သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဆန္ဒခံယူပွဲအတွက် မြန်မာစစ်အစိုးရ ပြင်ဆင်၊ ပြည်သူအကြား စည်းရုံးရေး ဆင်း


မြန်မာစစ်အစိုးရက မေလထဲမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီးတော့ ၂၀၁၀ ခုနှစ်ကျရင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ ဆန္ဒခံယူပွဲတွေမှာ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရဖို့ မြို့နယ်၊ ရပ်ကွက် အာဏာပိုင်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေက အခု စည်းရုံးရေးတွေ ဆင်းနေတယ်လို့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မြို့ခံတွေက ပြောနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်ခင်မျိုးသက် စုံးစမ်း တင်ပြထားပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ ရပ်ကွက် ရရက နဲ့ ကြံံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က ရပ်ကွက်ထဲမှာ အစည်းအဝေး ခေါ်ယူတာတွေ၊ ပြည်သူ့ဆန္ဒ မေးမြန်းတာတွေ လုပ်နေတယ်လို့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မြို့ခံတွေက ပြောတာပါ။ ဒါ့အပြင် အရင်လိုမဟုတ်ဘဲ စစ်ကြောင်းဆင်းတဲ့ပုံစံနဲ့ စည်းရုံးရေးအတွက် ဆင်းတယ်လို့လည်း အခုလို ပြောပါတယ်။

“စည်းရုံးရေး စစ်ကြောင်းလို ဆင်းလာတဲ့ပုံစံကတော့ ပြည်သူတွေရဲ့ မေတ္တာရင်ငွေ့ကို ခိုလုံတဲ့သဘောပါ။ မှတ်ပုံတင်မရှိရင် မှတ်ပုံတင် လုပ်ပေးတယ်။ ပြည်သူတွေရဲ့ အခက်အခဲကိုပေါ့နော်။ ဆိုင်ကယ် လိုင်စင် လုပ်ပေးတယ်။ လယ်ယာမှာ၊ ရပ်ရွာထဲမှာ ဖြစ်နေတာလေးတွေ တင်ပြပေါ့။ အဲဒါပဲ။ စစ်ကြောင်းက သိပ် ကြီးကြီးမားမား ဆောင်ရွက်ပေးတာတော့ မရှိဘူးလေ။ နောက်တခါ ဘာလဲဆိုတော့ ဟိုတုန်းက မှတ်ပုံတင်ဆိုရင် ရုံးကို သွားရတာပေါ့လေ၊ မြို့နယ်ရုံးကို သွားရတာပေါ့။ မှတ်ပုံတင်ဆိုရင် လေးငါးခြောက်လ အဲဒီလို ကြာတာပေါ့။ အခု အဲဒီလို မကြာဘူး။ ညနေခင်းကို အကုန်လုံး ဓါတ်ပုံတွေဘာတွေရိုက်၊ အကုန်လုံး လုပ်ပေးပြီးတော့ နှစ်ပတ်လောက်နေရင် အကုန်လုံး ပြန်ရောက်လာတာပဲ။ သန်းကောင်စာရင်း မရှိတာတွေကို ရှိအောင်ဆိုပြီးတော့ အကူအညီပေးတယ်။ အကုန်လုံး အကူအညီ ပေးတယ်။ အရင်တုန်းကတော့ ဒါတွေကို ရရက က လုပ်ပေးတာပေါ့လေ။ ရရက ကနေ စာရင်းဇယားတွေကို မြို့နယ်ကို ယူသွား၊ ယူသွားပြီးတော့ တော်တော်နဲ့ ပြန်မကျတော့ သူတို့က ဘိုးဘွားဘီဘင်တွေနဲ့ လိုက်ပြီး လုပ်ရအုံးမယ်။ မြို့နယ်၊ မြို့တွေကနေ ခရိုင် အဆင့်ဆင့် တင်ရတာပေါ့လေ။ အဆင့်ဆင့်တင်ပြီး အဆင့်ဆင့် ပြန်ကျမှ သူတို့ မှတ်ပုံတင်က ပြည်သူတွေလက်ထဲ ရောက်တာပေါ့။ အခုတော့ သူတို့က တိုက်ရိုက်သဘောမျိုးပေါ့။ ချက်ချင်းလက်ငင်း ဆင်းပြီး လုပ်တာပေါ့။ ချက်ချင်းလက်ငင်း ဆင်းလုပ်တော့ ပြည်သူတွေကလည်း ဝမ်းသာတာပေါ့။ လေးငါးရက်အတွင်း လုပ်လို့ရတာကိုး။ ကုန်ကျစရိတ်လည်း မရှိဘူး။ ဓါတ်ပုံဖိုးလေးပဲ ကုန်တာပဲ။ ကိုယ့်ဟာကိုယ် လုပ်မယ်ဆိုလို့ရှိရင် သောင်းနဲ့ချီ ကုန်တာပေါ့။ တစ်နေ့တစ်နေ့ သွားလိုက် စားစရိတ် သောက်စရိတ်နဲ့ အဲဒါနဲ့ပဲ လူတွေက စိတ်ပါးပြီး မသွားတော့ဘူး။ ဒီလို စစ်ကြောင်းဆင်းပြီး လုပ်တဲ့အခါကျတော့ မြန်တာပေါ့။ ဓါတ်ပုံဖိုး လေးငါးရာလောက်ပဲ ကုန်တယ်။”

အခုလို ပြည်သူ့မေတ္တာကို ရနိုင်ဖို့အတွက် အာဏာပိုင်တွေဖက်က ကြိုးစားနေတဲ့ စည်းရုံးရေးဆင်းနေတဲ့ ကျေးရွာတွေမှာ ပြည်သူလူထုရဲ့ စားဝတ်နေရေးဟာ သိပ်ကို ကြပ်တည်းနေတဲ့အပြင် အတော်လည်း စိတ်မချမ်းမြေ့ ဖြစ်နေကြပြီး အချိန်မရွေး ပေါက်ကွဲနိုင်တဲ့အနေအထားမှာ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဒီရွာမှာကတော့ ကျနော်တို့ ဆင်းရဲနေကြတာပဲ။ မတရား ဖိနှိပ်မှုတွေကြောင့် လုပ်ပိုင်ခွင့်တွေ မတရား ကျော်တယ်ပေါ့။ လူတွေက စိတ်ဆင်းရဲနေကြတာလေ။ အခု လယ်ယာမြေနဲ့ပတ်သက်တယ် ဆိုလို့ရှိရင်လည်းပဲ မစိုက်မနေရ၊ မစိုက်ရင် သိမ်းတယ်။ သူတို့ကျတော့ အဲဒီလယ် စိုက်လို့ရတဲ့ နေရာတွေမှာ အုတ်ဖြတ်တွေ လုပ်ထားကြတာကိုး။ အဲဒါတွေကိုကျတော့ ဘယ်သူမှလည်း လာမပြောဘူး။ ဘယ်သူမှလည်း လာမဖျက်ဘူး။ အဲ ပြည်သူတွေ လယ်မစိုက်ဘူးဆိုရင်တော့ မစိုက်တဲ့အတွက် လယ်သိမ်းမယ်၊ မဖြစ်မနေ လယ်သိမ်းမှာစိုးလို့ စိုက်ရရင်လည်းပဲ စိုက်ယုံပဲ ရှိတယ်။ အကျိုးအမြတ်တော့ မခံစားရတော့ဘူး။”

စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ပြည်သူတွေအနေနဲ့ မေလထဲမှာ ကျင်းပဖို့ စစ်အစိုးရက စီစဉ်နေတဲ့ ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး တိတိကျကျ ဘာတစ်ခုမှ မသိသေးကြတဲ့အပြင် အခုလို ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပေးတာဟာလည်း ပြည်သူတွေရဲ့ ဆန္ဒ တကယ့်အစစ်အမှန်ကို ရနိုင်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

“ပြည်သူ့ဆန္ဒခံယူပွဲ ဆိုရင်လည်း ပြည်သူတွေရဲ့ အစစ်အမှန်ကိုတော့ ဖော်ထုတ်လို့ရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဆလ တုန်းကတော့ သူက မဲပုံး ထောင်တာကိုး၊ ဒီအထဲပဲ ထည့်ဆိုတော့ ဒီထဲပဲ အကုန် ထည့်သွားကြတာပေါ့။ အခုလည်း တနည်းနည်းနဲ့ တနည်းတဖုံနဲ့တော့ အဲဒီ ပုံစံထဲကို ဝင်မယ်လို့ အောက်မေ့တာပဲ။ လွတ်လွတ်လပ်လပ်တော့ မဖြစ်နိုင်ပါဘူး။ ပြည်သူ့ဆန္ဒခံယူပွဲတွေ လုပ်ကြတယ်လေ။ ဟို ဘောလုံးကွင်းတို့၊ အားကစားကွင်းတွေကြီးတွေမှာ မနက်အစောကြီးတွေမှာ သူတို့ မဖြစ်မနေ တက်ရတယ်လေ။ ကြံ့ဖွံ့တွေ တက်ရင်ဘယ်လောက်၊ မတက်ရင် ဘယ်လောက် ဆိုပြီးလည်း တကမ္ဘာလုံးက သိနေပြီပဲ။ ထောက်ခံပါသလား ဆိုပြီးတော့ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းတို့ နယ်တွေ ဌာနဆိုင်ရာ အသီးသီးပေါ့လေ။ အကုန်လုံး ကွင်းလုံးပြည့် ဆိုတော့ လူပေါင်းက လေးငါးခြောက်သောင်း တစ်သိန်းနဲ့ချီပြီးတော့ လူထုဆန္ဒပြပွဲ လုပ်ကြတာကိုး။ အခုလည်း အဲဒီလိုပဲ လုပ်လိမ့်မယ်ထင်တယ်။ အားလုံး သဘောတူပါသလား။ ဒီလိုပဲ မတူလည်းတူ၊ တူလည်းတူရမှာပါပဲ။ တချို့ကလည်း အို - ပြီး ပြီးသွားတာပဲကွာ။ ဖြစ်ချင်ရာဖြစ်သွား ပြီးတာပဲတဲ့။ ဟုတ်တာမဟုတ်တာ ထားတဲ့။ တိတိကျကျ ဖြစ်သွားရင် ပြီးတာပဲတဲ့၊ ကိုယ်လည်း ဘာမှ လုပ်လို့ မရဘူးပေါ့။ မထူးဘူးပေါ့။ အကောင်အထည် ပေါ်သွားရင် ပြီးတာပါပဲတဲ့။ တချို့လူတွေ ပြောကြတဲ့ စကားသံလေးတွေ ကြားရတယ်။ တစ်ခုခု ဖြစ်သွားရင် ပြီးတာပဲပေါ့လေ။ အခုဟာက ဟိုဥပဒေလိုလို၊ ဒီဥပဒေလိုလိုနဲ့ ဝေတေတေ ဖြစ်နေတာကိုး။ ဟိုဖက်လိုလို ဒီဖက်လိုလိုနဲ့။ တစ်ခု တိတိကျကျ ဖြစ်သွားတာပေါ့လေ။ အဲဒီလိုသဘောမျိုးပေါ့။”

မေလထဲကျင်းပဖို့ စီစဉ်နေတဲ့ ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက မြို့ခံတစ်ဦးရဲ့ ဆန္ဒကို ပြောသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG