သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာပဋိပက္ခ စေ့စပ်ညှိနှိုင်းမှု တိုးတက်မှုတွေ ရှိပေမယ့် ခက်ခဲတဲ့အဆင့်တွေ ကျန်နေဆဲ


ကင်ညာနိုင်ငံရဲ့ ဆွေးနွေးပွဲတွေမှာ ကြားဝင် စေ့စပ်ပေးနေတဲ့ အဓိက အကြီးအကဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan) က ကင်ညာအစိုးရနဲ့ အတိုက်အခံတွေအကြား ပဋိပက္ခတွေ ဖြေရှင်းရေး အဖြေရှာနိုင်ဖို့ ခက်ခဲတဲ့ အဆင့်တွေ ကျန်နေသေးတယ်လို့ ပြောပါတယ်။ အငြင်းပွားခဲ့တဲ့ ဒီဇင်ဘာလ ရွေးကောက်ပွဲအပြီး အကျပ်အတည်းတွေကို ဖြေရှင်းရေး ဆွေးနွေးနေကြတာပါ။ ဒါပေမယ့်လည်း အပေးအယူ ဆွေးနွေးညှိနှိုင်းမှုတွေကတော့ အဆုံးသတ်သွားပြီလို့ ပြောပါတယ်။

သုံးပတ်ကြာ စေ့စပ်ဆွေးနွေးပွဲတွေအပြီး မနေ့က သောကြာနေ့မှာ ကိုဖီအာနန်က အခုလို ပြောလိုက်တာပါ။ ဗွီအိုအေ သတင်းထောက် စကော့တ် ဘော့ဘ် (Scott Bobb) နိုင်ရိုဘီက ပေးပို့တဲ့ သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ကင်ညာနိုင်ငံ အစိုးရနဲ့ အတိုက်အခံတွေ အကြား စေ့စပ်ဆွေးနွေးမှုတွေဟာ ခိုင်ခိုင်မာမာ တိုးတက်မှုတွေ ရှိလာခဲ့ပြီလို့ ပြောပါတယ်။ ကင်ညာရဲ့ နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်အောင် အဖြေရှာဖို့ လေးမျက်နှာပါတဲ့ သဘောတူညီချက်ကို အစိုးရနဲ့ အတိုက်အခံတွေ လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ ပြောပါတယ်။

သဘောတူညီချက်တွေမှာ အငြင်းပွားခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ ကောက်မရှင် တစ်ရပ် ဖွဲ့စည်းပြီး ပြန်လည် သုံးသပ်စစ်ဆေးဖို့ ပါဝင်ပါတယ်။ ဒီရွေးကောက်ပွဲကိစ္စ အခြင်းများပြီး ပြီးခဲ့တဲ့ သီတင်းပတ် ခြောက်ပတ်အတွင်း လူတွေ သေဆုံးစေခဲ့တဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့တာပါ။

“အခု ကော်မတီကို ဖွဲ့စည်းပြီးရင် ၂၀၀၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲကို ဘက်ပေါင်းစုံ၊ ရှုဒေါင့်စုံက စုံစမ်းစစ်ဆေးဖို့ တာဝန်ယူပါလိမ့်မယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို တိုးတက်အောင် ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာတွေကို အဆိုပြုချက်တွေ ထောက်ခံတင်ပြပါလိမ့်မယ်။”

ကော်မရှင်ဟာ ကင်ညာနိုင်ငံသားတွေနဲ့ ကင်ညာနိုင်ငံသား မဟုတ်တဲ့ ကျွမ်းကျင်သူတွေနဲ့ ပါဝင်ဖွဲ့စည်းမှာ ဖြစ်ပြီး တရားရေးနဲ့ မသက်ဆိုင်တဲ့အဖွဲ့လို့ မစ္စတာ အာနန်က ပြောပါတယ်။ ကင်ညာ နိုင်ငံသားတွေအနေနဲ့ လူပေါင်း ၁,၀၀၀ လောက် သေဆုံးခဲ့ပြီး ၃၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို သိခွင့်ရှိတယ်လို့လည်း ပြောပါတယ်။ မဲတွေကို ပြန်ပြီး ရေတွက်တာ သမ္မတ ရွေးကောက်ပွဲကို ပြန်ပြီး ကျင်းပတာတွေကတော့ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ စေ့စပ်ညှိနှိုင်းသူတွေက လက်ခံထားကြပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စည်းလုံးရေးအတွက် နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့လိုတယ် ဆိုတာကိုလည်း စေ့စပ်ညှိနှိုင်းသူတွေက သဘောတူ ထားတယ်လို့ မစ္စတာ အာနန်က ပြောပါတယ်။

“ပြဿနာတွေရဲ့ အဖြေကို ရှာတာက လက်ရှိ တိုင်းပြည်မှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံ အကြောင်းရင်းကို ဆွေးနွေးတာ ဖြစ်တယ်။ ဝန်ကြီးဌာနတွေကို ခွဲဝေရယူတာမျိုး မဟုတ်ဘူး ဆိုတာကိုလည်း ပါတီအဖွဲ့အစည်းတွေက နောက်ထပ် လက်ခံသဘောတူထားကြပါတယ်။”

ရေရှည် အဖြေရှာနိုင်ဖို့ အရေးကြီးတဲ့အကြောင်းလည်း မစ္စတာ ကိုဖီအာနန်က ပြောပါတယ်။ အဖြေရှာရေးထဲမှာ ကင်ညာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ လုံခြုံရေး တပ်ဖွဲ့တွေကို ပြည့်ပြည့်စုံစုံ ပြုပြင်ပြောင်းလဲဖို့လည်း
ပါဝင်တယ်လို့ သူက ပြောပါတယ်။ ဒီအထဲမှာ စစ်မှန်တဲ့ အမျိုးသားပြည်လည် သင့်မြတ်ရေး ကော်မရှင် ဖွဲ့စည်းတာနဲ့ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူ အပြစ်ပေးတာတွေလည်း ပါဝင်ပါတယ်။

အစိုးရနဲ့ အတိုက်အခံ နှစ်ဖက်စလုံးက သူတို့ခေါင်းဆောင်တွေနဲ့ လာမယ့်ရက်တွေမှာ တိုင်ပင် ဆွေးနွေးမယ်လို့ မစ္စတာ အာနန်က ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ အပြီးသတ်ဆောင်ရွက်ဖို့ စနစ်ပုံစံတစ်ခု တီထွင် သတ်မှတ်ရေး လာမယ့် အဂါၤနေ့မှာ သူနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြန်စမယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲတွေဟာ အစက နှစ်ပတ်လောက်ပဲ ကြာခဲ့မယ်လို့ တွက်ဆခဲ့ကြပေမယ့် မျှော်လင့်ထားတာထက် ပိုပြီး ကြန့်ကြာနေတဲ့အပေါ်မှာ သူ့အနေနဲ့ နားလည်မိပါတယ်လို့လည်း မစ္စတာ အာနန်က ပြောပါတယ်။

“အကြောင်းအရာတွေက ရှုတ်ထွေးမှုတွေ ရှိပါတယ်။ အပေးအယူလုပ် ညှိနှိုင်းဖို့ ဆိုတာက အခက်အခဲတွေ ရှိပါတယ်။ ဒါပေမယ့် ဒီအချိန်ဟာ တကယ့်ကို အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီဆိုတာကို ကျနော် အာမခံပြောချင်ပါတယ်။ ကျနော်တို့အခြေအနေက ရေစပ်မှာ ရောက်နေတဲ့ အခြေအနေမျိုး၊ နောက်ဆုံး ကြောက်စရာ အကောင်းဆုံးအဆင့်၊ အခက်ခဲဆုံး အခြေအနေကို ကျော်ဖြတ်ရပါလိမ့်မယ်။”

မစ္စတာ အာနန်ဟာ တနင်္လာနေ့မှာ သမ္မတ မွိုင် ကီဘားကီ (Mwai Kibaki) နဲ့ အတိုက်အခံ ခေါင်းဆောင် ရိုင်လာ အိုဒင်းဂါး (Raila Odinga) တို့ကို သီးခြားစီ တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ သူတို့ဖက်က စေ့စေပ်ညှိနှိုင်းနေတဲ့သူတွေကို အပေးအယူ သဘောတူညီချက်တွေ ချမှတ်နိုင်အောင် ညွှန်ကြားဖို့ တိုက်တွန်းနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

ကင်ညာရဲ့ စေ့စပ်ဆွေးနွေးမှုတွေကို ထောက်ခံပံ့ပိုးတဲ့အကြောင်း ပြသတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်ဟာ တနင်္လာနေ့ ကင်ညာကို ရောက်လာဖို့ ရှိပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ကင်ညာနိုင်ငံဆိုင်ရာ ကော်မရှင်နာမင်းကြီး အာဒမ် ဝုဒ် (Adam Wood) က ဗြိတိန်အနေနဲ့ သမ္မတ မွိုင် ကီဘားကီ အစိုးရကို အသိအမှတ် မပြုဘူးလို့ ပြောဆိုပြီး ဗြိတိန် နိုင်ငံဖက်က အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ စဉ်းစားနေတဲ့ သဘောမျိုး ရည်ညွှန်း ပြောဆိုခဲ့တာကိုတော့ ကင်ညာနိုင်ငံခြားရေး
ဝန်ကြီးဌာနက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဒီလို အရေးယူ ပိတ်ဆို့တာတွေ လုပ်လာရင် ကင်ညာ အစိုးရအနေနဲ့ လက်တုန့်ပြန်မယ်လို့တောင် သတိပေးပြောဆိုထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG