သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဒိုမန်းရှာ လုပ်ကြံခံရမှု ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ


ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းကို လုပ်ကြံသတ်ဖြတ်သွားခဲ့တဲ့ သူတွေ အသုံးပြုခဲ့တဲ့ ပစ်ကပ် ကားကို ထိုင်းမြန်မာနယ်စပ်အနီးမှာ ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ညနေပိုင်းမှာ သေနတ်သမား သုံးဦးက အဲဒီကားနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ ပဒိုမန်းရှာလားဖန်းနေအိမ်ကို ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်ထိတော့ ပဒိုမန်းရှာလားဖန်းကို လုပ်ကြံသတ်ဖြတ်သူက ဘယ်သူဖြစ်တယ်၊ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ လုပ်ကြံသတ်ဖြတ်သူတွေဟာ ကရင်လို ပြောဆိုနုတ်ဆက်ခဲ့တဲ့ လူငယ်အရွယ်တွေ ဖြစ်တယ်လို့တော့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဖေဖေါ်ဝါရီလ ၁၅ရက် သောကြာနေ့က ရှာဖွေတွေရှိခဲ့တဲ့ အဲဒီပစ်ကပ်ကားဟာ ထိုင်းလူမျိုးတစ်ဦးပိုင်တဲ့ ကားဖြစ်ပြီး အဲဒီကားကို ကရင်ဗုဒ္ဓဘာသာ အဖွဲ့ဝင်တွေက အမြဲတမ်း လိုလို ငှားစီးနေကျဖြစ်တယ်လို့ ထိုင်းရဲအရာရှိတွေက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ပဒိုမန်းရှာဟာ မြန်မာစစ်အစိုးရနဲ့ ကေအန်ယူကြား ငြိမ်းချမ်းရေး စေ့စပ်ပြောဆိုမှုတွေမှာ သဘောထားတင်းမာ ပြတ်သားသူဖြစ်တယ်။ မြန်မာစစ်အစိုးရကိုယ်တိုင်ကလည်း မြန်မာနိုင်ငံထဲမှာ ပြဿနာတွေဖြစ်ပွားတိုင်း မကြာခဏဆိုသလို သူ့ကို အပြစ်တင် စွပ်စွဲပြောဆိုတတ်တာမျိုးတွေ ရှိတာကြောင့် မလိုမုန်းထားမှုတွေဟာလည်း လုပ်ကြံမှုရဲ့ အကြောင်းရင်းခံတွေ ဖြစ်မယ်လို့ ယူဆမှုတွေ ထွက်ပေါ်နေပါတယ်။

ပဒိုမန်းရှာလားဖန်းဟာ ၂၀၀၀ ခုနှစ် ကတည်းက အထွေထွေ အတွင်းရေးမှူး အဖြစ်နဲ့ ကေအန်ယူအဖွဲ့မှာ တာဝန်ထမ်းခဲ့သူဖြစ်ပြီး၊ မြန်မာ့ အတိုက်အခံ နိုင်ငံရေးလောကမှာ နာမည်ကြီး ထင်ရှားတဲ့သူ၊ ဟိတ်ဟန်၊ ဝင့်ဝါမှုကင်းမဲ့ပြီး ရိုးသားအေးဆေးတဲ့သူလို့ နာမည်ကြီးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG