သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်ရွှေတံဆိပ်ဆု ချီးမြှင့်ရန် အထက်လွှတ်တော်တွင် အဆို တင်သွင်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ Congressional Gold Medal လို့ခေါ်တဲ့ ကွန်ဂရက် လွှတ်တော်က ချီးမြင့်တဲ့ ရွှေတံဆိပ်ဆုချီးမြင့်ဖို့အတွက် အောက်လွှတ်တော်မှာ ထေက်ခံမဲ ၄၀၀၊ ကန့်ကွက်မဲမရှိနဲ့ ဆုံးဖြတ်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ဆီးနိတ် အထက်လွှတ်တော်မှာလည်း အလားတူ မဲခွဲဆုံးဖြတ်နိုင်ဖို့အတွက် ဆီးနိတ်လွှတ်တော်အမတ် ၇၅ ယောက်က အဆိုပြု တင်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဆီးနိတ်လွှတ်တော်မှာ အခု တင်သွင်းတဲ့ အဆိုပြုချက်ပြုချက်ကိုတော့ ဒီမိုကရက်ပါတီက ကာလီဖိုးနီးယား ပြည်နယ် အထက်လွှတ်တော်အမတ် Dianne Feinstein နဲ့ ရီပတ်ဘလီကန်ပါတီက Kentucky ပြည်နယ် အထက်လွှတ်တော် အမတ် Mitch McConnell တို့က ဦးဆောင် တင်သွင်းခဲ့ကြတာပါ။ ဒါ့အပြင် လက်ရှိ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထိပ်တန်းရောက်နေတဲ့ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ Hillary Clinton, John McCain နဲ့ Barak Obama တို့ကလည်း ဒီ အဆိုပြုချက်ကို ထောက်ခံထားကြပါတယ်။

အမေရိကန်ကွန်ဂရက်လွှတ်တော်က ပေးတဲ့ ဒီ ရွှေတံဆိပ်ဆုဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမြင့်ဆုံး ဆုဖြစ်ပြီး ဒီဆုကို ရဖက် အင်မတန်ခက်တဲ့အကြောင်း အမေရိကန်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ USCB အဖွဲ့က မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ကို မေးကြည့်ပါတယ်။

“ အမေရိကန် ကွန်ကရက်လွှတ်တော်ကပေးတဲ့ ရွှေတံဆိပ်က အမေရိကန်ပြည်ထောင်စုရဲ့အမြင့်ဆုံး ဂုဏ်ပြုမှုပေါ့။ ဒီဆုကို ပေးဖို့လည်း ခက်သလို ရဖို့လည်း ခက်ပါတယ်။ ဒီဆုက လွန်ခဲ့တဲ့ နှစ်ရာ သုံးဆယ့်နှစ် နှစ်ကာလကတည်းက စတင်ခဲ့တဲ့ဆုပေါ့။ ဒီဆုက ရဖို့ခက်တာ ဘာဖြစ်လို့လဲ ဆိုတော့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ သုံးပုံ နှစ်ပုံက ပူးတွဲတင်ပြမှ သက်ဆိုင်ရာလွှတ်တော်တွေက စဉ်းစားတယ်။ ပြီးတော့မှ မဲခွဲ ဆုံးဖြတ် ကြတယ်။ အောက်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် (၄၃၅) ယောက်ရှိတယ်။ အဲဒီထဲက အနည်းဆုံး (၂၈၀)ရဲ့ ထောက်ခံမှုကို ပူးတွဲတင်ပြမှသာလျှင် အောက်လွှတ်တော်က စဉ်းစားတယ်။ အလားတူပဲ အထက်လွှတ်တော်မှာ အထက်လွှတ်တော်အမတ် (၁၀၀)ရှိတယ်။ (၆၆)ယောက်က ပူးတွဲတင်ပြမှ ဒီအဆိုကို စဉ်းစားတယ်။ အခုတော့ အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နယူးယောက်က ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ် ဂျိုးဇက် ခရိုလီနဲ့ အီလီနွိုက်က ရီပတ်ဗလီကန် လွှတ်တော်ကိုယ်စားလှယ် ဒေါနယ် မန်ဇူးလိုတို့ ဦးဆောင်ပြီးတော့ တင်သွင်းခဲ့တာ ထောက်ခံမှု (၄၀၀)၊ ကန့်ကွက်မဲ မရှိနဲ့ အောက်လွှတ်တော်က အတည်ပြုပြီးသွားပြီ။”

ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်လိုက်ခြင်းအားဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ဘယ်လိုများ အထောက်အကူပြုနိုင်ပါသလဲ။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ ထင်ရှားတဲ့ ကြယ်တပွင့်ပေါ့ဗျာ။ ပြီးတော့ ဦးစီးဦးဆောင် ပုဂ္ဂိုလ်တဦးလည်း ဖြစ်တယ်လေ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို အခုလိုမျိုးအနစ်နာခံဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုရော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် ကြိုးစားပြီး မရပ်မနားတိုက်ပွဲဝင်ကြတဲ့ မြန်မာနိုင်ငံပြည်သူပြည်သားတွေကိုရော အမေရိကန် ပြည်ထောင်စုလွှတ်တော်က အမြင့်မားဆုံးနဲ့ ချီးမြှင့်တာပါပဲ။”

ဒီဆုကို သူတို့ ဘယ်တော့လောက် ပေးအပ်ဖို့ ဆုံးဖြတ်နိုင်ကြမလဲ။ ဒီဆုပေးပြီးတဲ့ နောက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်လာနိုင်ပါသလဲခင်ဗျ။

“အခုကတော့ အထက်လွှတ်တော်မှာ တင်သွင်းလိုက်ပြီးဆိုတော့ မကြာခင် အချိန်အတွင်းလောက် မှာပဲ မဲခွဲ ဆုံးဖြတ်ကြပါလိမ့်မယ်။ မဲခွဲရင်လည်း နိုင်ဖို့က သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူးတွဲ ကမကထပြု တင်သွင်းသူကြီးပဲ (၇၅)ယောက်ရှိတာကိုး။ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၁၀၀)ရှိတာမှာ (၇၅)ယောက်က အခုလိုမျိုး ကမကထပြုလုပ်တယ်ဆိုတော့ ဒီအဆိုပြုချက်ကို မဲခွဲရင် နိုင်ဖို့ သေချာသွားတယ်။ အထက်လွှတ်တော်မှာလည်း မဲခွဲ အတည်ပြုပြီးရင်တော့ သမ္မတက လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။ သမ္မတ လက်မှတ်ထိုးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ကွန်ကရက်လွှတ်တော်က ရွှေတံဆိပ်နဲ့ ချီးမြှင့်တဲ့ ကိစ္စက အတည်ပြုသွားနိုင်ပါပြီ။ အဲဒါပြီးရင်တော့ ဆုပေးပွဲ ဘယ်လို ကျင်းပမလဲပေါ့။ ဒါကို ဆက်စဉ်းစားကြရမှာပါ။ အခုထိကတော့ ဒေါ်အောင်ဆန်းစုကြည်မရှိသေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဆုကို တက်ပြီးတော့ မယူနိုင်တဲ့အချိန်မှာ ဒီဆုကို ဘယ်လိုမျိုး ကွန်ကရက်ကနေ ပေးမလဲဆိုတာ ဆက်ပြီးတော့ စဉ်းစားကြရမှာပါ။”

အမေရိကန်နိုင်ငံက ချီးမြှင့်တဲ့ ဆုတွေထဲမှာ အမြင့်ဆုံး ဆုဖြစ်တဲ့ ဒီ ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို လွန်ခဲ့တဲ့ ၁၇၇၆ ခုနှစ်က စတင် ချီးမြင့်လာခဲ့တာပါ။ ဒီဆုကို ပထမဆုံး ဆုရခဲ့တဲ့သူကတော့ အမေရိကန် လွတ်မြောက်ရေး တိုက်ပွဲအတွင်း ထူးထူးချွန်ချွန် လုပ်ဆောင်ခဲ့မှုတွေကြောင့် အမေရိကန်နိုင်ငံရဲ့ ပထမ သမ္မတဖြစ်တဲ့ George Washington က လက်ခံ ရရှိခဲ့ပါတယ်။ တခြား လက်ခံရရှိခဲ့သူ တချို့ကတော့ Thomas Edison, Sir. Winston Churchill, Robert Kennedy, Elise Wiesel, Mother Theresa, Nelson Mandela, Dr. Martin Luther King Jr. နဲ့ ဇနီးဖြစ်သူ Coretta Scott King, နဲ့ တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ ဖြစ်ကြပါတယ်။

စုစုပေါင်း ဒီဆုကို လက်ခံ ရရှိခဲ့သူ ၂၃၂ ယောက် ရှိခဲ့တဲ့အထဲမှာ အာရှတိုက်က ၁၉ ယောက် လက်ခံ ရရှိခဲ့ဘူးပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဆုကို လက်ခံရရှိတဲ့ အယောက်၂၀ ယောက်မြောက် အာရှတိုက်သား ဖြစ်လာမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG