သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်သတင်းထောက် အသတ်ခံရမှု စုံစမ်းစစ်ဆေးရေး ဂျပန်အရာရှိတွေ မြန်မာနိုင်ငံကို သွားမည်


လွန်ခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲမှာ မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ရတဲ့ ဂျပန်သတင်းထောက် ခန်းဂျိနာဂါ့အိ ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးစုံးစမ်းမှုတွေ ပြုလုပ်ဖို့အတွက် ဂျပန်နိုင်ငံ အမျိုးသားရဲတပ်ဖွဲ့နဲ့ ဂျပန်နိုင်ငံခြားရေး
ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ရှေ့လာမယ့် အပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ အကြောင်းစုံကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

အခုလို ဂျပန်နိုင်ငံက သွားရောက်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်းအချက်တွေကို လျှို့ဝှက်မှုများ မရှိဘဲ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးနိုင်ရေး အတွက် ကမ်းလှမ်းချက်ကို မြန်မာနိုင်ငံက လက်ခံခဲ့ပါတယ်။

ဒီလို မြန်မာစစ်အစိုးရက လက်ခံလိုက်မှုအပေါ် ဂျပန်နိုင်ငံက သတင်းထောက် တဦးဖြစ်တဲ့ ဦးရွှေဘ ကတော့ အခုလို သုံးသပ်ပြပါတယ်။

“အခုအထိ မြန်မာအစိုးရက ဂျပန်အစိုးရ ထပ်ခါထပ်ခါ မေတ္တာရပ်ခံတာတွေကို အထက်ပိုင်းကို ပြောပြပါ့မယ် ဘာညာဆိုပြီး အဲသလို ဖြေလိုက်တာပေါ့နော်။ ဒါပေမယ့် ဒီတခါ အဖွဲ့ကို လက်ခံလိုက်တယ် ဆိုတော့ ဒါက ကျနော့အထင်၊ မေလမှာကျင်းပဖို့ ပြည်သူ့ဆန္ဒခံယူပွဲ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အဲဒါနဲ့လည်း ပတ်သက်ဖို့ ရှိပါတယ်။ အခုလောလောဆယ် သူတို့ စစ်အစိုးရက သူတို့ အစီအစဉ်အတိုင်း၊ သူတို့ပြောနေတဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ရေးအတွက် ဆက်လုပ်ဖို့ရှိတယ် ထင်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်တာကို ရှောင်ဖို့ဆိုပြီးတော့ ဒီတခါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံတယ်လို့ ကျနော် ယူဆပါတယ်။ ဒါ ဆက်နွယ်မယ်လို့ အခုကျနော် ယူဆပါတယ်ခင်ဗျား။”

ဂျပန်သတင်းထောက် ခန်းဂျိနာဂါ့အိ ဟာ စက်တင်ဘာ အရေးအခင်းကာလ သတင်းမှတ်တမ်း ရိုက်ကူးစဉ် မြန်မာစစ်အစိုးရ လုံခြုံရေးတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာပါ၊ ဂျပန် ရဲထောက်လှမ်းရေးဖက်ကတော့ ခန်းဂျိနာဂါ့အိဟာ အနီးကပ် ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ စုံစမ်းထုတ်ဖော် ပြောဆိုခဲ့ပြီး မြန်မာစစ်အစိုးရဖက်ကတော့ ဒီပစ်ခတ်ခံရမှုဟာ မတော်တဆ ဖြစ်ပွားရတာဖြစ်ပြီး ခန်းဂျိနာဂါ့အိဟာ တရားဝင် သတင်းထောက်ဗီဇာနဲ့ မြန်မာပြည်ထဲကို ဝင်ရောက် လာတာမဟုတ်ဘဲ သာမန် ခရီသွားဧည့်သည် ဗီဇာနဲ့ ဝင်ရောက်လာတာ ဖြစ်တယ်လို့ ဖြေရှင်း ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG