သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတချို့ ပေါ်ပေါက်


မြန်မာစစ်အစိုးရက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ လုပ်မယ်၊ ရွေးကောက်ပွဲ အသစ်တွေ ပြန်လုပ်ပေးမယ်ဆိုပြီး ကြေညာပြောဆိုတာကို ဆန့်ကျင်ကန့်ကွက်ဖို့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေက လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အခုဆိုရင်လည်း မြန်မာနိုင်ငံ နေရာတချို့မှာ ဒီလို အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က စုံစမ်းတင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ကြီးမှူးပြီး ကျင်းပပြီးဆုံးသွားတဲ့ အမျိုးသားညီလာခံက ထွက်ပေါ်လာတဲ့ အခြေခံဥပဒေ မူကြမ်းကို လာမယ့် မေလထဲမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ ကျင်းပပြီး အတည်ပြုဖို့၊ နောက် ၂၀၁၀ ခုနှစ်ကြရင် ရွေးကောက်ပွဲ အသစ်တွေ ပြန်လည်ကျင်းပပေးဖို့ ထုတ်ပြန် ကြေညာခဲ့ပြီးတဲ့နောက် ဒါကို ဆန့်ကျင်ကြဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဆော်သြမှုတွေ လုပ်ခဲ့ကြတာပါ။ ဒီလို လှုံ့ဆော်နေတဲ့ တချိန်တည်းမှာပဲ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု တချို့လည်း ထွက်ပေါ်နေတာပါ။ ဒီကနေ့ဆိုရင်လည်း မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စား လည်ပတ်တတ်တဲ့ နေရာတခုဖြစ်တဲ့ ပုဂံ-ညောင်ဦး ဒေသမှာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတခု ဖြစ်ခဲ့တယ်လို့ ဒေသခံ တဦးက အခုလို ပြောပြပါတယ်။

“ညောင်ဦးကနေ ပုဂံသွားတဲ့လမ်းမှာ အဲဒီ ကတ္တရာလမ်းပေါ်မှာပေါ့နော်။ Free Burma တို့၊ စစ်အစိုးရ ကျဆုံးပါစေ တို့၊ စစ်အစိုးရ လူထုဆန္ဒခံယူပွဲကို မထောက်ခံကြနဲ့ တို့ အဝါရောင် ဆေးတွေနဲ့ သုတ်ထားတယ်။

ပုဂံ-ညောင်ဦး ဒေသမှာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့အကြောင်း ဒေသခံတဦး ပြောပြခဲ့တာပါ။ ဘယ်သူတွေက ဒီလို လုပ်ဆောင်ခဲ့တာလဲ ဆိုတာကိုတော့ တိတိကျကျ မသိရပေမယ့် ဒါဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက အစိုးရက ကမကထလုပ် ကျင်းပဖို့ရှိတဲ့ နိုင်ငံရေး ဆောင်ရွက်ချက်တွေကို ဆန့်ကျင်ဖို့ လှုံ့ဆော်မှုတွေနဲ့ မရှေးမနှောင်း ဆိုသလိုပဲ ပေါ်ပေါက်လာခဲ့တာပါ။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပူးပေါင်းပြီး မကြာသေးခင်ကမှ သျှို့ဝှက် ဖွဲ့စည်းခဲ့တဲ့ လူထုလှုပ်ရှားမှုဖော်ထုတ်ရေး ကော်မတီ (အထက်မြန်မာပြည်) က သံဃာတော် တပါးကတော့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်းတွေကို အခုလို ပြောပြပါတယ်။

“ဒကာကြီး - အခု ပြည်သူလူထုတွေနဲ့ ပတ်သက်လို့ပေါ့ဗျာ။ ဒီ ပြည်သူလူထုတွေက ဘယ်လို ဖြစ်နေလဲဆိုတော့ စိတ်သာရှိပြီးတော့ ရှေ့ထွက်ဖို့က ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ရပ်တည်ဖို့ဆိုတာက သူတို့မှာ ဖိအားပေးခံရပြီး အကြောက်တရားတွေက သူတို့မှာ အမြဲရှိနေတယ်ခင်ဗျ။ အဲတော့ အဲဒီစိတ်တွေကို ပျောက်အောင် ဦးပဇ္ဇင်းတို့အနေနဲ့က လှုပ်ရှားဖို့ ဖွဲ့ပြီးတော့ ဒီလမ်းတွေကို ဦးပဇ္ဇင်းတို့ လုပ်လိုက်တာဖြစ်တယ်ခင်ဗျ။ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုတွေအနေနဲ့က ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပေါ့လေ။ မှန်ကန်တဲ့ဖက်ကနေပြီးတော့ ရပ်တည်ပေးဖို့ကလည်း ဦးပဇ္ဇင်းတို့အနေနဲ့ ဒါဟာ လူထုလှုပ်ရှားမှုကော်မတီကနေ ဒါကို လုပ်ရမှာပဲ။ အဲ - နောက်တစ်ခုက ဒကာကြီး ဒီပြည်သူလူထု အနေနဲ့က ဒီ နအဖရဲ့ မမှန်ကန်တဲ့ တရားနည်းလမ်းမကျတဲ့ ပုံစံတွေ ဖြစ်ခဲ့လို့ရှိရင် ပြည်သူလူထုအနေနဲ့ မှန်ကန်တဲ့ဖက်ကနေ ရပ်တည်ပေးဖို့အတွက် လုပ်ဖို့က ဒါ ဦးပဇ္ဇင်းတို့အနေနဲ့ တာဝန်ရှိတယ်လေ။ ဒါကြောင့်မိုလို့လည်း ဦးပဇ္ဇင်းတို့ ဒီ ဆန္ဒခံယူပွဲကို ဦးပဇ္ဇင်းတို့အနေနဲ့က ကန့်လည်းကန့်ကွက်တယ်ခင်ဗျ။ ဒါ ဦးပဇ္ဇင်းတို့က လုပ်ခဲ့ရင်လည်း လမ်းကြောင်းမှန်ဖြစ်ဖို့ ပြည်သူလူထုကို ဦးပဇ္ဇင်းတို့အနေနဲ့ တိုက်တွန်းမှာဖြစ်ပါတယ်။”

အလားတူ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာလည်း ပြုလုပ်သွားဖို့ ရည်ရွယ် ဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကြီးကြပ်ရေး အဖွဲ့က ကိုတေဇ ကလည်း အစိုးရက ကမကထလုပ် ကျင်းပမယ့် ဆန္ဒခံယူပွဲတွေကို လက်မခံကြဖို့ နှိုးဆော်မယ်လို့ ပြောပါတယ်။

“မေလမှာလုပ်မယ့် ဒီ ဆန္ဒခံယူပွဲဆိုတာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေလည်း မပါ၊ တိုင်းရင်းသားခေါင်းဆောင်တွေလည်း မပါ၊ ပြီးတော့ ဒီ နိုင်ငံရေးခေါင်းဆောင်တွေလည်း မပါဘဲနဲ့ သူတို့ အမျိုးသားညီလာခံကို အတင်းအကြပ် လုပ်ထားတာလေ။ အမျိုးသားညီလာခံဆိုတာကလည်း ဝေဖန်လို့ရှိရင် ဒီ ၅/၉၆ နဲ့ ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရမယ်ဆိုပြီးတော့ အမိန့်ထုတ်ပြီးတော့ အမျိုးသားညီလာခံကို အောင်မြင်အောင် ကျင်းပတယ်။ အဲဒီက ထွက်လာတဲ့ အခြေခံဥပဒေကိုပဲ ဒီ ၅ လပိုင်းမှာ အနီးကပ် အမြန်ဆုံး ကပ်ပြီးတော့လုပ်တယ်။ ၅ လပိုင်းကျရင် ဆန္ဒခံယူပွဲ လုပ်မယ်။ ဒီကိစ္စဟာ မတရားဘူးခင်ဗျ။ မတရားဘူး ဆိုတာက ဘယ်လိုလဲ ဆိုလို့ရှိရင် ဝေဖန်လို့လည်း မရတဲ့ကိစ္စတစ်ခုကို သူတို့ဖက်ကနေ အတင်းအကြပ် လုပ်လာလိမ့်မယ်လို့ ထင်တယ်လေ။ ယုံကြည်တယ်။ ပြည်သူတွေကို အတင်းအကြပ် ထောက်ခံခိုင်းဦးမယ်။ ဒီကိစ္စကို ပြည်သူတွေအနေနဲ့ ထဲထဲဝင်ဝင် သိဖို့လိုတယ်လေ။ နိုင်ငံရေး ခေါင်းဆောင်တွေလည်း မပါဘူး၊ ဘယ်သူမှ မပါဘဲနဲ့ လုပ်ထားတဲ့ဟာက ဒါ စစ်တပ်ကို အာဏာသက်ဆိုးရှည်ဖို့အတွက်ပဲ လုပ်ထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်၊ အဲဒီဟာကို ပြည်သူလူထုအနေနဲ့ ကန့်ကွက်သင့်တယ် ဆိုတဲ့အကြောင်းကို လက်မခံနိုင်ဘူး ဆိုတဲ့အကြောင်းကို ပြည်သူတွေအနေနဲ့ သိအောင် ကျနော်တို့က လုပ်ရမယ်လေ။”

အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ့်အကြောင်း ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ ကိုတေဇ က ပြေပြခဲ့တာပါ။ မြန်မာစစ်အစိုးရကတော့ သူ့ရဲ့ နိုင်ငံရေးလမ်းစဉ်
မူဝါဒ (၇) ရပ် အရ နိုင်ငံရေးမှာ တိုးတက်မှုတွေ ရှိနေတယ်၊ အခုဆိုရင်လည်း နောက်ထပ် ခြေလှမ်းသစ်တွေ အဖြစ် အခြေခံဥပဒေကို အပြီးသတ် ရေးဆွဲရေး၊ ရွေးကောက်ပွဲ အသစ်တွေ ပြန်လည် ကျင်းပရေး ဆောင်ရွက်ဖို့ အချိန်ကာလ သတ်မှတ်ချက်တွေနဲ့ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ သက်ဆိုင်သူတွေ အားလုံးမပါဝင်ပဲ၊ ဒီမိုကရေစီ အနှစ်သာရတွေ မရှိပဲ ဒီလိုဆောင်ရွက်ဖို့ စီစဉ်မယ်ဆိုရင်တော့ အကျိုးမရှိနိုင်ဘူးဆိုပြီး သတိပေး ပြောဆိုမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG