အင်္ဂါနေ့ကကျင်းပခဲ့တဲ့ မေရီလန်း၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန် ဒီစီက သမ္မတလောင်း အကြို ရွေးချယ်ပွဲ တွေမှာ အနိုင်ရ လိုက်တဲ့အတွက် ဒီမိုကရက်တစ်ပါတီက သမ္မတ ကိုယ်စားလှယ်လောင်း အထက် လွှတ်တော်အမတ် ဘားရက် အိုဘားမား အတွက် အဓိကကျတဲ့ အရှိန်အဟုန် တခုရသွားပါတယ်။ အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်နဲ့ သူတင် ကိုယ်တင် ရှိနေဆဲ ဖြစ်ပေမယ့် လာမယ့် အင်္ဂါနေ့မှာကျင်းပမယ့် ဝစ္စကွန်ဆင် ပြည်နယ်နဲ့ ဟာဝိုင်းအီးပြည်နယ် အကြိုရွေးချယ်ပွဲတွေမှာ အနိုင်ရ မယ့်အလားအလာ များနေတာကြောင့် သူရထားတဲ့ ကိုယ်စားလှယ်မဲ အရေအတွက် ထပ်တိုး လာဖို့ရှိတယ်လို့ ဗွီအိုအေသတင်း ထောက် Jim Malone က သတင်း ဆောင်းပါး ပေးပို့ ထားတာကို ဦးကျော်ကျော်သိန်းက တင်ပြပေးပါတယ်။
ဗာဂျီးနီးယားနဲ့ မေရီလန်းပြည်နယ်တွေမှာ မဲအရေအတွက်ရဲ့ ၆၄ ရာခိုင်နှုန်း၊ ၆၂ ရာခိုင်နှုန်းတွေနဲ့ အသီးသီးအနိုင်ရခဲ့တာကြောင့် အိုဘားမားရဲ့ အင်္ဂါနေ့ အောင်မြင်မှုတွေအပေါ် ကျွမ်းကျင်သူတွေ အံ့အားသင့်ခဲ့ကြရပါတယ်။
အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ အခိုင်အမာထောက်ခံမှုကို အိုဘားမားရခဲ့သလို အပြောင်းအလဲကို အာသာငမ်း ငမ်း တောင့်တနေတဲ့ နိုင်ငံမြို့တော်က ဒီလို မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကိုလည်း ရခဲ့တာပါ။
“ကမ္ဘာမှာ အပြောင်းအလဲကို ကျနော် မြင်ချင်နေတာပါ၊ ဒီ အကြိုရွေးချယ်ပွဲတွေဟာ အပြောင်းအလဲကို ဖော်ဆောင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်၊ အထူးသဖြင့်တော့ အီရတ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို ကိစ္စမျိုးတွေပေါ့ဗျာ။”
အခုဆိုရင် အိုဘားမားဟာ အကြိုရွေးချယ်ပွဲ ရှစ်ခုဆက်တိုက် ကလင်တန်ကို အနိုင်ရခဲ့ပါပြီ။ ဒါ့အပြင် အင်္ဂါနေ့ကျင်းပမယ့် ဝစ္စကွန် ဆင် ပရိုင်မာရီ အကြိုရွေးချယ်ပွဲနဲ့ ဟာဝိုင်းအီး ကော့ကပ်စ် အကြို ရွေးချယ်ပွဲတွေမှာ အနိုင်ရမှုတွေနဲ့အတူ တားဆီးလို့မရတဲ့ အရှိန်အဟုန်ကို တည်ဆောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။
“ဒါဟာ ကျနော်တို့တတွေ နောက်ကြောင်းပြန်ကြည့်မှာလား ရှေ့ကို ချီတက်မှာလားဆိုတာပါ။ ကျနော်သာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ခဲ့ရင် နိုဝင်ဘာလရွေးကောက်ပွဲမှာ ဒီနှစ်ခု အကြား ကျနော်တို့ ရွေးချယ်ကြရပါမယ်။”
ကလင်တန်အနေနဲ့ မတ်လ ၄ ရက်နေ့မှာကျင်းပမယ့် တက္ကဆက်စ်နဲ့ အိုဟိုင်းအိုး ပြည်နယ် ရွေးချယ်ပွဲ တွေမှာ အနိုင်ရအောင်လုပ်ပြီး အိုဘားမားရဲ့ အရှိန်အဟုန်ကို တားဆီးရမယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ပြောကြပါတယ်။ ပိုမိုသာလွန်တဲ့ စုဖွဲ့မှု အင်အားနဲ့ ပိုပြီး လူသိများ ထင်ရှားတဲ့ အချက်တွေကြောင့် ကလင်တန်ဟာ ပြည်နယ်ကြီးတွေမှာ အိုဘားမားထက် အခြေအနေ ပိုကောင်း ခဲ့ပါတယ်။
အိုဘားမားရဲ့ အပြောင်းအလဲခေါ်ဆိုသံကို သူ့ရဲ့ အတွေ့အကြုံကြွယ်ဝမှုနဲ့ တက္ကဆက်စ်ပြည်နယ် မဲဆွယ်စည်းရုံးပွဲတွေမှာ ကလင်တန်က ဆက်ပြီး အလေးအနက်ထား တန်ပြန်သွားပါလိမ့်မယ်။
“ကျမက ပြဿနာဖြေရှင်းသူပါ။ သမ္မတအဖြစ် စပြီးတာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာ ကတည်း က အင်္ကျီလက်ပင့်ပြီး အလုပ် စလုပ်နိုင်မယ့် သမ္မတမျိုးကို ကျမတို့ လိုအပ်နေတယ်လို့ ကျမ ယုံကြည်ပါတယ်။”
အိုဘားမား အခု ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကတော့ အိုဟိုင်းအိုး၊ တက္ကဆက်စ်နဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေက လာမယ့် ရွေးချယ်ပွဲတွေမှာ အမျိုးသမီးမဲတွေ၊ ဟစ်စ်ပန်းနစ်လူမျိုးတွေရဲ့ မဲတွေ၊ အလုပ်သမားလူတန်းစားရဲ့ မဲတွေ ပိုပြီးများများ ရအောင် လုပ်ဖို့ပါ။
ကိုယ်စားလှယ်မဲအရေအတွက်ကို ရရှိတဲ့ဆန္ဒမဲအရေအတွက်အရ အချိုးကျခွဲဝေတဲ့ ဒီမိုကရက်တစ် ပါတီရဲ့ စည်းမျဉ်းစည်းကမ်း ကြောင့် သိပ်မကြာခင်မှာ ကိုယ်စားလှယ်လောင်းတယောက်ယောက်က အပြတ်အသတ်အနိုင်ရဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။
ပရိုင်မာရီ ဒါမှမဟုတ် ကော့ကပ်စ် အကြိုရွေးချယ်ပွဲတခုခုမှာ ရှုံးသွားတယ်ဆိုပေမယ့် ကိုယ်စားလှယ် မဲအရေအတွက် အချိုးကျ ရတဲ့နည်းလမ်းကို ဒီမိုကရက်တစ်ပါတီက အသုံးပြုပါတယ်။ ရီပတ်ဘလီကန် ပါတီကတော့ နိုင်သူ အားလုံးယူူစတမ်း နည်းလမ်းကို အသုံးပြုပါတယ်။
နောက်ဆုံးထွက်လာတဲ့ ခန့်မှန်း ကိုယ်စားလှယ်မဲအရေအတွက်မှာ အိုဘားမားက နည်းနည်းသာ နေပါတယ်။ ကိုယ်စားလှယ် လောင်းနှစ်ယောက်စလုံးဟာ ကိုယ်စားလှယ်မဲအရေအတွက် အကြမ်းဖျဉ်း ၁,၂၀၀ ပတ်ဝန်းကျင်စီ ရထားကြပါတယ်။ စုစုပေါင်း ကိုယ်စားလှယ်မဲ ၂,၀၂၅ မဲ ရတဲ့ကိုယ်စားလှယ်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်လာမှာပါ။
ရီပတ်ဘလီကန်ပါတီဘက်မှာတော့ မေရီလန်း၊ ဗာဂျီးနီးယားနဲ့ ဝါရှင်တန် ဒီစီတို့မှာ အနိုင်ရလိုက်တဲ့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ ပိုနီးကပ်သွားပါပြီ။
နောက်ဆုံးခန့်မှန်းချက်အရ မက်ကိန်းဟာ ကိုယ်စားလှယ်မဲအရေအတွက် ၈၀၀ ကျော် ရနေပြီး ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတ လောင်းဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲအရေအတွက်ကတော့ ၁,၁၉၁ မဲဖြစ်ပါတယ်ခင်ဗျား။