် ဖမ်းဆီးထားတဲ့ ဒီမိုကရေစီ
သမားတွေကို ပြန်မလွှတ်ပေးတဲ့အပြင် အကျဉ်းချတဲ့
သက်တမ်းကိုပါ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ
ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း ဒီနေ့ပဲ နေအိမ်အကျယ်ချုပ်
သက်တမ်း ထပ်တိုးလိုက်ပါတယ်။ အကြောင်းစုံကို
ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မေ ၃၀ ဒီပဲယင်းတိုက်ခိုက်မှုကတည်းက နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထား
ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို အာဏာပိုင်
တွေက နေအိမ်အကျယ်ချုပ်သက်တမ်း နောက်ထပ်တနှစ် ထပ်တိုးလိုက်တယ်လို့ သိရ
ပါတယ်။ အာဏာပိုင်တွေက အခုလို သက်တမ်းထပ်တိုးလိုက်တဲ့အကြောင်း ထိန်းသိမ်း
ခံနေရတဲ့နေအိမ်မှာ ဒီကနေ့မှာပဲ လာရောက်အကြောင်းကြားသွားခဲ့တာလို့
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့လည်း အဲလိုပဲသတင်းကြားတယ်။ ညနေ ၆ နာရီလောက်က လာပြီးတော့
Extension တိုးတာကို လာဖတ်ပြသွားတယ်လို့ကြားတယ်။ ကျနော်တို့ သတင်းကြားပဲ
ရှိသေးတယ်။ တိုက်ရိုက်ကွန်တက်တော့ မရှိသေးဘူး”

အသက် ၈၁ နှစ်အရွယ်ရှိပြီး နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဦးတင်ဦးဟာ ကျန်းမာ
ရေးအခြေအနေဟာလည်း သိပ်မကောင်းလှဘူးလို့ သိရပါတယ်။ ဦးတင်ဦးရဲ့ ကျန်းမာ
ရေးအခြေအနေနဲ့ပတ်သက်လို့ သားဖြစ်သူ ကိုသန့်စင်ဦးက အခုလိုပြောပြပါတယ်။

“ကျန်းမာရေးအခြေအနေက ကျနော်သိသလောက် အရင်တုန်းက ကျောက်ကပ်မှာ အကျိတ်တည်တာရှိတယ်။ အသက် ၈၁ နှစ်ဆိုတော့ လူကြီးအရွယ်ရောက်လာတာနဲ့
အမျှ သူ့မှာ ခန္ဓာကိုယ် ဟိုနေရာချို့ယွင်း၊ ဒီနေရာချို့ယွင်းတာတွေတော့ ရှိပါတယ်”

တကယ်တော့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင်တချို့ကို ၂၀၀၃ မေ ၃၀ ဒီပဲယင်းတိုက်ခိုက်မှုနောက်ပိုင်းကတည်းက ဖမ်းဆီးခံထားရာကနေ ပြန်လည်လွတ်မြောက်စေဖို့ ဥပဒေကြောင်းအရ ဆောင်ရွက်
မှုတွေ ရှိပေမယ့်လည်း အာဏာပိုင်တွေက အမြဲလို လျစ်လျူရှုနေခဲ့တာလို့
အန်အယ်လ်ဒီ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။
ဒါ့အပြင် ဦးတင်ဦး ဆက်လက်ထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့တဲ့အပေါ်မှာလည်း
ဦးဉာဏ်ဝင်းက အခုလိုပြောဆိုပါတယ်။

“ကျနော်တို့တွေ အမိန့်တိုင်းကို အယူခံဝင်ဖို့ကြိုးစားတယ်။ ဥပဒေမှာပေးထားတဲ့
အယူခံ။ အဲဒါကို အစိုးရက ဘာမှမတုံ့ပြန်ဘူး။ ကျနော်တို့ ရရှိသင့်တဲ့ အယူခံ အခွင့်
အရေးတွေကို လုံး၀ အသိအမှတ်မပြုဘူး။ ဥပဒေကို မလေးစားဘူးဆိုတာ ကျနော်တို့
တွေ့နေရတယ်။ ဒါပဲပြောချင်ပါတယ်”

တကယ်တော့ မြန်မာစစ်အစိုးရက နိုင်ငံရေးအခြေအနေတွေ တိုးတက်မှုတွေ ရှိနေ
တယ်၊ လာမယ့်မေလထဲမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေလုပ်မယ်၊ ရွေးကောက်ပွဲ
အသစ်တွေ လာမယ့် ၂၀၁၀ ခုနှစ်မှာ ပြန်ကျင်းပမယ်လို့ ပြောဆိုပြီး ရက်ပိုင်းအတွင်း
မှာပဲ အခုလို အတိုက်အခံ အန်အယ်လ်ဒီပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးကို
နောက်ထပ် သက်တမ်းတိုး ထိန်းသိမ်းဖို့ သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အခုလို နောက်ဆုံး ဦးတင်ဦးကို သက်တမ်းတိုးဖမ်းဆီးထားဖို့ အာဏာပိုင်တွေရဲ့
ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့တော့ ဦးတင်ဦးရဲ့ သားတဦးလည်းဖြစ်၊ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ (ဂျပန်ဌာနခွဲ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကိုသန့်စင်ဦးက …

“ဟိုတနေ့ကပဲ လက်ရှိစစ်အစိုးရ ကြေညာသွားတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ
ပြောင်းလဲမှုတွေ လုပ်မှာဖြစ်တဲ့အတွက် အမျိုးသားညီလာခံက ချမှတ်တဲ့ဟာကို
Referendum လုပ်မယ်၊ ရွေးကောက်ပွဲလုပ်မယ်လို့ပြောတယ်။ ဒါပေမယ့် အခု သူတို့
သွားနေတာက ပါးစပ်ကပြောတာနဲ့ လက်တွေ့လုပ်နေတာတွေက တခြားစီလို့ပဲ
ကျနော်မြင်တယ်။ ဘာကြောင့်လဲဆိုရင် အခုလို သက်တမ်းထပ်တိုးတာမျိုးကအစ အမျိုးသားရင်ကြားစေ့ရေးလုပ်မယ့်အစား တိုင်းပြည်မှာ အနုတ်လက္ခဏာဆောင်တဲ့
အသွင်မျိုးပဲ ဆက်ပြီးလုပ်နေတယ်လို့ ကျနော်တော့ မြင်ပါတယ်”

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ သားတဦးလည်းဖြစ်၊ အန်အယ်လ်ဒီ လွတ်မြောက်
နယ်မြေ (ဂျပန်ဌာနခွဲ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကိုသန့်စင်ဦး ပြောပြသွားတာပါ။

မြန်မာစစ်အစိုးရရဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ မကြာသေးခင်တုန်းက နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်
ကလည်း ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့ ဦးတင်ဦးကိုပါ ပါဝင်နိုင်ဖို့
အန်အယ်လ်ဒီဘက်က ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေဘက်က
ဦးတင်ဦးကို ပါဝင်ဆွေးနွေးခွင့် မပြုခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG