သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဒိုမန်းရှာ လုပ်ကြံခံရမှုတွင် သဲလွန်စ တွေ့ရှိထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆို


မနေ့ညနေပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ ပစ်သတ်ခဲ့ကြတဲ့ လက်သည်တွေနဲ့ ပတ်သက်ပြီး သဲလွန်စတွေ ရနေပြီလို့ ထိုင်းလုံခြုံရေး ရဲအရာရှိတွေက ဒီကနေ့ပဲ ထုတ်ဖော် ပြောဆိုလိုက်ကြပါတယ်။ ဒီလုပ်ကြံမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အခြေအနေတွေကို ထိုင်းမြန်မာနယ်စပ် ဗွီအိုအေ မြန်မာပိုင်းဌာန သတင်းထောက် ဒေါ်အေးအေးမာက စုံစမ်းတင်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာကို သေနတ်နဲ့ပစ်ခတ်သွားခဲ့သူတွေ စီးသွားတဲ့ကားကို ထိုင်း မှုခင်းရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ မဲလမ မြို့နယ် ဝမ်းဖာရွာအနီးမှာ ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ပြောကြားပါတယ်။ မဲဆောက်မြို့နယ်က ရဲဗိုလ်မှူးကြီး ဖာဆဝဒ် တန်ကျိ က ထိုင်းလူမျိုးတစ်ဦး ပါတဲ့ကားကို ကရင် ဗုဒ္ဓဘာသာ အဖွဲ့ဝင်တွေက အမြဲတမ်းလိုလို ငှားရမ်းခဲ့တဲ့အကြောင်း အခုလို ပြောသွားပါတယ်။

“လူသတ်သမားလို့ ယူဆရသူတွေဟာ ညနေ ၃ နာရီကနေ ၅ နာရီအထိ ကားကို ငှားရမ်းခဲ့ပြီး ပြန်အပ်သွားတယ်။ နောက်ပိုင်းမှာတော့ မြန်မာပြည်ဘက်ကမ်းကို ကူးသွားတယ်။ အဲဒီကားက ထိုင်းအက္ခရာ ချော - ချန် - ထော် - ထန်း ၄၂၅ တိုရိုတာ အမျိုးအစား တံခါးလေးပေါက်ပါတဲ့ ကားအမဲရောင် ဖြစ်တယ်။ ဒီအတွက် ကားပိုင်ရှင်ဖြစ်သူကို စစ်ဆေးမေးမြန်းဦးမှာဖြစ်တယ်။ ဘယ်သူတွေနဲ့ သက်ဆိုင်သလဲ ဆိုတာကို ရဲဌာနက စုံစမ်းနေပါတယ်။”

ဒီကိစ္စဟာ ထိုင်းပိုင်နက်ထဲမှာ ဖြစ်ပွားသွားတဲ့အတွက် အမှုမှန်ကို စစ်ဆေးသွားမှာဖြစ်ပြီး လူသတ်သမားတွေကိုလည်း မြန်မာပိုင်နက်ထဲမှာ ရှိမယ်ဆိုရင် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်ဆိုပြီး ပြောကြားသွားပါတယ်။ အခုအခါမှာတော့ သိမ်းဆည်းလာတဲ့ကားကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက လက်ဗွေရာတွေနဲ့ သဲလွန်စတွေကို စစ်ဆေးနေပြီး အမှုမှန်ရဖို့အတွက် ဖော်ထုတ်သွားမယ်လို့ ပြောကြားနေပါတယ်။

ကားပိုင်ရှင်တွေကတော့ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ အဖွဲ့ဝင်တွေနဲ့ စီးပွားရေးလုပ်နေတဲ့ သစ်ကုန်သည်တွေလို့ သိရှိရပြီး ဒီကားကိုလည်း ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ဝင်တွေက အမြဲလိုလို ငှားရမ်းအသုံးပြုနေတယ်လို့လည်း မှုခင်းရဲတပ်ဖွဲ့က ပြောသွားပါတယ်။

ကေအဲန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းရက်ပိုင်းတွေအတွင်းကပဲ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်ဖွဲ့ဝင်တွေ ကေအဲန်ယူ တပ်မဟာ (၇) က ခွဲထွက် အဖွဲ့ဝင်တွေကြားမှာ ပစ်ခတ်မှုတွေ လုပ်ကြံမှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ရပြီး တစ်ဖက်နဲ့တစ်ဖက် တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ အခုလို ကေအဲန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး ပစ်ခတ်ခံရမှုကလည်း ကရင်အမျိုးသား အချင်းချင်းကြားမှာ တင်းမာမှုတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ဆက်တိုက်ဆိုသလို အခုလို အဖြစ်အပျက်တွေ ဖြစ်လာရခြင်းလည်း ဖြစ်ပါတယ်။ အဲဒီနောက်ကွယ်မှာတော့ စစ်အစိုးရဖက်က
ပါဝင်ပတ်သက်နေတယ်လို့လည်း ကေအဲန်ယူတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အခုဆိုရင် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ ပဒိုမန်းရှာရဲ့နေရာမှာ ကေအဲန်ယူရဲ့ တွဲဖက်အတွင်းရေးမှူး (၁) တာဝန်ယူထားတဲ့ ဗိုလ်မှူးတူးတူးလေး ကို တာဝန်ပေးအပ်လိုက်ပါပြီ။ ဒီလို တာဝန်ပေးအပ်ခံလိုက်ရမှုဟာ ဖွဲ့စည်းပုံအရ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူ စောဒေးဗစ် တာကပေါ က အခုလို ပြောပါတယ်။

“တာဝန်ပေးတယ်ဆိုတာက အစည်းအဝေးထိုင်ပြီးတော့ ဆုံးဖြတ်တာပဲ။ ဒီတာဝန်က တစ်ယောက်ယောက်တော့ ကိုင်ရမယ် မဟုတ်လား။ အဲဒီတော့ ထုံးစံအတိုင်း Constitution က အဲဒီလို ညွှန်းထားတာကိုး။ Constitution အတိုင်း ကျနော်တို့ လုပ်တာပါပဲ။ အထွေအထူးတော့ မဟုတ်ပါဘူး။”

ဗိုလ်မှူးတူးတူးလေးဟာ အရင်က ကာကွယ်ရေး ဒု-တာဝန်ခံ မဟာမိတ်ဆက်ဆံရေးနဲ့ တိုင်းရင်းသား လူမျိုးများ ကောင်စီရဲ့ မဟာဗျူဟာ လေ့လောရေး ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူဟာ ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်မှာ ငြိမ်းချမ်းရေးစကား ပြောဆိုဖို့အတွက် မြန်မာနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ နေစဉ်ကာလတုန်းက အစိုးရ အထက်တန်း ရှေ့နေတစ်ဦးအဖြစ်လည်း တာဝန်ယူ လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG